စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်း အများပြည်သူနှင့်
သက်ဆိုင်သော နေရာများ၌ အရက်သေစာ သောက်စားမူးယစ်ခြင်းနှင့် ဆူပူမှုများ မပြုလုပ်ရန် ညောင်ရွှေမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်အမိန့် ထုန်ပြန်ခဲ့ကြောင်း သိရသည်။
.
.
ညောင်ရွှေမြို့အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများဖြစ်သည့်
ပန်းခြံ၊ အားကစားကွင်း၊ စာသင် ကျောင်း၊ ဆေးရုံ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ အနီးပတ်ဝန်းကျင်
နေရာများ၊ ကျောက်တိုင်ကွင်း နယ်မြေအတွင်း၊ ကံသာရပ်ကွက် ညောင်ရွှေမြို့အဝင် ရွှေဗောဓိ
မြို့ဦးစေတီတော်မှ မင်္ဂလာဈေးထောင့် လမ်းမတော်မီးပွိုင့်အထိ၊ မီးပွိုင့်မှ ရုံးကြီးလမ်း
မိုင်းသောက်လမ်းဆုံ မီးပွိုင့်အထိ၊ နန်းပန်ရပ်ကွက်ရှိ တိန်းနန်း တံတားမှ ကမ်းနားလမ်းတစ်လျှောက်
ဆည်မြောင်းဝန်ထမ်းအိမ်ရာအထိ၊ ဆေးရုံလမ်းမှ နိကြေဓာရုံ ဘုရားအထိ၊ ဖောင်တော်ပြန်လမ်း (ဆေးရုံနောက်ကျော) မှ အမက (၂)
အထိ ၇ နေရာအား အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အုပ်စုဖွဲ့ ရန်ဖြစ်ခြင်း၊
အများပြည်သူ စိတ်ငြိုငြင်စေရန် ပြုမှုပြောဆိုခြင်းများ မပြုရန် တားမြစ်ထားကြောင်း သိရသည်။
"ဒီဟာကို အခုမှ ထုတ်ပြန်တာ မဟုတ်ပါဘူး။ အရင်က ထုတ်ပြန်ပြီးသားပါ။
အခုက ထုတ်ပြန်ထားတာကို သက်တမ်း ပြန်တိုးတဲ့ သဘောပါ။ ပုံမှန် သောက်တာ စားတာကို ပြောတာ
မဟုတ်ဘူး။ မူးယစ်ရမ်းကားပြီး အများပြည်သူ စိတ် အနှောက်အယှက် ဖြစ်စေမယ်ဟာတွေအတွက် ထုတ်ပြန်တာပါ။
အခု ဘုရားပွဲကလည်း နီးလာတော့ ပြန်ပြီးတော့ ပြည်သူတွေကို အသိပေးတဲ့သဘောနဲ့ ပြန်ပြီးထုန်ပြန်တာပါ"
ဟု ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ညောင်ရွှေမြို့နယ်ရှိ နန်းဟူးကျေးရွာ ဖောင်တော်ဦးဘုရား ရင်ပြင်တော်နှင့်
ဘုရားသာသနာ့ နယ်မြေအတွင်း၊ အင်းတိန်ကျေးရွာ ရွှေအင်းတိန်ဘုရား နယ်နိမိတ် သာသနာ့နယ်မြေအတွင်း၊
တိလောကျေးရွာ ကန်တော်၏ ဆည်မြောင်းနယ်နိမိတ် ဧရိယာအတွင်း၊ တုံဟုံးလမ်းနှင့် မိုင်းသောက်လမ်းဆုံမှ
မိုင်းသောက်တံတား အဆုံးထိ၊ တုံဟုံးလမ်းနှင့် နန်းပန်လမ်းဆုံမှ နန်းပန်ဈေးလှေဆိပ်အထိ
စသည့်နေရာများတွင်လည်း အရက်သေစာ သောက်စား မူးယစ်ရမ်းကားခြင်း မပြုရန် တားမြစ်သတ်မှတ်ထားကြောင်း
သိရသည်။
.
အဆိုပါ ထုတ်ပြန်ထားသော တားမြစ်ချက်များကို ဖောက်ဖျက်သူ မည်သူမဆို
ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ထုတ်ပြန်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan