စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အခြေစိုက်၊ လားဟူနှစ်ခြင်းခရစ်ယန်အသင်းတော်အတွင်းရေးမှူးမှ
“ဝ” အထူး ဒေသ (၂) တွင် ခရစ်ယာန်ဓမ္မအမှုဆောင်(၉၂)ပါးကို ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ဟိုတောင်း လားဟူကျမ်းစာသင်ကျောင်း
ကိုဖျက်ဆီးကာ ကျမ်းစာသင်ကျောင်းသား၊ ကျောင်းသူ ၄၁ ဦးကို ဖမ်းဆီးခေါ်ဆောင်၍ စစ်မှုထမ်းဆောင်စေသည့်ကိစ္စရပ်
များနှင့် ပတ်သက်၍ အမြန်ဆုံး လွတ်မြောက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ
နှစ်ခြင်းခရစ်ယာန်အသင်း ချုပ် အတွင်းရေးမှူး၊ လားဟူနိုင်ငံရေးပါတီများနှင့် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင်
လားဟူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး တို့ထံ မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဟု သိရသည်။
.
.
“လားဟူပါတီခေါင်းဆောင်ပိုင်းတွေကတော့ အခုလိုအကြမ်းဖက်နေချိန်မှာ
ပြောရတာအဆင်မပြေဘူးလို့ အကြောင်း ပြန်လာပါတယ်။ လာမယ့် အောက်တိုဘာ ၇ ရက်မှာ အသင်းတော်
ဓမ္မအမှုဆောင် ၄၀၀ ကျော်စုစည်းပြီး ဒုက္ခရောက်နေသူ တွေ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပွဲနဲ့
အလှူငွေပေးအပ်ပွဲ လုပ်ဖို့ရှိပါမယ်။ ပြေးလာတဲ့ လူတွေကလည်း ကံကောင်း လို့ အဖမ်းမခံရတာလို့ပြောကြပါတယ်။
သူတို့ကိုလည်း ထောက်ပံ့ဖို့ရှိပါမယ်”ဟု ကျိုင်းတုံ
လားဟူနှစ်ခြင်းအသင်းတော် အထွေထွေအတွင်းရေးမှူး ဒေါက်တာလာဇရုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာဖြေရှင်းပေးနိုင်ပါရန်
“ဝ” အထူးဒေသခေါင်းဆောင်များထံ ပြင်ပဆက်ဆံရေး
ဌာနမှတဆင့် စက်တင်ဘာလ ၂၅ ရက်က စာပို့ထားကြောင်း၊ ယခုချိန်အထိတော့ မည်သည့် ပြန်ကြားချက်မျှမရရှိသေး
ကြောင်း၊ ၎င်းတို့ခွင့်ပြုပါက ပန်ဆန်းဌာနချုပ်သို့ သွားရောက်ညှိနှိုင်းဆောင်ရွက်သွားရန်ရှိကြောင်း
၎င်းက ဆက်လက် ပြောကြားသည်။
.
ဒေါက်တာလာဇရုမှ မြန်မာနှစ်ခြင်းခရစ်ယန်အသင်းတော်သို့ ပေးပို့ သည့်
စက်တင်ဘာ ၂၅ ရက်စွဲပါစာတွင် ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ `၀` အထူးဒေသ အာဏာပိုင်များက
လားဟူနှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်သာသနာပိုင်နယ်မြေ မိုင်းပေါက် တွင် ခရစ်ယန်ဘုရားရှိခိုးကျောင်း
၅၂ ကျောင်းကို ချိတ်ပိတ်ကာ ၃ ကျောင်းကိုဖြိုချဖျက်ဆီးပြီး ဓမ္မအမှုဆောင် ၉၂ ဦးကို
ဖမ်းဆီးထိန်းသိမ်းထားရှိကာ ဟိုတောင်းကျမ်းစာသင်ကျောင်းမှ ကျမ်းစာသင်ကျောင်းသား/ကျောင်းသူ
၄၁ ဦးကို ဖမ်းဆီး ခေါ်ဆောင် စစ်မှုထမ်းစေသည်ဟု ဖော်ပြပါရှိသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီဗဟိုကော်မတီမှ
စက်တင်ဘာ(၆)ရက်တွင် ခရစ်ယန်ဘုရားကျောင်းများနှင့်ပတ်သက်သည့်ဖြေရှင်းချက်၊ သတိပေးစာထုတ်ပြန်ခဲ့ပြီး
“ဝ” အထူးပြင်ဆက်ဆံရေးဌာန၊ လားရှိုးတာဝန်ခံမှလည်း
ခေါ်ယူမေးမြန်းမှုများ ပြုလုပ်နေကြောင်း၊ ခွင့်ပြုချက်မရသော ဘုရားကျောင်းအချို့ကို ဖျက်သိမ်းမှု
ပြုလုပ်နေသည်ကို ကြားသိရကြောင်း၊ “ဝ” ပြည်ပြဋ္ဌာန်းဥပဒေကျော်လွန်ပြီး
အစွန်းရောက် မည်သည့်ဘာသာကိုမျှ ခွင့်မပြုကြောင်း ဖြေကြားထားခဲ့သည်။
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊
အပိုဒ် (၆) (စ)တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊
နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့်ပန်ဆန်း(ပန်းခမ်း)မြို့နယ် တို့အား ခရိုင် ၂ ခုဖွဲ့ပြီး`၀` ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ထားကြောင်း
ဖော်ပြပါရှိသည်။
.
ယခု လားဟူနှစ်ခြင်းခရစ်ယန်ဘုရားကျောင်းများ ဖြိုချက်ပိတ်သိမ်းအဖမ်းခံရသည့်
မိုင်းပေါက်နင့် ဟိုတောင်းမှာ `၀` အထူးသေသို့ မိုင်းလားမှ သွားရာလမ်းပေါ်တွင်တည်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan