ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှ အလွတ်တန်းသတင်းထောက်တစ်ဦးအား
စက်တင်ဘာလ ၁၅ ရက်၊ ညပိုင်းက အမည်မသိအမျိုးသားတစ်ဦးမှ လာရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
မိုးမိတ်မြို့တွင် နေထိုင်သူ အလွတ်တန်းသတင်းထောက် ဦးမောင်မောင်မြင့်၊
ကလောင်အမည် ရဲရင့် (မိုးမိတ်) သည် စက်တင်ဘာလ
၁၅ ရက်၊ ည ၇ နာရီအချိန်ခန့်က မိုးမိတ်မြို့မဈေးရှိ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်တွင် မိတ်ဆွေ
တစ်ဦး နှင့်အတူ ညစာစားသောက်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ လာရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး
မည်သည့် အကြောင်းအရာကြောင့် ရိုက်နှက်ခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း သိရသည်။
ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ဦးမောင်မောင်မြင့်တွင် ဝဲဘက်မေးရိုး
ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ ဝဲလက် ဖူးယောင် ဒဏ်ရာများ ရရှိခဲ့ပြီး မိုးမိတ်ပြည်သူ့ဆေးရုံတွင်
တက်ရောက်၍ ဆေးဝါး ကုသမှု ခံယူလျက်ရှိကာ ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ မိုးမိတ်မြို့မရဲစခန်းတွင်
အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။
.
''အသတ်မခံရတာ ကံကောင်းတာပါ။ ဒီမြို့မှာက ကျွန်တော့်ကို သတ်မယ်လို့
ခြိမ်းခြောက်ထားတဲ့ လူတွေရှိတယ်။ ဒီညနေမှာ ကျွန်တော့်မိတ်ဆွေတစ်ဦးနဲ့ ဈေးမှာမုန့်ဟင်းခါးစားနေတုန်း
မင်းကဘာကောင်လဲကွာ လို့ပြောပြီး လူတစ်ယောက် ဝင်ရိုက်တယ်။ နောက်စေ့ကို ရိုက်တာပါ။ ကျွန်တော်က
လှည်ကြည့်လိုက်တဲ့အချိန်ဖြစ်တော့ မေးရိုးကို လာထိတာ။ မေးရိုးကွဲသွားတယ်။ နောက်တစ်ချက်ရိုက်တော့
လက်နဲ့ကာလိုက်တယ်။ လက်ဖျံရိုး ထိသွားတယ်။ လှုပ်လို့မရတော့ဘူး။ နောက်တစ်ချက် ရိုက်မယ်လုပ်တော့
ကျွန်တော်ဝင်လုံးလိုက်တယ်။ အဲဒီမှာ သူလဲကျသွားတယ်။ ပြီးတော့ ထွက်ပြေးသွားတာပါ။ အခုလက်ရှိတော့
ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်''ဟု ရိုက်နှက် ခံရသူ ဦးမောင်မောင်မြင့်က ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
ရိုက်နှက်ခံရသူ ဦးမောင်မောင်မြင့် (ခ) ရဲရင့် (မိုးမိတ်) သည် ပြည်တွင်းရှိ
သတင်းမီဒီယာအချို့တွင် သတင်းရေးသား နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan