မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
"ဝ"တပ်ဖွဲ့ဝင်များမှ
ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများကို ဖျက်ဆီးနေသည့် ရုပ်သံမှတ်တမ်းများ လူမှုကွန်ရက်တွင်
ထွက်ပေါ်လာမှုနှင့်ပတ်သက်၍ "ဝ"ပြည်ပဆက်ဆံရေးရုံး၊ လားရှိုးတာဝန်ခံ ဦးညီရမ်းက
"ဝ"ပြည် ပြဌာန်းဥပဒေကို ကျော်လွန်ပြီး အစွန်းရောက်သည့် မည်သည့် ဘာသာကိုမျှ
ခွင့်မပြုကြောင်း စက်တင်ဘာ လ ၂၀ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
.
"တောင်ပိုင်းတော့
ပြဿနာမရှိ၊ ဘာမှမကြားပါဘူး။ ခေါ်ယူမေးမြန်းစစ်ဆေးမှုတွေ လုပ်နေတယ်။ ဗဟိုရဲ့ခွင့်ပြုချက်မရတဲ့
ဘုရားကျောင်းတချို့ ဖျက်တယ်ကြားရတယ်။ "ဝ"ပြည်ပြဌာန်းဥပဒေကျော်လွန်ပြီး အစွန်းရောက်
မည်သည့်ဘာသာကိုမျှ ခွင့်မပြုပါဘူး"ဟု ဦးညီရမ်းက ပြောသည်။
"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ၊
ဗဟိုကော်မတီမှ စက်တင်ဘာလ ၆ ရက်စွဲဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ပတ်သက်သောဖြေရှင်းချက်
သတိပေးစာတွင် "ဝ"ဒေသတစ်ခုလုံး၌ ရှိသော အမှုတော်ဆောင်များ၊ ကျောင်းဆောင် အရေအတွက်ကို
စစ်ဆေးပြီး ၁၉၈၉ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်အတွင်း အစိုးရခွင့်ပြုချက်ဖြင့် ဆောက်ထားသော
ဘုရားကျောင်းများကိုချန်လျှပ်၍ နောက်ပိုင်းဆောက်ထားသော ကျောင်းများကို ပယ်ဖျက်မည်ဖြစ်ကြောင်း၊
နောက်ထပ် ဘုရားကျောင်းဆောင်အသစ် လုံးဝတည်ဆောက်ခွင့်မပြုကြောင်း၊
ဘာသာဝင် လူသစ် ထပ်မံသွင်းခွင့် မပြုကြောင်း၊ ဗဟိုခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသော ဘုရားကျောင်းဆောင်များကို
ဖြိုချပစ်မည်ဖြစ်ကြောင်း၊ ဘုရားကျောင်းကို ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကိုလည်းစစ်ဆေးမည်ဖြစ်ကြောင်း၊
စာသင်ကျောင်းများ၌ ဘာသာရေးသွန်သင်ချက်များနှင့် တိုက်တွန်းချက်များအား သင်ကြားခွင့်မပြုကြောင်း၊
ဘာသာရေးခေါင်းဆောင်များသည် ဒေသခံများသာဖြစ်ရမည်ဖြစ်ကာ ၎င်းတို့သည် "ဝ"အစိုးရ၏
လုပ်ပိုင်ခွင့်ပေးမှုအောက်၌သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဗဟိုဌာနချုပ်၏သတ်မှတ်ထားသော
စည်းကမ်းဘောင်အတွင်း၌သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
လူမှုကွန်ယက်စာမျက်နှာပေါ်တွင်
ဖော်ပြထားမှုအရ "ဝ"တပ်ဖွဲ့များ ဖြိုချဖျက်ဆီးခဲ့သည့် ခရစ်ယာန်ဘုရားကျောင်းများမှာ ပန်ဆန်းရှိ နမ့်ပန်တဲဘုရားကျောင်း၊ ဘာမွေရှိ လားဟူဘုရားကျောင်းတို့ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါကိစ္စနှင့်
ပတ်သက်၍ "ဝ"တောင်ပိုင်း စစ်ဒေသ (၁၇၁)မှ ဘာသာရေးဆရာ ဦးအိုက်ပလိပ်အား ဆက်သွယ်မေးမြန်းရာ
"ဒီမှာတော့ အေးအေးချမ်းချမ်းပါ၊ ဘာပြဿနာမှမရှိပါဘူး"ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
.
.
#KBZTai
#Shan