မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှု တစေ့တစောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှု တစေ့တစောင်း



ရဲဘော်မြသိန်း (ဟိုပုံး)
.
မြန်မာအမျိုးသမီးများဟု ဆိုရာတွင် ပြည် ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် (၁၃၅)မျိုးသော တိုင်းရင်းသူ အသီးသီးတို့ကို ဆိုလိုခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ယောကျာ်းသား မဟုတ်သော တိုင်းရင်းသားများကို ဆိုလိုပါသည်။ ထိုအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို မြန်မာ့ယဉ်ကျေးမှု ရှုထောင့်မှ တင်ပြသွားမည် ဖြစ်ပါသည်။
.
.
ဤနေရာတွင် အမျိုးသမီး (မိန်းမသား) များ ကိုမှ တမင်ရွေးချယ်ပြီး တင်ပြရခြင်းမှာ အမျိုး သား (ယောကျာ်း)များသည် ဝတ်စားဆင်ယင်မှု ၌ အမျိုးသမီးများလောက် သရုပ်မပျက်ကြသော ကြောင့် ဟူ၍သာ ရိုးရှင်းစွာ ပြောဆိုလိုပါသည်။ ယောကျာ်းသားများ သရုပ်ပျက်ကြခြင်းမှာ အထိုက်အလျောက် ရှိနေကြသော်လည်း မိန်းမသားများ သရုပ်ပျက်ကြခြင်းမှာ များလည်းများပြား၊ အန္တရာယ်လည်းမကင်း၊ အရုပ်လည်းဆိုး၊ သင့်လည်း မသင့်တော် နောက်ဆုံး နိုင်ငံ့ပုံရိပ်ကိုပါ ထိ ခိုက်လာနေသောကြောင့် ယခုကဲ့သို့ တင်ပြရခြင်း ဖြစ်ပါသည်။
.
တကယ်ဆိုလျှင် ယောကျာ်းဖြစ်စေ မိန်းမ ဖြစ်စေ အဝတ်အစားများ ဝတ်ဆင်ကြရာတွင် ပထမရည်ရွယ်ချက်မှ အရှက်ကို ကာကွယ်ဖုံးလွှမ်းရန် ဖြစ်ပါသည်။ အရှက်ကို ဖြစ်စေ၊ ကိုယ်အင်္ဂါ ကြီးငယ်တို့ကို လုံခြုံစေရန် ဖြစ်ပါသည်။ ဒုတိယ ရည်ရွယ်ချက်မှာ အပူအအေးစသည့် ရာသီဥတုရန်မှ ကာကွယ်ရန် ဖြစ်ပါသည်။ တတိယရည် ရွယ်ချက်မှာ ပိုးကောင်မွှားကောင် စသည့်သေးငယ်သော အကောင်ကလေးများမှအစ ကြီးမား သော အကောင်များအထိ ၎င်းတို့၏ ထိတွေ့မှုများ မှ ကင်းဝေးရန် ဖြစ်ပါသည်။ ကျောက်ခေတ်မှ ယ နေ့အထိ ကမ္ဘာ့လူသားအသီးသီးတို့သည် သတိထားမိသည် ဖြစ်စေ၊ သတိမထားမိသည် ဖြစ်စေ ဤသို့ပင် ဝတ်ဆင်လာခဲ့ကြပေသည်။ သူ့နိုင်ငံ၊ သူ့ရေမြေ၊ သူ့အခြေအနေနှင့် သူတို့ယဉ်ကျေးမှု တွေအရ ဖြစ်ကြပါသည်။
.
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ကျောက်ခေတ်၊  တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်၊ ရတနာပုံ၊ ကိုလိုနီနှင့် လွတ်လပ်ရေးခေတ်မှအစ ယနေ့ခေတ် အထိ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် ဝတ်စားဆင်ယင် ဖြတ်သန်းလာခဲ့ကြပါသည်။ ထိုသို့ ဝတ်စားဆင် ယင်ကြရာတွင် ရှင်ဘုရင်များ၊ မိဖုရားများ၊ မင်းညီမင်းသားများ၊ နန်းတွင်းသူ နန်းတွင်းသားများ မှူးကြီးမတ်ရာများ၊ စာဆိုတော်များ သဘင်သည် များ၊ ပန်းချီပန်းပု အနုပညာရှင်များ စသည်တို့ကို စံပြုခဲ့ကြပါသည်။ ထိုသူများသည် သူ့ခေတ်အခါ အလျောက် ထင်ပေါ်ကျော်ကြားကြသူများ ဖြစ်ကြသလို ဂုဏ်သရေလည်း ရှိကြပါသည်။ သူတို့ကို အတုခိုး၍ ဝတ်မှုဆင်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
.
ထိုသို့ ဝတ်စားဆင်ယင်ကြရာတွင် ခေတ် တစ်လျှောက် ဆိုးရွားသော သရုပ်ဖျက်မှု အမည်း စက်များ မရှိခဲ့ကြပါချေ။ တစ်နည်းအားဖြင့် မြန် မာ့ယဉ်ကျေးမှုကို အထိအခိုက် အပွန်းအပဲ့ မခံခဲ့ကြရပါချေ။ လမ်းလွဲခဲ့သူများ ရှိကောင်း ရှိနိုင်သော်လည်း အရေအတွက် မပြောပလောက်ပါ။ မီးများ မီးနိုင်၊  ရေများ ရေနိုင်ဆိုသကဲ့သို့ သရုပ်မှန် ဝတ်စားဆင်ယင်မှုများက သရုပ်ပျက်မှုများကို ဝါးမျို အနိုင်ယူခဲ့သည်ချည်း ဖြစ်ပါသည်။ ဝတ်စားဆင် ယင်မှု၌ မြန်မာ့သမိုင်းကြောင်းသည် အလွန် ကောင်းခဲ့ပါသည်။ မြန်မာအမျိုးသမီးများ ဂုဏ် သိက္ခာမြင့်မားခဲ့ပါသည်။
.
ဗြိတိသျှတို့ အုပ်စိုးသောခေတ် (ကိုလိုနီခေတ်) က အမျိုးသမီးများ အင်္ကျီပါးပါးဝတ်သည့် အချိန်ကာလ တစ်ခု ရှိခဲ့ဖူးပါသည်။ ထိုအချိန်က အလွန်ခေတ်မီသည်ဟု ယူဆကြခြင်းသာ ဖြစ်ပါသည်။ အမျိုးသမီးအင်္ကျီအထဲက အတွင်းခံဘော်လီ အတိုင်းသား မြင်ရအောင် ပါးလှပ်ကြပါသည်။ ထိုအမျိုးသမီးများကို အပ်ဂျိတ်ကြီးကြီးနှင့် ဂုတ် နောက်ကျောမှ ထိုးခွဲခဲ့ကြသည့် အဖြစ်များ ရှိခဲ့ပါလေသည်။ အရှက်ကို ဖြစ်စေသော ကိုယ်အင်္ဂါ ကို မလုံခြုံအောင် ပြုမူသောကြောင့် ထိုသို့ သင်ခန်းစာအပေးခံရခြင်း ဖြစ်ပါသည်။ ကျွန်တော်ဆိုချင်သည်မှာ သရုပ်ပျက် ဝတ်စားဆင်ယင်မှုကို အများက လက်မခံသောအခါ တိမ်မြှုပ်ပျောက်ကွယ် သွားရခြင်းအကြောင်း ဖြစ်ပါသည်။
.
ကျွန်တော်တို့ မြန်မာအမျိုးသမီးများ ဝတ်စား ဆင်ယင်ကြရာတွင် အင်္ကျီနှင့် ထဘီသည် အဓိကဖြစ်ပါသည်။ အထက်နှင့် အောက်ယှဉ်၍ တွဲဘက်ဝတ်ဆင်ကြပါသည်။ ထိုနှစ်ခုဖြင့် သူတို့၏ ကိုယ်များကို ထိန်းသိမ်း ခဲ့ကြပါသည်။ အိနြေ္ဒရှိခဲ့ ကြပါသည်။ လုံခြုံစေခဲ့ကြပါသည်။ ယဉ်ကျေးခဲ့ ကြပါသည်။ ဤနေရာတွင် ဗမာအမျိုးသမီးများကိုသာ ဆိုလိုရင်း မဟုတ်ပါ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်း ရင်းသူများတွင်လည်း အင်္ကျီနှင့် ထဘီ တစ်ဆက်တည်း ဝတ်ဆင်ကြသည်များလည်း ရှိကြပါသည်။ ထိုအခါ သင်တိုင်းဟု ခေါ်သည်ကလွဲ၍ အင်္ကျီနှင့် ထဘီ သဘောပင် ဖြစ်ကြပါသည်။ ထို့အပြင် သင်တိုင်းအောက်က ထဘီ(သို့မဟုတ်) စကတ် ကဲ့သို့သော အဝတ်များကို ဝတ်ဆင်လေ့ ရှိကြ ပါသည်။ ဝတ်ဆင်ပုံ ဝတ်ဆင်နည်း ကွဲပြားနိုင် သော်လည်း လုံလုံခြုံခြုံ ဝတ်ဆင်မှုကတော့ အတူတူပင် ဖြစ်ကြပါသည်။ မည်သို့ပင် ဝတ်သည်ဖြစ် စေ၊ အင်္ကျီတွင်လည်းကောင်း၊ ထဘီတွင်လည်း ကောင်း၊ အောက်ခံဝတ်သည့် အတွင်းခံများကတော့ ပါရှိကြသည်ပင် ဖြစ်ပါသည်။
.
မြန်မာအမျိုးသမီးများ ဝတ်ဆင်သည့် အင်္ကျီ နှင့် ထဘီအကြောင်းကိုပင် ဆက်၍ တင်ပြပါဦး မည်။ မြန်မာ အမျိုးသမီးများသည် အတွင်းခံဘော်လီ ဝတ်ဆင်ပြီးနောက် ရင်စေ့ (သို့မဟုတ်) ရင်ဖုံး အင်္ကျီကို ဝတ်ဆင်ကြပါသည်။ သူတို့သည် ရှေး အစဉ်အလာအရ ရင်ကို အမြတ်တနိုး တန်ဖိုးထား ကြပါသည်။ ရင်သား၏ ပုံမှန်ကိုပင် လူအများ မမြင်နိုင်အောင် အင်္ကျီများကို တင်းကြပ်စွာ ဝတ်ဆင်လေ့ ရှိကြပါသည်။ ရင်စေ့ (သို့မဟုတ်) ရင် ဖုံးအင်္ကျီများကို ထူထူထဲထဲကလေးများဖြစ်အောင် ဝတ်ဆင်တတ်ကြပါသည်။ ရင်ကို ပိုမိုလုံခြုံစေရန် ဖြစ်ပါသည်။ ဤအဆင့်တွင်ပင် မကျေနပ်ကြသေးဘဲ အပေါ်အင်္ကျီပေါ်က တစ်ဖန် ပဝါနှစ်စ အသာ ချ၍ ဝတ်ဆင်လေ့ ရှိကြပြန်ပါသည်။ ရင်ကို လုံခြုံ နိုင်သမျှ လုံခြုံစေရန် ဖြစ်ပါသည်။ ပဝါစများကို ပွဲတက်ကြသည့် အခါများတွင် လည်းကောင်း၊ ဂုဏ်သရေရှိ အခမ်းအနားများတွင်လည်းကောင်း၊ တွေ့ရှိနိုင်ပါသည်။ အလွန်ကျက်သရေ မင်္ဂလာရှိ လှပါသည်။
.
ထိုမှ တစ်ဖန် ထဘီများ ဝတ်ဆင်ကြရာတွင် လည်း ကိုယ်အင်္ဂါကြီးငယ်တို့ကို ဖုံးလွှမ်းနိုင်သမျှ ဖုံးလွှမ်းအောင်နှင့် လုံခြုံနိုင်သမျှ လုံခြုံအောင် ဝတ်ဆင်ကြပါသည်။ တချို့တိုင်းရင်းသူများသည် သင်တိုင်းများကို အင်္ကျီနှင့် ထဘီ ကိုယ်စား ဝတ်ဆင် ကြပါသည်။ ဂါဝန်စကတ်ရှည်များနှင့် တူကြပါ သည်။ သည့်အပြင် အောက်ခံအဝတ်များလည်း ဝတ်ဆင်ထားကြပြန်ပါသည်။ တချို့ (ဥပမာ ပအိုဝ်း) တိုင်းရင်းသူများသည် သင်တိုင်းနှင့် အောက် ခံအပြင် ခြေထောက်များအထိ အဝတ်နက်များ ပတ်စီးထားကြပါသည်။ ခြေပတ်သဘောမျိုး ဖြစ်ကြပါသည်။ ခြေထောက် အောက်ပိုင်းများကိုပင် များများစားစား မဖော်လိုသော သဘောမျိုးလည်း ဖြစ်ပါသည်။
.
ကျွန်တော်သည် ဗမာအပါအဝင် တိုင်းရင်း သားတို့၏ ဝတ်စားဆင်ယင်မှုများကို သုတေသန ပြုလုပ်တင်ပြနေခြင်း မဟုတ်ဘဲ အမျိုးသမီးများ အတွက် အဓိကကျသော အင်္ကျီနှင့် ထဘီဝတ် စားဆင်ယင်မှုလောက်ကိုသာ ဇောင်းပေး တင်ပြ နေခြင်း ဖြစ်ပါသည်။ ယုတ်စွအဆုံး အမျိုးသမီး များနှင့် ဆက်နွယ်သော ဆံပင်ထုံးဖွဲ့မှုနှင့် ဆေး မင်ကြောင် ထိုးမှုများကိုပင် ကျွန်တော် မတင်ပြပါ။ အင်္ကျီနှင့် ထဘီကိုသာ ကိုယ်အင်္ဂါ လုံခြုံမှုနှင့် ယှဉ် ၍ မြင်သာအောင် တင်ပြနေခြင်း ဖြစ်ပါသည်။
.
အထက်က မြန်မာအမျိုးသမီးများ၏ အင်္ကျီ နှင့် ထဘီ (သို့မဟုတ်) သင်တိုင်းများ၊ ဂါဝန်များ၊ ဝတ်ဆင်ကြခြင်း၏ အနှစ်သာရမှာ အရှက်ကိုဖြစ် စေသော ကိုယ်အင်္ဂါကြီးငယ် ရွယ်လတ်တို့ကို လုံ ခြုံရန် ဖြစ်ပါသည်။ ဤသည်မှာ ကောင်းမြတ်သော စံသတ်မှတ်ချက်ဖြစ်သလို အစစ်မှန်ဆုံး ယဉ်ကျေး မှုတစ်ရပ်လည်း ဖြစ်ပါသည်။ သို့ရာတွင် အခု ခေတ် အမျိုးသမီး တချို့၏ ဝတ်စားဆင်ယင်မှုများသည် အဆိုပါ စံသတ်မှတ်ချက်များနှင့် ကိုက် ညီပါသလော။ အခြေခံ ဝတ်စားဆင်ယင်မှု၏ သ ဘာဝများနှင့် ညီညွတ်ကြပါသလော။ လေ့လာ ဆန်းစစ်ကြည့်ကြပါစို့။
.
ယခုအခါ အမျိုးသမီးငယ်အချို့သည် အင်္ကျီအောက်ခံ (ဘော်လီ)များ ဝတ်ဆင်ကြသော်လည်း ရင်ဖုံးအင်္ကျီကျတော့ လည်ဟိုက် ကျောဟိုက်များကို ဝတ်ဆင်တတ်ကြပါသည်။ ရင်မှ အသားမြတ် တစ်ဝိုက်နှင့် ပခုံးသားများကို တတ်နိုင်သလောက် ဖော်ပြလိုသောကြောင့် ဖြစ်ဟန်တူပါသည်။ တချို့ ကတော့ ပခုံးနှစ်ဖက်မှ ဖွင့်ဟပြီး ကြိုးမျှင်ကလေး များဖြင့် ထိန်းထားကြပါသည်။ ပခုံးကို အထင်း သားဖော်ပြပြီး ပခုံးအောက်ပိုင်းကို လှစ်ဟပြထား ပါသည်။ တချို့ကတော့ စွပ်ကျယ်၊ စပို့ရှပ် စ သည်တို့ကို ဝတ်ဆင်ကြပါသည်။ နောက်ဆုံး အ ပေါ်ပိုင်း မလုံ့တလုံနှင့် ရင်ရှားအင်္ကျီများပင် ဝတ်ဆင်လာကြပါသည်။ ရွှေရင်ဖုံးတုံ့ မဖုံးတုံ့ မဟုတ် တော့ဘဲ ရွှေရင်လုံတုံ့ မလုံတုံ့ ဖြစ်လာကြပါ သည်။
.
ဟိုး ကုန်လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော် ကျော်လောက်တုန်းက အမျိုးသမီးအချို့သည် အ ပေါ်က စွပ်ကျယ်ဝတ်သည့် အလေ့အထများ ရှိ ခဲ့ဖူးပါသည်။ စွပ်ကျယ်ယဉ်ကျေးမှုဟုပင် ခေါ်ခဲ့ကြ ပါသည်။ ထိုစဉ်က အချို့သည် အတွင်းခံအင်္ကျီ (ဘော်လီ၊ ဘရာစီယာ စသည်)ပင် မပါဘဲ ဝတ်ဆင်တစ် စခန်းထခဲ့ကြပါသည်။ ထို့ပြင် ခါးတိုတို အင်္ကျီများဖြင့်လည်း ဗိုက်သားများ၊ ခါးသားများ မပေါ်သလို ပေါ်သလိုဖြစ်အောင် ဝတ်ဆင်ကြပြန် ပါသည်။ အချိန်တန်တော့လည်း ပျောက်ကွယ် သွားခဲ့ကြပါသည်။
.
ဆက်၍တင်ပြပါဦးမည်။ အင်္ကျီ၏ အောက်ပိုင်း ထဘီများ ဝတ်ဆင်ကြရာတွင်လည်း ထဘီ များကွဲအောင် ခွဲထားသည့်နေရာက ခြေသလုံး သားများ သာမက ပေါင်တွင်းသားများအထိ မြင် သွားအောင် လှပ်ကနဲ လှပ်ကနဲ ဖွင့်ပြ လမ်း လျှောက်ပြနေကြပါသည်။ ထဘီအစား စကတ်တိုများ ဝတ်ဆင်သလို စကတ်များကို ရှေ့ခွဲ၊ နောက်ခွဲ၊ ဘေးခွဲ၊ အရှေ့တည့်တည့်ကပင် ခွဲချင် သလိုခွဲ၍ ဝတ်ကြပြန်ပါသည်။ ဒူးခေါင်းအထက် ထိပင် လှစ်ဟထားကြပါသည်။ တစ်ဖန် ဂျင်းသား စကတ်တိုကို တမင်ဆုတ်ဖြဲ ဖွရွထားခြင်း၊ ဂျင်း စများ ဖွာလန်ကြဲအောင် လုပ်ထားခြင်းများလည်း ရှိကြပါသည်။ စကတ်အရှည်ပင် ဖြစ်လင့်ကစား ဒူးခေါင်း (သို့မဟုတ်) ပေါင်အထိ ရောက်အောင် ဖွာလန်ဆုတ်ဖြဲထားကြပြန်ပါသည်။ တချို့ အမျိုး သမီးငယ်များသည် ခရီးသည်တင်ကားပေါ် တက် ၍ မရဘဲ ဒူးတုပ်ပေါင်ကွဖြင့် ဖြစ်သလို လှမ်းတက်နေသည်များ၊ ကားပေါ်ရောက်လျှင်လည်း တည့် တည့်၊ ဘေးတိုက်စသဖြင့် ရှောင်လွှဲထိုင်သည့် တိုင်အောင် မသင့်မလျော် ဖြစ်ခဲ့ကြသည်များ လည်း ရှိကြပါသည်။
.
အထက်ပါ အင်္ကျီနှင့် ထဘီများ ဝတ်ဆင်ကြ ရာတွင် ဆောင်းပါးအစတွင် ဖော်ပြသကဲ့သို့ မမြင် အပ်သော ကိုယ်အင်္ဂါတို့ကို လုံခြုံစေရန် မဟုတ် တော့ဘဲ အဆိုပါ ပစ္စည်းတို့ကို ဖော်ပြချွတ်ပြကြ ရန် ဖြစ်နေပါတော့သည်။ ထိုသို့ ဖော်ပြချွတ်ပြ မှ  အလှဟု ထင်နေကြပါသည်။ စတိုင်မိသည်ဟုလည်း ပြောနေကြပါသည်။ အားမနာတမ်း ပြော ရလျှင် မမြင်ဝံ့ မမြင်အပ်သော အသားစိုင်များကို အနုပညာမြောက်စွာ ဖော်ချွတ်ပြသနေခြင်းများ ပင် ဖြစ်သလောဟု ကြံကြံဖန်ဖန် တွေးဆမိပါ သည်။
.
မြန်မာအမျိုးသမီးတစ်ဦးသည် အမြတ်တနိုး တန်ဖိုးထားသော ရင်သားလုံခြုံအောင် အတွင်းခံ ရင်စီး ဘော်လီတို့နှင့် ထိန်းသိမ်းဝတ်ဆင်ခြင်းမှာ သရုပ်မှန်ဖြစ်သော်လည်း ရေကူးအင်္ကျီလောက် နှင့် အတွင်းခံတစ်ခုမှ မပါဘဲ လျှောက်သွားနေ ခြင်းသည် သရုပ်ပျက်လှပါသည်။ ထို့ပြင် ဂါဝန်၊ ထဘီ၊ စကတ်တွေကို အတွင်းခံထိပေါ်အောင် အရှေ့တည့်တည့်မှ ခွဲထားခြင်းများသည်လည်း အမြင်ဆိုးရွားသော သရုပ်ပျက်ခြင်းများပင် ဖြစ်ကြ ပါသည်။
.
အထက်ဖော်ပြပါ သရုပ်ပျက်အမျိုးသမီးများ ကို လူမှုကွန်ရက် စာမျက်နှာများ စာစောင်ဂျာနယ် များ၊ ရုပ်ရှင် ဗီဒီယိုများနှင့် ရုပ်မြင်သံကြား ဖန် သားပြင်များပေါ်တွင် လွတ်လပ်ပွင့်လင်းစွာ တွေ့ မြင်နေရသလို ပြည်နယ်တိုင်း ခရိုင်မြို့ကြီးများတွင် လည်း တွေ့မြင်နေရပါသည်။ ကျေးလက်တောရွာ များအထိပင် ပျံ့နှံ့လာကြပြီ ဖြစ်ပါသည်။ ဆက် သွယ်ရေးများ ထွန်းကားလာသောကြောင့်ပဲလား။ အတုမြင် အတတ်သင်ကြရာဝယ် မဟုတ်မမှန် သည်ဘက်ကို ကိုင်းညွတ်ကုန်ကြ၍ပေပဲလား။ ထို သို့သော အမျိုးသမီးများတွင် တိုင်းရင်းသားအလွှာ စုံမှ အမျိုးသမီးများလည်း ပါဝင်လာနေကြခြင်း ဖြစ်ပါသည်။ နာမည်ကြီး အချို့ပုဂ္ဂိုလ်များ (ဂီတ၊ ရုပ်ရှင်၊ သဘင်နှင့် အခြားအနုပညာရှင်များ)ထံမှ အတုခိုး အတတ်သင်ကြခြင်းများလည်း ပါဝင်ကြ ပါသည်။
.
မည်သို့ဆိုစေ မိမိအမြတ်တနိုး တန်ဖိုးထားရ မည်ဖြစ်သော အရာပစ္စည်းတစ်ခုခုကို မိမိကိုယ် တိုင်က တန်ဖိုးမထားခဲ့သော် (သို့မဟုတ်) တန် ဖိုးထားရမှန်း မသိဘဲ မေ့မေ့လျော့လျော့ ဖြစ်ခဲ့ သော် အခြားမည်သူကမျှ တန်ဖိုးထားမှာ မဟုတ် သည်ကို ဆင်ခြင်နားလည် ထားသင့်ကြပါသည်။ မိမိ၏ တန်ဖိုးကို မိမိက ပြန်မဖျက်ဆီးသင့်ပါ။ တန်ဖိုးမဲ့အလှများ မဖြစ်စေလိုပါ။
.
ထို့ကြောင့် လမ်းကြောင်းလွှဲနေသော မြန်မာ အမျိုးသမီးကလေးများ ကိုယ်တိုင်နှင့် မိဘဘိုး ဘွား ဆရာသမားများကအစ၊ ဦးကြီးဦးလေး အ ဒေါ်ကြီး အဒေါ်လေး၊ အစ်ကိုကြီး၊ အစ်မကြီးများ အလယ်၊ ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများနှင့် မောင်နှမများ အဆုံးအားလုံးတို့သည် အမျိုးသား ရေးအမြင်များဖြင့် ဝိုင်းဝန်းထိန်းသိမ်းပေးကြရမည် ဖြစ်ပါသည်။ နဂိုထဲက ရှိနှင့်ပြီးဖြစ်သော မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာများဖြင့် မြန်မာအမျိုးသမီး တိုင်း ဝတ်ဆင်လှပနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats