လူမှုရေးအသင်းများမှ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာ စစ်ရှောင်များအား စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း တိုက်ပွဲသံကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူမှုရေးအသင်းများမှ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာ စစ်ရှောင်များအား စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း တိုက်ပွဲသံကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်နေသည့် စားသောက်ဖွယ်ရာ များကို ကျောက်မဲအခြေစိုက် အိုမ်တမာဝ် လူမှုကူညီရေးအသင်းနှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့မှ  စက်တင်ဘာလ ၃ ရက်တွင် စစ်ဘေးရှောင်ပြည်သူများရောက်ရှိနေသည့် ပန်သပြေနှင့် မန်လီကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ပြီးနောက် ပန်လုံကျေးရွာအနီး အရောက်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။


.

.
"ပါလာတဲ့ဆရာတော်တွေ ဆွမ်းကပ်ချိန်ရောက်လို့ ပန်လုံနားက ထမင်းဆိုင်မှာ ဆွမ်းကပ်နေဆဲတဲ့အချိန်မှာပဲ လက်နက်ငယ် တွေရော၊ လက်နက်ကြီးပစ်ခတ်သံတွေကြားလို့ ထမင်းထုတ်သိမ်းပြီး ပြေးလာကြရတယ်"ဟု ဇီဝိတလူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ပြောသည်။
.
နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာတွင် စက်တင်ဘာလ ၁ ရက်ညနေပိုင်းမှစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သဖြင့် ပန်လုံကျေးရွာ တစ်ရွာလုံးစစ်ဘေးရှောင်ခဲ့ကြရာ ပန်သပြေကျေးရွာတွင် ၆၁၉ ဦး၊ မန်လီကျေးရွာတွင် ၄၄၆ ဦးနှင့် သီပေါမြို့ပေါ်ရှိ ဘိုးတော်ကျောင်းတွင် ၃၂၀ ဦးရှိနေခဲ့ပြီး လူမှုအသင်းများမှ ပန်သပြေနှင့် မန်လီကျေးရွာ စစ်ဘေးရှောင် များထံသို့သွားရောက်ကာ စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
"သူတို့ဟင်းချက်စားသောက်ဖို့ လိုအပ်တဲ့ ကြက်သွန် ဆီ၊ ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေ ၁၀ သိန်းကျော်ကို  သွားလှူ ပေးတာပါ။ ဆရာတော် ၂ ပါးနဲ့ အသင်းဝင် ၁၅ ဦး၊ ကား ၂ စီးနဲ့သွားခဲ့ပါတယ်။ ထမင်းစားနေတုန်း တိုက်ပွဲဖြစ်သံကြားလို့ ထွက်ပြေးလာခဲ့ရတယ်"ဟု အိုမ်တမာဝ် အသင်းမှပြန်ကြားရေးတာဝန်ခံ မိုင်းစမိုင်က ပြောသည်။
.
စက်တင်ဘာ ၁ ရက် ညနေပိုင်းက RCSS/SSA နှင့် TNLA ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း ပန်လုံကျေးရွာအတွင်းရှိ ဒေသခံ တားဆန်ထွန်း (၅၄)နှစ်တွင် ယာဘက်ရင်အုံတွင် ထိမှန်ခံရပြီး မိုင်းအမိုး(၂၃)နှစ်မှာ ၀ဲလက်မောင်းကျည်ပေါက်ထွက် ဒဏ်ရာများရရှိခဲ့ကာ စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းအထိ ပန်လုံကျေးရွာ အနီး တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားဆဲဖြစ်ကြောင်းသိရှိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats