လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်ကြောင်း အဆိုကို ရှမ်းလွှတ်တော်တွင် မှတ်တမ်းအဖြစ် ထားရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်ကြောင်း အဆိုကို ရှမ်းလွှတ်တော်တွင် မှတ်တမ်းအဖြစ် ထားရှိ


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့ကို ယနေ့ စက်တင်ဘာလ ၂၁ ရက် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေး စတုတ္ထနေ့က မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့် တင်သွင်းခဲ့သည့် လိုင်စင်မဲ့ယာဉ်များနှင့် ပတ်သက်၍ ပြည်သူလူထု နစ်နာမှုမရှိစေရေးအတွက် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေး နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
.
.
ယင်းအဆိုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက သင်္ဘောဖြင့် ရေလမ်းကြောင်းမှဖြစ်စေ၊ ကုန်းလမ်းဖြင့် နယ်စပ်ဝင်ပေါက်များမှဖြစ်စေ တရားဝင် တင်သွင်းလာသော မော်တော်ယာဉ်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ယာဉ် တင်သွင်းခွင့် သွင်းကုန်လိုင်စင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သွင်းကုန်ကြေညာလွှာ မူရင်းများနှင့်အတူ လျှောက်ထားလာပါက မော်တော်ယာဉ်တင်သွင်းမှု မှတ်ပုံတင်ခြင်းကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ တရားဥပဒေကို လိုက်နာသော ယာဉ်ပိုင်ရှင်များအတွက် နစ်နာမှုများ၊ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းရောင်းချလျက်ရှိသော အရောင်းပြခန်းများ ထိခိုက်မှုကြောင့် ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ပြည်တွင်းကားဈေးကွက် မတည်ငြိမ်မှု ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် လိုင်စင်မဲ့မော်တော်ယာဉ် များအား တရားဝင်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးခြင်းမရှိနိုင်ပါကြောင်းနှင့် နိုင်ငံတော်မှ အထူးကိစ္စအဖြစ် သတ်မှတ် ဆောင်ရွက်ပေးမှသာလျှင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းရန်နှင့် ပတ်သက်၍လည်း ပြည်သူများ၏ လက်ဝယ်တွင် ဝယ်ယူအသုံးပြုနေကြသော တရားမဝင်မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ တရားဝင်လိုင်စင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရှင်းလင်းဖြေကြားခဲ့ပြီးဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
.
ဆက်လက်ပြီး အဆိုအား မဲခွဲဆုံးဖြတ်ရာ လွှတ်တော်သို့ တက်ရောက်လာသော မဲပေးပိုင်ခွင့်ရှိသူ လွှတ်တော်ကိုယ် စားလှယ် ၁၁၈ ဦးအနက် အဆိုအား အတည်ပြုရန် ထောက်ခံဆန္ဒမဲပေးသူ ၅၃ ဦး၊ ကန့်ကွက်ဆန္ဒမဲပေးသူ ၅၈ ဦး၊ ကြားနေ ၆ ဦးနှင့် ဆန္ဒမဲမပေးသူ ၁ ဦး ရှိသည့်အတွက် အဆိုအား လွှတ်တော်၌ မှတ်တမ်းအဖြစ်ထားရှိရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက် နံနက်ပိုင်းတွင် ၁၁၉ ဦး တက်ရောက်ကာ ခွင့်ပန်ကြားသူ ၂၄ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈၃ ဒသမ ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၉ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၀ ခုမေးမြန်းခဲ့ပြီး ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်း အား  ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats