နန်းနန်း၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်
အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊
အစည်းအဝေး ခန်းမ၌ သြဂုတ်လ ၃၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ၏
စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်
ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
.
.
အဆိုပါ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေးအတွက်
အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့် ၃ ဆင့်မှာ ပထမအဆင့်အနေဖြင့် အခြားနိုင်ငံက ပိုင်သည့်
ဂြိုဟ်တုထရန်စပွန်ဒါကို ငှားရမ်းပြီး ငွေပေးချေ သောစနစ်၊ ဒုတိယ အဆင့်အနေဖြင့် အချိုးကျ
ပူးတွဲပိုင်ဆိုင်သည့် စနစ်၊ တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံမှ အလုံးစုံ ပိုင်ဆိုင်သည့်
ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်မှုတို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပထမအဆင့်ဖြစ်သော အခြားနိုင်ငံက ပိုင်သည့် ဂြိုဟ်တုထရန်စပွန်ဒါကို
ငှားရမ်းဆောင်ရွက် နေလျက်ရှိပြီး ဒုတိယအဆင့်ကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊
ဇွန်လ ၁ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းအချက်အလက်
နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနနှင့် Intelsat Global Sales &
Marketing Limited တို့မှ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ကြောင်း ဒုတိယသမ္မတ
ဦးမြင့်ဆွေက အစည်းအဝေး အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
.
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့်
Intelsat Global Sales & Marketing Limited တို့ လက်မှတ် ရေးထိုးခဲ့သည့် သဘောတူစာချုပ်အရ
ကုန်ကျမည့်ငွေ စုစုပေါင်းအမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ဖြစ်ပြီး အဆိုပါငွေပမာဏ၏ ၃၀
ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ်၊ (၆)လ ဘတ်ဂျက်တွင် ၂ ကြိမ်၊ ၅၀ ရာခိုင်နှုန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၎
ကြိမ်၊ ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၂ ကြိမ်ခွဲ၍ ပေးချေရမည်
ဖြစ်ကြောင်း ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အချိုးကျ ပူးတွဲပိုင်ဆိုင်မည့် MyanmarSat-2 ဂြိုဟ်တုကို
၂၀၁၉ ခုနှစ်၊ ဇွန်လတွင် နည်းပညာ အသစ်များဖြင့် စတင် အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းဂြိုဟ်တု၌
C-Band ၆ ခုအတွက် လိုင်းအင်အားပေါင်း 432 MHz နှင့် Ku Band ၆ ခုအတွက် လိုင်းအင်အားပေါင်း
432 MHz ၊ စုစုပေါင်း လိုင်းအင်အား 864 MHz ကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
.
တတိယအဆင့်ဖြစ်သော မြန်မာနိုင်ငံမှ အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တု
လွှတ်တင်ပါက ကုန်ကျ စရိတ် များပြားသည့်အတွက် ပထမ ဦးစားပေးလျာထားမှုအနေဖြင့် ကုန်ကျစရိတ်
သက်သာသော Earth Observation Micro-Satellite အမျိုးအစားဂြိုဟ်တုကို လွှတ်တင် ဆောင်ရွက်သွားမည်ဖြစ်ကာ
ဂြိုဟ်တု လွှတ်တင်ရေးအတွက် ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ်က ကမ်းလှမ်းထားကြောင်း သိရသည်။
.
မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီကို
ဒုတိယသမ္မတ ဦးဆောင်၍ အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များကို
အကောင်အထည်ဖော် ဆောင်ရွက် သည့် လုပ်ငန်းကော်မတီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းထားသည့်အပြင် နည်းပညာဆပ်ကော်မတီ၊
ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တု ထရန်စပွန်ဒါ
ငှားရမ်းရေးဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ ၃ ခုကိုလည်း ဖွဲ့စည်းထား ကြောင်း သိရသည်။
.
.
.
#KBZTai #Shan