သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် သမိုင်းဝင် ကက္ကူဘုရားစေတီများ ပြုပြင်မှု ယခုနှစ်ကုန်ပိုင်း၌ ပြီးစီးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် သမိုင်းဝင် ကက္ကူဘုရားစေတီများ ပြုပြင်မှု ယခုနှစ်ကုန်ပိုင်း၌ ပြီးစီးမည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊  ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် မွေတော် ကက္ကူဘုရားတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် စေတီ ၁ဝ၃၈ ဆူကို ပြန်လည်ပြုပြင် လျက်ရှိရာ  ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြင်ဆင်မှုများ အားလုံး ပြီးစီးမည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
.
.
''စေတီတွေ ပြင်ဆင်မှုက တော်တော်လေး ပြီးနေပါပြီ။ ဒီနှစ်ကုန် ပိုင်းလောက်မှ ပြင်ဆင်မှု ပြီးနိုင်ပါတယ်။ အလှူရှင်တွေကလည်း ရှိပြီးသားပါ။ အမြန်ပြင်လို့တော့ မရဘူး။ ဘာလို့လဲဆိုတော့ ဘုရားက ရှေးဟောင်းပုံစံနဲ့ တူအောင် ပြင်ရတာ ဖြစ်တယ်''ဟု မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခွန်ကျော်စန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားအတွင်းရှိ စေ တီတော်များအနက် စေတီ ၁ဝ၃၈ ဆူ သည် ၂ဝ၁၆ ခုနှစ် ဧပြီလအတွင်းက လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင် နေခြင်းဖြစ်ကာ စေတီအကြီးတစ် ဆူကို ၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်၊ ၂ဝ၁၇ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ပြန်လည် ပြင်ဆင်ပြီးစီးကာ ထီးတော် တင်လှူနိုင်ခဲ့ကြောင်း သိရသည်။
.
အလားတူ ပြုပြင်ပြီး စေတီကြီးတစ်ဆူဖြစ်သည့် ဖောင်တော်ဆိုက် စေတီကိုလည်း ၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ၂ဝ၁၈ ခုနှစ်၊ မတ်လ ၁ ရက်တွင် ထီးတော်တင် လှူခဲ့ပြီး လက်ရှိတွင် စေတီငယ်များ ကို ပြုပြင်နေခြင်း ဖြစ်ကြောင်း သိရ သည်။
.
မွေတော်က္ကူဘုရား ပရိဝုဏ်တွင် စေတီတော်ပေါင်း ၂၄၇၈ ဆူရှိ သည့်အနက် ၂ဝ၁၆ ခုနှစ်က သဘာဝဘေးဒဏ်ကြောင့် ၁ဝ၃၈ ဆူ ပျက်စီးခဲ့ပြီး လက်ရှိတွင် ပြုပြင်ရန် ကျန်နေဆဲ စေတီတော်အဆူပေါင်း ၂၃၈ ဆူ ရှိကြောင်း ဂေါပကအဖွဲ့ထံ မှ သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats