စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊
ပင်တွန်ကျေးရွာရှိ ပအိုဝ်းအာဇာနည်ကုန်းတွင် ၄၃ နှစ်ပြည့် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနားကို
စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
၄၃ နှစ်ပြည့် ပအိုဝ်းအာဇာနည် နေ့အခမ်းအနား ပြုလုပ်ရခြင်းသည် ပအိုဝ်းတော်လှန်ရေးနေ့တွင်
လှုပ်ရှား ခဲ့ကြသော ကျဆုံးခဲ့သည့် ခေါင်းဆောင်များကို အသိအမှတ်ပြု ဂုဏ်ပြုသည့် အနေဖြင့်
ပြုလုပ်ရခြင်းဖြစ်ပြီး နောင်လာမည့် မျိုးဆက်သစ်များသည် ပအိုဝ်း သမိုင်းများကို သိရှိလာစေရန်အတွက်
နှစ်စဉ် တော်သလင်း လပြည့်ကျော် ၅ ရက်နေ့တိုင်းတွင် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ပအိုဝ်းအာဇာနည်နေ့တွင် အလံတော်တင်၍ တက်ရောက်လာသူများမှ အလံတော်အား
အလေးပြုခြင်း၊ ကျဆုံးပြီးသော ပအိုဝ်းအာဇာနည် ခေါင်းဆောင်များအား အလေးပြုခြင်းနှင့်
အလံအား အလံတိုင်တွင် တစ်ဝက်ချခြင်း/ ဝမ်းနည်းမှု အထိမ်းအမှတ်ဖြင့် တစ်မိနစ်စာ ငြိမ်သက်ခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပအိုဝ်းအာဇာနည်နေ့ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်၊
ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်း မြို့နယ်၊ ကျောက်တလုံးကြီးမြို့များမှ ပအိုဝ်းတိုင်းရင်းသား တိုင်းရင်းသူများနှင့် စုစုပေါင်း
လူဦးရေ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ခေတ်အဆက်ဆက်က ဖိနှိပ်ခံဘ၀မှ လွှတ်မြောက်ရေးအတွက် မှန်ကန်သော တော်လှန်ရေးမူဝါဒဖြင့်
ပအိုဝ်းလူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြပေးခဲ့သော
ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးခွန်လှဖေ သည် ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက် (၁၃၂၇ ခု၊
တော်သလင်းလပြည့်ကျော် ၅ ရက်)တွင် တောင်ကြီးမြို့နယ် ပင်တွန့်ရွာ၌ ကွယ်လွန်ခဲ့သည်ဟု
သိရသည်။
.
ယင်းသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးခွန်လှဖေ ကွယ်လွန်ပြီးနောက်
၁၉၇၆ ခုနှစ် ဇန်န၀ါရီလတွင် ဆီဆိုင်မြို့နယ်ရှိ လုံးဒါဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သော
ပထမအကြိမ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ညီလာခံမှ ဦးခွန်လှဖေ ကွယ်လွန်သော တော်သလင်းလပြည့်ကျော်
၅ ရက်နေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် အားလုံးသဘောတူ သတ်မှတ်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
.
.
.
#KBZTai #Shan