ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊
ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းညွန့်စိန် အား စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက
အမည်မသိ မျက်နှာဖုံးစွပ်လူ ၂ ဦးမှ နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်သဖြင့် နေရာတွင်
လဲကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
.
.
ကျိုင်းတောင်းမြို့၊ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းညွန့်စိန်
(၄၉ နှစ်) သည် စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက ၎င်း၏နေအိမ်ခြံဝင်းအတွင်း ရေခပ်နေစဉ် အမည်မသိ
မျက်နှာဖုံးစွပ်ထားသူ ၂ ဦး ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးစိုင်းညွန့်စိန်တွင်
ယာလက်မေငာ်း ထိမှန်ဒဏ်ရာ ၂ ချက်၊ ယာရင်အုံ ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲနို့အုံဘေးနံကြားမှ
ကျောကုန်းသို့ ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ၄ ချက် ထိမှန်ခဲ့ပြီး နေရာတွင် လဲကျသေဆုံးသွားခဲ့ကြောင်း
သိရသည်။
"မနေ့က မနက် ၆ နာရီခွဲမှာ ဦးစိုင်းညွန့်စိန်က ရေတွင်းအနီး
လဲကျသေဆုံးနေတယ်လို့ သတင်းရတဲ့အတွက် သွားရောက်စစ်ဆေးပါတယ်။ သေဆုံးသူက သူ့အိမ်ဘေးက ဦးလုံးစောနရဲ့
နေအိမ်ကနေ ရေခပ်နေတာပါ။ အဲဒီချိန်မှာ အဲဒီအိမ်ရဲ့ ခြံစည်းရိုးအပြင်ဘက်ကနေ သေနတ်နဲ့
ပစ်တာပါ။ ဝဲ/ယာ ချိုင်းအောက် ဒဏ်ရာ ၂ ချက်၊ ရင်ဘတ်ဒဏ်ရာ ၁ ချက် ရပါတယ်။ ဝဲလက်မောင်း
ဒဏ်ရာ ၁ ချက် ရပါတယ်။ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ ပါတယ်။ ပစ်ခတ်တဲ့သူကတော့ အမည်မသိ
အသက် ၂၅ နှစ်ခန့်၊ အရပ်ဝတ်နဲ့ လူငယ် ၂ ဦးကနေ ဆိုင်ကယ်နဲ့ လာပြီးတော့ အနောက်က လိုက်ပါစီးနင်းလာတဲ့
တစ်ဦးက ပစ်ခတ်ပြီးတော့ ကျိုင်းတောင်း-ခိုလန် လမ်းအတိုင်း ခိုလန်ဘက်ကို ထွက်ပြေးမောင်းနှင်သွားပါတယ်။
သေဆုံးသူရဲ့ဇနီးက မြင်တွေ့ခဲ့ပါတယ်။ ဒါ့အပြင် ကျည်ခွံ ၄ ခုနဲ့ မျက်နှာစည်းတဲ့ ပဝါ ၁
ခု ရခဲ့ပါတယ်"ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝင်းဇော်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ဦးစိုင်းညွန့်စိန်အား ပစ်ခတ်သွားကျည်အမျိုးအစားမှာ USA
နိုင်ငံထုတ် ၉-မမ LUGER ကျည်အမျိုးစား ဖြစ်ကြောင်းနှင့်
ပစ်ခတ်သူ ၂ ဦး မှာ ကျိုင်းတောင်းမြို့မှတဆင့် ကျိုင်းတောင်းမြို့၏ အရှေ့ဘက် ဟိုဟကျေးရွာ
အုပ်စု၊ နမ့်ဟူးကျေးရွာ ဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။
.
ပစ်ခတ်ခံရသူ ဦးစိုင်းညွန့်စိန်သည် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင်
ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး တာဝန်အား စတင်ထမ်းဆောင်စေပြီး၊
အေးဆေးစွာနေတတ်သူဖြစ်ကြောင်း၊ ဒေသခံ လူကြီး/လူငယ် များ၊ ဌာနဆိုင်ရာများနှင့်ဆက်ဆံရေးပြေပြစ်ပြီး
လူချစ်/လူခင်ပေါများသူဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဦးစိုင်းညွန့်စိန်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ အမည်မသိ
အမျိုးသား ၂ ဦးအား ကျိုင်းတောင်း နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး
တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan