စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
တရုတ်နယ်စပ်တွင် လမ်းခင်းရန်အတွက် ၁ လ ၁၀ သိန်းပေးမည်ဟုဆိုကာ ဗီဇာအတွက်
၂ သိန်းတောင်းယူပြီး လိမ်လည်သွားသူအား စက်တင်ဘာလ ၁၈ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသ
ဟိုပုံးမြို့နယ် စငေါင်းကျေးရွာအုပ်စုအတွင်း ဖမ်းဆီးရမိထားကြောင်း ဟိုပုံးမြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
.
"လမ်းခင်းဖို့တွက် ၁ လကို ၁၀ သိန်းနဲ့ ၅ သောင်းရမယ်။ ၅ သောင်းကို
သူယူမယ်။ ၁၀ သိန်းကကျွန်တော်တို့ လုပ်အားခရမယ်။ ဗီဇာလုပ်ပြီးရင်လည်း ကြိုတင်ငွေ ၁ လစာကြိုထုတ်ပေးမယ်လို့ပြောတော့
ကျွန်တော်တို့လည်း ဗီဇာခ ၂ သိန်းကို ပေးလိုက်တယ်။ ဗီဇာလုပ်တာ တစ်နေ့ပြီးတစ်နေ့ မရဘူး။
ပေးထားတဲ့ပိုက်ဆံ ဆုံးမဲ့အခြေနေမို့ ရဲကိုတိုင် လိုက်ရတယ်" ဟုထီဝါးရွာမှ လိမ်လည်ခံရသူ ကိုသန့်ဇော်လင်းကပြောသည်။
ဟိုပုံးမြို့နယ်စငေါဝ်းကျေးရွာအုပ်စု ထီဝါးရွာ၊ ထီလင်း(ထီလေန်)ရွာ၊
ရုပ်ပေးရွာရွာရှိ ရွာသားများအား တရုတ်နယ်စပ်တွင် လမ်းခင်းရန်အတွက် ၁ လ ၁၀ သိန်းပေးမည်
ဟုဆိုကာ ကိုသန်းစိုးဆိုသူမှ ဗီဇာလုပ်ရန် ၂ သိန်း တောင်းဆိုခဲ့ပြီး အချိန်ကြာမြင့်သည်အထိ
အလုပ်မရခဲ့သောကြောင့် ရွာသားများမှ ရဲစခန်းသို့တိုင်ကြားရာ လိမ်လည်သူအား စက်တင်ဘာ ၁၅
ရက်နေ့က ဟိုပုံး-တောင်ကြီးသွား လမ်းမပေါ်ရှိ မိတ္တူဆိုင်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
ထီလင်း(ထီလေန်)ရွာ ကိုခွန်တိထေမှလည်း " သူယူသွားတဲ့ ၂ သိန်းပြန်ပေးရင်တော့
အမှုကျေအေးပေးလိုက်မယ်။ ကျွန်တော်တို့က မရှုပ်ချင်ပါဘူး"ဟု ပြောသည်။
.
"ခုလိုဖမ်းဆီးရမိထားတာဟာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်လည်း
ပါတယ်။ မက်လုံးတွေပေးပြီး လိမ်သွားတာဖြစ်တဲ့အတွက်
ပြည်သူတွေအနေနဲ့ မက်လုံးတွေပေးရင် အယုံအကြည်မလွယ်ဖို့ လိုပါတယ်"ဟု ဟိုပုံးမြို့နယ်ရဲစခန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ဟိုပုံးမြို့နယ်၊ ထီဝါးကျေးရွာ၊ ထီလင်း(ထီလေန်)ကျေးရွာ၊ ရုပ်ပေးကျေးရွာများရှိ
ရွာသားစုစုပေါင်း ၁၆ ဦးသည် ဗီဇာလုပ်ရန်အတွက် ၁ ဦးလျှင် ငွေကျပ် ၂ သိန်း ပေးခဲ့ရကြောင်း၊
အလားတူ တောင်ကြီးမြို့နယ် တောင်နီကျေးရွာမှ ၄ ဦးသည်လည်းလည်း ဗီဇာလုပ်ရန်အတွက် ၁ ဦး
လျှင် ၂ သိန်း ပေးခဲ့ရပြီး ယင်းကဲ့သို့ လိမ်လည်၍ ငွေကြေးတောင်းခံခဲ့သူ သန်းစိုးအား
ဟိုပုံးမြို့နယ်ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan