ကမ္ဘာ့ဝါးနေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘာ့ဝါးနေ့


နန်းနန်း (ရှမ်းပြည်)
.
ကမ္ဘာ့ဝါးနေ့ စက်တင်ဘာလ ၁၈ ရက်ဆိုသည့် စာသားကို တစ်နေရာတွင် တွေ့မိရာမှ လွန် ခဲ့သည့် နှစ်အနည်းငယ်က အဖြစ်အပျက်ကလေး တစ်ခုကို သွားပြီး သတိရမိသည်။
.
 
.
ကျွန်မတို့၏ ဝင်းထဲသို့ တစ်ခါတစ်ရံနယ်မှ ဆွေမျိုးသားခြင်း ဧည့်သည်များ ရောက်လာတတ် ပါသည်။ ထိုအခါ နယ်မှ ခဝဲရွက်၊ ဝက်သားချဉ်၊ ပြောင်းဖူးပြုတ်၊ ပိန်ပေါင်းစသော စားစရာများအ ပြင် စကားစမြည် ပြောဖြစ်ပါက နယ်မှ သတင်း ပလင်းများလည်း ကြားရတတ်ပါသည်။ ယခု ရေး မည့်အကြောင်းအရာမှာ ကမ္ဘာ့ဝါးနေ့ ဖြစ်သဖြင့် ထိုအချိန် မြေးတော်သူ စိုင်းဆိုင်ပြောပြသော ဝါးနှင့်ပတ်သက်သည်။ သူ၏ စိုးရိမ်မှုအကြောင်း ဖြစ်ပါသည်။
.
ကျွန်မတို့ ရှမ်းပြည်နယ်တွင် အခြားဒေသများ ကဲ့သို့ ခြေခင်းလက်ခင်းသာသော နွေဦးကာလတွင် စုပေါင်းရှင်ပြုပွဲများ ကျင်းပလေ့ရှိပါသည်။ ရပ်ထဲရွာထဲရှိ ရှင်ပြုနိုင်သည့် အရွယ်ကလေးများအား တစ်အိမ်ခြင်း သီးခြားမဟုတ်ဘဲ ရွာ၏ ဘုန်းကြီးကျောင်းတွင် စုပေါင်းပြီး ရှင်ပြုပွဲ ကျင်းပခြင်း ဖြစ်ပါသည်။ ထိုအခါမျိုးတွင် ရှင်လောင်းများကို အများအားဖြင့် ဇရပ်တဲကျောင်းထဲတွင် မစံစေဘဲ ဝါးတဲများ၊ ဝါးတန်းလျားများထိုးပြီး စံစေခြင်း၊ ဧည့်ခံခြင်းများ ပြုလုပ်ကြပါသည်။
.
ရှမ်းပြည်နယ်သည် သစ်ဝါးပေါသည့် နေရာ ဖြစ်သဖြင့် သစ်ဝါးအတွက် စိတ်ပူစရာ မရှိပါ။ ပွဲရက်မတိုင်မီ အမျိုးသား ကြီးကြီးငယ်ငယ်များက မြို့ရွာအပြင်ဘက် ထွက်ပြီးဝါးခုတ်၊ သက်ကယ် ရှာကာ ကျောင်းသို့ သယ်လာပြီး တဲများအသီးသီး ဆောက်ကြရပါသည်။ ဝါးလုံးနှင့် တိုင်ထောင်၊ အောက်ခင်းအတွက် ဆင်ကြဲပြီး သဲ့ပေါက်ကာ ခင်းလိုက်လျှင် အခင်းရပါပြီ။ အမိုးမိုးနိုင်ရန် ထုပ် တန်း၊ ဒိုင်းများအတွက်လည်း ဝါးကိုအလုံးလိုက် သော်လည်းကောင်း၊ ခွဲစိတ်၍သော်လည်းကောင်း ထည့်ကာ ချင်ဝါးကို သုံးများတန်းကြဲရပါသည်။ ၎င်းနောက် သက်ကယ်ဗျစ်များနှင့် အမိုးမိုးပါသည်။ အကာအတွက်လည်း ဝါးကပ်များသုံးလျှင်သုံး မသုံးလျှင် ကော်ဇောများ တင်းတိမ်လိုက်ကာများ ကာလိုက်လျှင် ယာယီတဲပြီးမြောက်ပါပြီ။ သို့သော် လည်း ခိုင်ခံ့သည့် တဲတစ်လုံးဖြစ်လာရန် တွဲဘက် ချည်နှောင်ပေးသည့်အရာ လိုပါသေးသည်။ ဤအ ရာမှာ ဝါးမှပင် ဖြစ်လာသည့် နှီးဖြစ်ပါသည်။ သို့ ဖြစ်၍ တဲတစ်လုံး ဖြစ်လာရန် သက်ကယ်မှလွှဲ၍ အားလုံးဝါးပင်မှ ရသော ဝါးများကို အသုံးပြုရပေ သည်။ သို့တိုင်အောင် သက်ကယ်ပျစ်၏ အခြေ ခံအဖြစ် စိတ်ထားသော ဝါးချောင်းကို သုံးရပေ သေးသည်။ သက်ကယ်ရှားပါးသည့် နေရာဆိုပါ က သက်ကယ်အစား ဝါးနှင့် ယက်သည့် ဝါးကပ် နှင့် မိုးနိုင်ပါသည်။ ဤသို့ဖြင့် ဝါးကိုသုံးပြီး ရှင် လောင်းတဲကို ရရှိပေသည်။
.
ထို့ပြင်  ရှမ်းတို့၏ အလှူတွင် ဝါးကို အခြား လိုအပ်သည့် ပစ္စည်းများအတွက်လည်း အသုံးပြု ရပါသေးသည်။ ပေပေါင်းများစွာမြင့်သော အလှူ ပဒေသာပင်မှ စ၍ ရာဇမတ်ကွက်များ၊ တံခွန် ကုက္ကားများ အထိ ဝါးမပါလျှင် မပြီးပါ။ သို့ဖြစ်၍ စိုင်းဆိုင်က ဤဝါးများပြုန်းတီးသွားလျှင် ရှင် လောင်းပွဲ မည်ကဲ့သို့ လုပ်မည်နည်းဟု ကြိုတင် တွေးပြီး စိုးရိမ်ခြင်းဖြစ်ပါလိမ့်မည်။
.
သူစိုးရိမ်ခြင်း၏ အကြောင်းမှာ ဤသို့ဖြစ်ပေ သည်။ ထုံးစံအတိုင်း ကျွန်မတို့ နိုင်ငံ၏ သဘာဝ သယံဇာတကို မက်မက်မောမော လိုချင်သည် တစ်ဖက် နိုင်ငံသို့ ဝါးကိုမျှစ်အဖြစ် အလုံးအရင်း နှင့် တင်ပို့ရောင်းချနေသောကြောင့် ဖြစ်ပါသည်။ ဖြစ်စဉ်ကား ဝယ်သူရှိ၍ ရောင်းသူရှိပြီး၊ ရောင်းသူ ရှိ၍လည်း ဝယ်သူရှိခြင်း ဖြစ်ပါလိမ့်မည်။ တရား ဥပဒေစိုးမိုးမှုနှင့် စည်းကမ်းရှိသော နိုင်ငံသားဆို ပါက စည်းနှင့်ကမ်းနှင့် အကန့်အသတ်နှင့်သာ သွားမည် ဖြစ်သော်လည်း ကျွန်မတို့ နိုင်ငံကား ထိုသို့ မဟုတ်ပါ။ ဝါးပင် ပေါက်စမျှစ်တို့မှာ ဝါးပင် အဖြစ် မကြီးနိုင်တော့ဘဲ မသမာ လောဘသမား များ၏ လက်ချက်ဖြင့် ပြုန်းတီးကြရပါတော့သည်။ မျှစ်ကို ပို့ရာတွင် သည်အတိုင်းတင်ပို့ခြင်း မဟုတ် ဘဲ၊ ပြုတ်ပြီးအခြောက်ခံ တင်ပို့ရပါသည်။ ဤကိစ္စ အတွက် ထင်းအဖြစ် သုံးရန် သစ်ပင်များကို ခုတ် ရသဖြင့် သစ်ပင်ပြုန်းတီးမှုပါ ထပ်မံရှိခဲ့ပြီး သဘာ ဝ ပတ်ဝန်းကျင်အနေနှင့် နှစ်ခါပြန်နစ်နာခြင်း ဖြစ် ခဲ့ရပါသည်။ ထိုစဉ်က မျှစ်တင်ပို့မှုများ အရေအ တွက် အနည်းငယ်သာ ဆိုပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမြင်ရှိသည့် စိုင်းဆိုင်ကဲ့ သို့ လူများ၏ သတိထားမိခြင်း ရှိချင်မှ ရှိပေလိမ့် မည်။ ထိုသို့ မဟုတ်ဘဲ ကားကြီးများ အစင်းလိုက် အစင်းလိုက် ထွက်နေသဖြင့်သာ သတိထားမိခြင်း ဖြစ်ပြီး စိုးရိမ်စိတ်ဖြစ်ခဲ့ပေလိမ့်မည်။
.
သူပြောပြချက်အရ (ဝါးနှင့်တော့ မဆိုင်ပါ) နမ့်တိန်းချောင်းမှ ထွက်သော ပါဖာခေါ် ငါးတစ် မျိုးလည်း ထွက်နေသဖြင့် မကြာမီ ထိုငါးမျိုးလည်း ပြုန်းတီးတော့မည်ဟု သိခဲ့ရပါသည်။
.
ဝါးနှင့် ပတ်သက်လျှင် စိုင်းဆိုင်ပြောသကဲ့သို့ ရှင်လောင်းပွဲများ၊ ရှင်လောင်းတဲ အတွက်သာ လိုအပ်သည်မဟုတ်ပါ။ ကျေးလက်ဒေသ၊ တောင်ပေါ်ဒေသနေ ကျွန်မတို့ တိုင်းရင်းသားအားလုံးအ တွက် ဝါးသည် မရှိမဖြစ် သဘာဝ သယံဇာတ ဖြစ်ပါသည်။ နေအိမ်၊ ခြံ၊ နှီးကြောဖျာ၊ စည်းရိုး စသည့် နေထိုင်ခြင်းဆိုင်ရာ ကိစ္စများ၊ စကော၊ ပေါင်းချောင်၊ ထမင်းဘူး၊  ရေခွက်၊ ရေပုံးစသည့် မီးဖိုဆောင်သုံး ပစ္စည်းများ၊ ထွန်၊ ဆယ်၊ ပေါက် ပြားရိုး၊ ဓားရိုး၊ စသည့် လုပ်ငန်းသုံး ပစ္စည်းများမှ စ၍ ပူဇော်ကိုးကွယ်သည့် ဘုရားဆင်းတုအထိပင် နှီးဖြင့် ယက်လုပ်ပူဇော် ကိုးကွယ်ကြပါသည်။ ဝါး ဆစ် ဝါးလုံးများတွင် ဆန်၊ အသား၊ ငါးတို့ထည့် ပြီး မီးဖုတ်ခြင်း ပေါင်းစားခြင်းကို မြန်မာတိုင်းရင်း သားများသာမက မလေးရှားကဲ့သို့ တိုင်းရင်းသား များလည်း လုပ်စားကြသည်။ ဝါးရွက်ကို ထုချွန် ပုံသဏ္ဍာန် ကောက်ညှင်းထုပ်ကလေးများ ပေါင်း စားခြင်းများလည်း ရှိပြီး အဆစ်များမှ ကွာကျ သည့် ဝါးဖတ်များမှ ခမောက်ဦးထုပ်များ လုပ်ကြသည်။
.
ဤသည်တို့မှာ အခြေခံကျသည့် ဝါးအသုံး ပြုပုံများဖြစ်ပြီး အခြားနည်းအသုံးပြုပုံများစွာ ရှိပေ ဦးမည်။ စက်မှုလက်မှု နည်းပညာ ထွန်းကားသော နိုင်ငံများတွင်ကား အနုပညာဆန်သည့် အဆင့် မြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပြီး တန်ဖိုးမြင့် လက်မှုပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချနေ ပေပြီ။
.
ဝါး၏ အသုံးကျပုံ၊ လူတို့အတွက် အကျိုး ပြုပုံများကား ရေး၍ပင် ကုန်နိုင်ဖွယ် မရှိပေ။ ထို့ ကြောင့်ပင် ကမ္ဘာ့ဝါးနေ့ ဟူ၍ ပေါ်လာခြင်းပင် ဖြစ်ပါသည်။ ၂ဝဝ၉ စက်တင်ဘာလ ၁၈ ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ကျင်းပ သော ၈ ကြိမ်မြောက် ကမ္ဘာ့ဝါးကွန်ဂရက် စည်း ဝေးပွဲကြီးတွင် ထိုင်းတော်ဝင်သစ်တော ဌာနက ဝါးနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းလုံးတွင် ပိုမိုနိုး ကြားသော သတင်းရှိစေရန် ကြေညာချက်တစ် ရပ် ထုတ်ပြန်ခဲ့သည်။
.
ထိုကြေညာချက်တွင် ဝါးပင်များ သဘာဝအ လျောက် ပေါက်ရောက်သော နေရာများတွင် ဝါး သည် နေ့စဉ် တွေ့မြင်နေကျ ဘာမျှမထူးခြားသော အရာ ဖြစ်နေသည်။ သို့သော်လည်း ¤င်းအား အ သုံးချမှုမှာ မမှန်မကန် ဖြစ်နေသဖြင့် တာရှည်တည် တံ့ရန် ခက်ခဲနေသည်။ ကမ္ဘာ့ဝါးအဖွဲ့အစည်းကြီး က သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ကြာရှည်အသုံးချနိုင်ရေးကို သေချာ စေလိုသည်။ လုပ်ငန်းသစ်များအတွက် ဝါးစိုက် ပျိုးရေး နည်းစနစ်များ တိုးတက်စေရန်အပြင် အ သုံးပြုနည်းဟောင်းများကို ပြုပြောင်ပြောင်းလဲစေ ခြင်းဖြင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေ လိုသည်။ ဤသို့ဖြင့် ဝါး၏ အလားအလာကို ပို ၍ မြင့်မားသော အဆင့်သို့ ရောက်အောင် ဆောင်ရွက်လိုသည်ဟူ၍ ပါရှိသည်။
.
ဤ ၈ ကြိမ်မြောက် ကမ္ဘာ့ဝါး ကွန်ဂရက် သို့ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ကိုယ်စားလှယ် ၃၅ဝ ဦး တက်ရောက်ခဲ့ပြီး ထိုနေ့ကို ကမ္ဘာ့ဝါးနေ့အဖြစ် သတ်မှတ်ခဲ့ကာ နှောက်နှစ်များတွင်လည်း နိုင်ငံ ပေါင်းများစွာတွင် ကမ္ဘာ့ဝါးနေ့ အခမ်းအနားများ ကို ကျင်းပခဲ့ကြရာ ယခုနှစ်ဆိုလျှင် ဒသမအကြိမ် မြောက် ဖြစ်ပေလိမ့်မည်။
.
ဝါးပင်အကြောင်း
.
ဝါးသည် မြက်မျိုးနွယ်ထဲတွင် ပါဝင်ပြီး မျိုး စိတ်ပေါင်း ၁၄ဝဝ ခန့် ရှိသည်။ ကမ္ဘာပေါ်တွင် အန္တာတိတ်နှင့် ဥရောပတိုက်မှ လွဲ၍ ဒေသအား လုံးနီးပါးတွင် ပေါက်ရောက်သော်လည်း အများဆုံး ပေါက်ရောက်သော ဒေသမှာ အာရှတိုက်၏ အရှေ့နှင့် အရှေ့တောင်ပိုင်းတွင် ဖြစ်သည်။
.
အခေါင်းပါသော အဆစ်များနှင့် ဖွဲ့စည်းထား သော ဝါးပင်သည် အထက်သို့ ထိုးတက်ပေါက် ရောက်ကာ အမြင့်အားဖြင့် ၉၈ ပေအထိ မြင့်နိုင် ပေသည်။ လုံးပတ်အနေဖြင့်လည်း ၂၅ မှ ၃ဝ စင်တီ အချင်းအထိ ကြီးမားနိုင်ပေသည်။ တစ်နေ့ အတွင်း ၃ ပေခန့် အထိ မြင့်တက်နိုင်သော ကြီး မြန်သည့်အပင်မျိုးလည်း ဖြစ်သည်။ သို့သော် လည်း ဤသို့ ကြီးထွားရန် ရာသီဥတု၊ မြေကြီး နှင့် မျိုးစိတ်အပေါ်တွင်လည်း မူတည်ပေသည်။ ¤င်းသည် အခြားအပင်များထက် လေထုကဲ့သို့ အောက်စီဂျင် ၃ဝ ရာခိုင်နှုန်း ပို၍ ထုတ်လွှတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်လည်း ပို၍ စုပ်ယူ သည်။ အပွင့်ပွင့်သော အပင်ဖြစ်သော်လည်း နှစ် ပေါင်းအလွန်ကြာရှည်မှ ပွင့်တတ်ပြီး ပွင့်ပြီးမကြာမီ သေသွားတတ်ပေသည်။
.
ဝါးပင်သည် မြက်ပင်အမျိုးအစားထဲတွင် ပါဝင်သော်လည်း ၎င်း၏ ခိုင်မာမှုကား အံ့မခန်းပင် ဖြစ်သည်။ ¤င်း၏ ဖိနှိပ်မှု ခံနိုင်ရည်သည် သစ် သား၊ အုတ်ခဲ သို့မဟုတ် ကွန်ကရစ်ထက်ပင် ကြီး မားသည်။ သို့ဖြစ်၍ ရှေးနှစ်ပေါင်းများစွာ ကပင် တံတားများ၊ ငြမ်းများ၊ ကြမ်းခင်းများနှင့် အခြားနေရာ များစွာတွင် အသုံးပြုခဲ့ကြသည်။ စားစရာအနေနှင့် မျှစ်အဖြစ်ပြင် လူတို့ကျယ်ပြန့်စွာ စားသုံးကြ သည့်အပြင် တရုတ်ပြည်တွင် ဝက်ဝံ၊ မဒဂက်စ ကာကျွန်းတွင် လီမာခေါ် မျောက်တို့၏ စားစရာ လည်း ဖြစ်ခဲ့သည်။
.
ယခုအခါ နည်းပညာ ထွန်းကားသော နိုင်ငံ များတွင် သုတေသန စမ်းသပ်မှုများ ပြုလုပ်ကာ ဝါးမှ ထုတ်လုပ်သော ဝါးဖတ်ဖြင့် စက္ကူအမျိုးမျိုး ကို ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ ထို့ပြင် ဝါးပျော့ ဖတ်မှ ခွင့်ပြုဓာတုပစ္စည်းများသုံးပြီး ချည်မျှင်များ ထုတ်လုပ်ကာ အဝတ်အထည်အတွက် ပိတ်စများ၊ အိပ်ယာအိပ်ခင်းများ၊ ခြေအိတ်များ၊ လက်ကိုင် အိတ် စသည့် လူသုံးကုန်ပစ္စည်းများပင် ထုတ် လုပ်နိုင်နေပြီ ဖြစ်သည်။ ဤပစ္စည်းများမှာ သဘာ ဝပစ္စည်းများမှ ထုတ်လုပ်ထားသဖြင့် ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်ပြီး အပူအအေးမှ ကာကွယ် ပေးသည်ဟု ဆိုသည်။
.
ကမ္ဘာပေါ်တွင် အပင်ပေါင်းများစွာ ရှိသော် လည်း ဝါးပင်လောက် အသုံးဝင်သော အပင်မျိုး မရှိပါချေ။ သို့ကြောင့် လူသားများအနေနှင့် ဝါး ပင်များ ပြုန်းတီးမသွားစေရန် ထိန်းသိမ်းရမည့် တာဝန်ရှိပေသည်။ ပြန်လည်ဖြည့်တင်း နိုင်သည့် သဘာဝ အရင်းအမြစ် ဖြစ်ပြီး ကြီးမြန်သည့် အပင်လည်း ဖြစ်သဖြင့် ခုတ်လှဲအသုံးပြုပြီးသော ဝါး များ၏ နေရာတွင် ပြန်လည်ဖြည့်တင်း စိုက်ပျိုး ရန်လိုပေသည်။
.
နိုင်ငံတော်အစိုးရလည်း ဝါး၏ အသုံးကျမှုကို အသိအမှတ်ပြု ဆောင်ရွက်ပေးနေသည်ကို တွေ့ ရပါသည်။ ပြီးခဲ့သော ၂ဝ၁၇ ခုနှစ် ကမ္ဘာ့ဝါးနေ့ အခမ်းအနားကို သံလျင်မြို့တွင် ကျင်းပပြီး သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။ နေပြည်တော်တွင် လည်း ပညာရှင်များက ဝါးသယံဇာတနှင့် ရေ ရှည်တည်တံ့ ဖွံ့ဖြိုးရေး ရည်ရွယ်ချက်များအ ကြောင်း ဟောပြောပွဲကျင်းပခဲ့သည်ကို တွေ့ရပါ သည်။
.
အကြံပြုလိုသည့် အချက်တစ်ခုမှာ ဝါးလက်မှု ပစ္စည်းများကို အဆင့်အတန်း မြင့်မြင့် ထုတ်လုပ် နိုင်ရန် နိုင်ငံတော်မှ ပံ့ပိုးပေးစေလိုသည့် ကိစ္စဖြစ် ပါသည်။ မြန်မာနိုင်ငံတော်တွင် အသေးစားစက် မှုလုပ်ငန်းဌာနမှ နေ၍ နိုင်ငံတော် အရပ်ရပ်တွင် ဝါးလက်မှုပစ္စည်းများ ပြုလုပ်ပုံ၊ ပြုလုပ်နည်းများ ကို သင်တန်းများနှင့် သင်ကြားပြသပေးနေသည် ကို မြင်တွေ့ကြားသိရပါသည်။ ထွက်လာသည့် လက်မှုပစ္စည်းများမှာ သမားရိုးကျ ဝါးခွက်၊ ဝါးဘူး၊ လင်ပန်း၊ ဓာတ်ပုံဘောင်၊ မီးအုပ်ဆောင်း စသည် တို့ ဖြစ်ပြီး စက်ပစ္စည်းအကူကိရိယာ မပါသဖြင့် လက်ရာများမှာ နိုင်ငံတကာ လက်ရာကဲ့သို့ သေသပ်ချောမွေ့ခြင်း ရှိသည်ကို တွေ့ရပါသည်။
.
ရုပ်မြင်သံကြားတွင် တွေ့ခဲ့ဖူးသော ဂျပန်နိုင်ငံ ဝါးလက်မှုများမှာ ဝါးဖြာစက်၊ ဖိစက်၊ ကွေး စကာ၊ ဖြတ်စက် စသည်တို့ကို အသုံးပြုပြီး ထုတ် လုပ်သဖြင့် အထူးလှပ၊ သေသပ်ကောင်းမွန်သည် ကို တွေ့ရပါသည်။ သို့ကြောင့် နိုင်ငံတကာ ရောင်းတန်းဝင်ပြီး ထိုက်သင့်သည့် တန်ဖိုးလည်း ရကြမည် ဖြစ်ပါသည်။ ဝါးလက်မှုလုပ်ငန်းအတွက် လက်ချည်းလုပ်မည့် အစား လိုအပ်သည့် စက် ကိရိယာများနှင့် သုံးပြီး လုပ်ကိုင်နိုင်ရေးအတွက် အစိုးရမှ ကူညီပံ့ပိုးပေးရန် အကြံပြုလိုပါသည်။
.
ယခုနှစ် ကမ္ဘာ့ဝါးနေ့၏ ဆောင်ပုဒ် Sustainability = Environment + Society + Economy
.
အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ၂ဝဝ၉ စက်တင် ဘာ ၁၈ ရက်နေ့က ကျင်းပသော ဘန်ကောက် မြို့၏ ၈ ကြိမ်မြောက် ကမ္ဘာ့ဝါး ကွန်ဂရက် စည်းဝေးပွဲကြီးတွင် ထုတ်ပြန်သော ကြေညာစာ တမ်းပါ သဘောထားကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats