တန့်ယန်းမြို့နယ်အတွင်းရှိ ရှေးဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ဆိုလာဘက်ထရီဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တန့်ယန်းမြို့နယ်အတွင်းရှိ ရှေးဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ဆိုလာဘက်ထရီဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်း



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စု၊ မန်းကောင်းမူး(နောင်ချို)ဘုန်းတောင်ကြီးကျောင်းတွင် စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ဆိုလာဘက်ထရီ ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“ပေ ၈၀၀၀ ကျော်က ပလောင်ရွာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းပါ။ မီးမရှိတော့ ဆိုလာဘက်ထရီ သုံးရာကနေ ၀ါယာ ရှော့ခ်ဖြစ်ပြီး မီးလောင်တာဖြစ်ပါတယ်။ ရေကလည်းသယ်ရတာခက်တော့ တစ်ကျောင်းလုံးမီးသင့်သွားပါတယ်”ဟု တန့်ယန်း မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ခွဲမှူး ဦးစိုးမိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
.
မီးသင့်လောင်ကျွမ်းခဲ့သည့် ဘုန်းတော်ကြီးကျောင်းမှာ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးအမျိုးအစားဖြစ်ကာ အလျား ၈၀ ပေ၊ အနံ ၈၀ ပေ၊ အမြင့် ၄၂ ပေရှိပြီး ကျောင်းနေသံဃာတော် ၂၈ ပါးသီတင်းသုံးနေသည့်ကျောင်းဖြစ်ကြောင်း သိရသည်။ မီးမှာ နံနက် ၈ နာရီမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မွန်းတည့် ၁၂ နာရီခန့်မှသာ ငြှိမ်းသတ်နိုင်ခဲ့သဖြင့် ကျောင်းဆောင် တစ်ခုလုံး မီသင့်လောင်ကျွမ်းခဲ့ရကာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၀၄၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။
.
ကျေးရွာတွင် ရေချောင်းများရှိသော်လည်း တံတားမရှိသည့်ချောင်းများ ရှိနေကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိသော်လည်း ဆုံးရှုံးမှုတန်ဖိုး ကြီးမားကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် NGOများ အလှူရှင်များမှ သွားရောက်၍ စေတနာအရလှူဒါန်းသွားရန် ရှိနေသည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။
.
တန့်ယန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၄၉ အုပ်စု၊ ကျေးရွာပေါင်း ၆၀၁ ရွာ ရှိကာ ယခုမီးလောင်ကျွမ်းသည့်ရွာမှာ လွယ်လိန်းတေင်ပေါ်ရှိ အမြင့်ပေ ၈၇၇၇ မြင့်မားသည့် ကင်္ကာတောင်ရှိ ပလောင်တိုင်းရင်းသားရွာဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats