စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ငြိမ်းချမ်းရေးအတွက် ပြည်သူလူထုအားလုံး စိတ်ဝင်စား ဆောင်ရွက်ကြရန်
ရည်ရွယ်၍ ရခိုင်အမျိုးသားတစ်ဦးသည် မြန်မာနိုင်ငံတော်အလံကိုင်ဆောင်ကာ လွိုင်ကော်မြို့မှ
မန္တလေးမြို့အထိ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်လျက်ရှိပြီး ယနေ့ စက်တင်ဘာလ ၁၃
ရက်၊ နေ့လယ်ပိုင်းတွင် ဟိုပုံးမြို့မှ တောင်ကြီးသို့ ထွက်ခွါလာကြောင်း သိရသည်။
.
.
"ကျွန်တော်တို့ တိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတာက ငြိမ်းချမ်းရေးပါ။
မငြိမ်းချမ်းတဲ့အတွက် အားလုံးဒုက္ခ ရောက်နေကြတယ်။ ပြည်တွင်းစစ်ပေါ့။ ဒီပြည်တွင်းစစ်
ချုပ်ငြိမ်းဖို့အတွက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေ
ကြိုးစားနေကြတယ်။ ၂၁ ရာစု ပင်လုံအစည်းအဝေး ၃ ကြိမ် ပြီးသွားပြီ။ ငြိမ်းချမ်းရေးကို
အမှန်တကယ် လိုလားလို့ တက်ရောက်နေတဲ့ သူတွေ ရှိသလို မလွဲသာ မရှောင်သာလို့ တက်ရောက်နေတဲ့
သူတွေလည်း ရှိတယ်။ ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ပျက်သွားရင် ကျွန်တော်တို့ ပြည်သူက
ပြာပုံ ဘဝရောက်တော့မယ်။ ငြိမ်းချမ်းရေးကို ပြည်သူတွေ ပါဝင်နိုင်အောင် ဘာလုပ်သင့်လဲလို့
စဉ်းစားလိုက်တဲ့အခါ ကျွန်တော် လမ်းလျှောက်တဲ့ နည်းကို သုံးတယ်။ ပြည်သူတွေ စိတ်ဝင်စားဖို့
ပြည်သူတွေကြားမှာ လမ်းလျှောက်တာပါ" ဟု တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသူ
ဦးစိုးဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ လမ်းလျှောက်လာသူ ဦးစိုးဝေသည် အသက် ၅၇ နှစ် ရှိပြီဖြစ်ကာ
ရခိုင်ပြည်နယ် သံတွဲမြို့မှ ရခိုင်တိုင်းရင်းသားလူမျိုးတစ်ဦးဖြစ်ပြီး "ငြိမ်းချမ်းပါစေ
မြန်မာပြေ" အနီရောင် စာတမ်းပါ တီရှပ်လက်တိုအားဝတ်ဆင်ကာ (၃x၂)ပေ အရွယ် မြန်မာနိုင်ငံတော်
အလံအားကိုင်ဆောင်၍ လွိုင်ကော်-ဆီဆိုင် -ဆိုက်ခေါင်-ဘန်းယဉ်-ဟိုပုံး-တောင်ကြီး
လမ်းကြောင်းအတိုင်း လမ်းလျှောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်းသည် တောင်ကြီးမြို့မှတဆင့် မန္တလေးမြို့အထိ ဆက်လက် လမ်းလျှောက်
ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan