မြန်မာနိုင်ငံနယ်နိမိတ်အတွင်း တရုတ်နိုင်ငံမှ ကွန်ကရစ် တံတိုင်းတည်ဆောက်မှုကို ကန့်ကွက်စာပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံနယ်နိမိတ်အတွင်း တရုတ်နိုင်ငံမှ ကွန်ကရစ် တံတိုင်းတည်ဆောက်မှုကို ကန့်ကွက်စာပေးပို့


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ဖိုင်းကောင်းကျေးရွာအုပ်စု လယ်တောနှင့် တရုတ်နိုင်ငံဘက်ခြမ်း နောက်လုံကျေးရွာ နယ်နိမိတ်အကြား မြန်မာနိုင်ငံနယ်နိမိတ်အတွင်း စက်တင်ဘာလ ၁၉ ရက် နံနက် ၇ နာရီကျော်က တရုတ်လုံခြုံရေးတပ်ဖွဲ့များမှ ကွန်ကရစ်တံတိုင်း အခိုင်အမာလာရောက်တည်ဆောက်နေသဖြင့် သတင်းရလျှင်ရခြင်း ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း မူဆယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး ထံက သိရသည်။
.
.
"သတင်းရရခြင်းပဲ အနီးဆုံးမြို့အုပ်ချုပ်ရေးပိုင်းကို သွားရောက်စစ်ဆေးခိုင်းတော့ မှန်ကန်နေတာနဲ့ ကန့်ကွက်ခဲ့ပါတယ်။ သူတို့လောလောဆယ် ရပ်သွားပါတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း အခုလုပ်ရပ်ကို ကန့်ကွက်ကြောင်း စာပို့ထားပါတယ်"ဟု ဦးအောင်ကျော်မိုးက ပြောသည်။
.
တရုတ်လုံခြုံရေးတပ်ဖွဲ့များမှ တည်ဆောက်သည့် ကွန်ကရစ်အုတ်တံတိုင်းမှာ သံလီသံကွေးများဖြင့် အခိုင်အမာ တည်ဆောက်ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်း ဖိုင်းကောင်းကျေးရွာနှင့် တရုတ်နိုင်ငံဘက်ခြမ်း နောက်လုံကျေးရွာအကြား  သွားလမ်းအား မြေတူးစက်ဖြင့် ထိုးခွဲကာ သံလီသံကွေးများဖြင့် အခိုင်အမာ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကွန်ကရစ်တံတိုင်းတည်ဆောက်သည့်နေရာမှ မြန်မာနိုင်ငံဘက်ခြမ်းအတွင်း မီတာ ၃၀ ကျော် တွင် တည်ရှိပြီး မည်သည့်အကြောင်းကြားချက်၊ ညှိနှိုင်းချက်မျှမပြုလုပ်ဘဲ ရုတ်တရက် ဝင်ရောက်ပြုလုပ်ခြင်းဖြစ်ကာ နယ်စပ်အား ဖြတ်တောက်သည့်အနေအထားဖြစ်သဖြင့် ယင်းအပြုအမူမှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် လုံးဝ မလိုလားအပ်သည့် အနေအထားတစ်ရပ်ဖြစ်ကြောင်း၊ ယခုလုပ်ရပ်သည် တရုတ်နိုင်ငံဘက်မှ တစ်ဘက်သတ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats