လားရှိုးမြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များတွင် စားသုံးရန်မသင့်သော ဆိုးဆေးများ ပါဝင်မှု ရှိ၊ မရှိ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များတွင် စားသုံးရန်မသင့်သော ဆိုးဆေးများ ပါဝင်မှု ရှိ၊ မရှိ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေး



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မဈေးကြီးအတွင်း ရောင်းချနေသော ကုန်ပစ္စည်းများတွင် စားသုံးရန် မသင့်သော ဆိုးဆေးများ ပါဝင်မှု ရှိ၊ မရှိကို ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ပထမဆုံးအကြိမ်အဖြစ် စမ်းသပ် စစ်ဆေးလျက်ရှိကြောင်း လားရှိုးမြို့ စားသုံးသူရေးရာ ဦးစီးဌာနမှ သိရှိရသည်။    
.
.
နေပြည်တော်မှ FDA အဖွဲ့နှင့် လားရှိုးမြို့ရှိ သက်ဆိုင်ရာဌာန ပူးပေါင်းအဖွဲ့များသည် လားရှိုးမြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များတွင် ဆိုးဆေးများ၊ စားသုံးရန်မသင့်သည့် ပစ္စည်းများ ပါဝင်မှု ရှိ၊ မရှိအား ဓါတ်ခွဲစမ်းသပ်သော ယာဉ်ဖြင့် စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
"တစ်ခါတည်း စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ စစ်ဆေးလိုက်လို့ တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေ တွေ့ရှိခဲ့ရင် ရောင်းချခြင်းကို ပိတ်ပင်တားဆီးသွားမယ်။ ကျန်တဲ့ အရေးယူတဲ့အပိုင်းတွေကို အခုလာတဲ့ အဖွဲ့တွေ ဆွေးနွေး တိုင်ပင်ပြီးတော့ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု လားရှိုးမြို့ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းသန်းက ပြောသည်။
.
အဆိုပါ စစ်ဆေးရာတွင် ငရုတ်သီးမှုန့်မျိုးစုံများ၊ ဆနွန်းမှုန့်မျိုးစုံ၊ အသားခြောက်များ၊ ပဲပြားများ၊ ငပိမျိုးစုံ၊ လက်လုပ်ချဉ်များနှင့် အခြားသော ကုန်ပစ္စည်းများအား နမူနာ လိုက်လံကောက်ယူ စမ်းသပ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
"ဒါမျိုးစစ်မယ်ဆိုလို့ကတော့ ကြိုက်သလိုစစ်စမ်းပါ။ ကိုယ်တိုင်လဲစားတယ်။ ရောင်းလည်းရောင်းတယ်။ အဓိကကျတဲ့ တရုတ်ကလာတဲ့ အစပ်ချောင်းတွေ၊ ဟင်းချိုမှုန့်တွေကိုလည်းစစ်ပေးပါလို့ တောင်းဆိုခြင်ပါတယ်။ အခုလိုက်ကောက်နေတာကြည့်ရတာ ပြည်တွင်းဖြစ်တွေကိုပဲ  ယူနေသလိုပဲ၊ အဓိက တရုတ်က ထုတ်တာ တွေကိုတော့ အရေးယူတာမတွေ့ဘူး"ဟု လားရှိုးမြို့မ ဈေးကြီးအတွင်း ကုန်စုံရောင်းသူ ဒေါ်ပြူမကပြောသည်။
.
အဆိုပါ လိုက်လံကောက်ယူရာတွင် နေပြည်တော်မှ FDA၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာရေးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ မြို့မဈေးအတွင်းရှိ လိုက်လံ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats