ဘုရားကြွတော့မယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘုရားကြွတော့မယ်


အင်းလေးသန္တာခင်
.
.
နေ့လယ် ၁၂ နာရီခန့် အင်းလေးဟဲယာရာမ နေ ညီမဒေါ်ခင်မြထံမှ ဖုန်းဝင်လာသဖြင့် ဖုန်းကိုင် လိုက်သည်။
.
''အစ်မရေ ဒီမနက် မုန့်နှိုက်တယ်။ နေပူ ကောင်း မကောင်း မသေချာလို့ နှစ်ပြည်ပဲ အရင် စမ်းလုပ်တယ်။ တော်သေးတယ်။ ခုချိန်အထိ နေပူနေလို့။''
.
ကျွန်မရင်ထဲ လှိုက်ကနဲ ဖြစ်သွားပါသည်။ သြော် ဘုရားကြွခါနီးပြီပဲ။ တော်သလင်းလ နေပူ ရှိန်ပြင်းသည့်လမှာ အင်းလေးကရွာများမှာ မုန့် လုပ်စမြဲပေကိုး။
.
အင်းသူအင်းသားများသည် ဖောင်တော်ဦး ဘုရားမိမိရွာသို့ ကြွချီစံမြန်းလာသည့်အခါ လှူရန်ဆွမ်းတော်ပွဲတွင် မပါမဖြစ် ဆန်လုံးစီမုန့်(ကောက်ညှင်းခွက်)ကို ပုံစံသုံးလေးမျိုးခန့် လုပ်လေ့ရှိသည်။ အဝိုင်းလေးထောင့် နှစ်ဖက်ချွန်၊ တစ်ဖက်ချွန်တို့ ဖြစ်သည်။ ခေတ်ပေါ်မုန့်အမျိုးမျိုးကို အလွယ်တ ကူ ဝယ်ယူရနိုင်သော်လည်း ရိုးရာဓလေ့အတိုင်း အိမ်တိုင်းလိုလို ဆန်လုံးစီမုန့်ကို လုပ်နေကြဆဲ ဖြစ်သည်။
.
''တော်သလင်းနေ ပုဇွန်သေ''ဟူသော စာဆိုနှင့်အညီ နေသာသည့် ရက်များမှာ မုန့်လုပ် လျှင်နေ့ခြင်းခြောက်သွေ့နိုင်သည်။ မနက်ဖြန်နေ သာလိမ့်မည် ထင်လျှင် ညကတည်းက ကောက် ညှင်းဆန်ကို ရေစိမ်ထားပြီး နံနက် ၄ နာရီလောက် ထ၍ ပေါင်းချောင်ဖြင့် ပေါင်းပြီး မိုးမလင်းခင်အပြီး ဝိုင်းလုပ်ကြသည်။ တစ်အိမ်နှင့်တစ်အိမ် အလှည့် ကျ ဝိုင်းကူကြမြဲဖြစ်သည်။ ပြီးလျှင် အိမ်ရှေ့ကပြင်မှာ အစီအရီနေလှန်းထားရသည်။
.
တစ်ခါတစ်ရံ ''တော်သလင်းမိုး အိမ်ခေါင် ကျိုး''စာဆိုနှင့်အညီ သဲကြီးမဲကြီးရွာသည့် မိုးနှင့်လည်း တိုးတတ်ပါသည်။ သို့သော် ဖြစ်ခဲပါသည်။ ဘုရားတန်ခိုးကြောင့်ဟု ယုံကြည်ကြသည်။
.
လူကြီးလူငယ်အရွယ်မရွေး ရင်ခုန်သည့် ဘုရားပွဲကို ညွှန်းပါဟုဆိုလျှင် အင်းလေးဖောင်တော်ဦးဘုရားပွဲ ညွှန်းရ ပါလိမ့်မည်။ ကျွန်မ ၆ တန်း ရောက်သည့်နှစ်မှာ အင်းပေါခုံက ပေးလိုက်သော ပိုးလုံချည်အပြာရောင်လေး တစ်ထည်ရသည်။ ရွာမ အထကတွင် အင်္ဂလိပ်စာပြ ဆရာဦးမောင် ကြီး၏ ညီမ ဒေါ်ကြွယ်သည် နှစ်ဖက်လှပန်းထိုး လက်ရာအလွန်ကောင်းသည်။ ဘုရားပွဲအမီ ထိုး ပေးမည်ဟု ဆိုထားသော်လည်း ကျွန်မသည် တစ်ပတ်လောက် အလိုကတည်းကပင် ညနေ ကျောင်းဆင်းလျှင် အိမ်မပြန်နိုင်သေး ''ဒေါ်ဒေါ် ကြွယ်ပြီးခါနီးပြီလား''ဟု သွားမေးကြည့်ရတာအ မောပါ။
.
သမီးလေးရ၍ ကျွန်မအရွယ်သို့ ရောက်ချိန် မှာလည်း သမီးတို့မောင်နှမတွေကို စိတ်တိုင်းကျ ချုပ်ပေးလေ့ရှိသော ကိုညွန့်မောင်က''သမီးရေ ဒီတစ်ခါတော့ သမီးဝတ်စုံကို နေ့ဆွမ်းကပ်မှပဲ ဝတ်တော့နော်။ အပ်ထည်များလို့ ပြီးမယ်မထင်ဘူး''ဟု ပြောသောအခါ သမီးက ငိုချလိုက်ပါ တော့သည်။
.
''တိတ် တိတ် သမီး မငိုနဲ့တော့နော်။ ကို ကြီးညွန့်မောင် အပြီးချုပ်ပေးမှာ။ မအိပ်ဘဲကို ချုပ်ပေးမှာ စိတ်ချ''ဟု ပြောတော့မှ ရယ်နိုင်ပြုံး နိုင်ပါတော့သည်။
.
ယောက်ျားလေးများ လူပျိုလူရွယ်အရွယ် ရောက်ပါမှ ဆွဲလှေလှော်ခွင့်ရကြသည်။ ဘုရား ဖောင်တော်ကို ဆွဲလှော်ရမည့် သူများက ရိုးရာ ပင်နီဝတ်စုံကို ချုပ်ကြရင်း ရင်ခုန်ရသည်။
.
ပြိုင်ပွဲဝင်မည့် ရွာများမှ ဆွဲလှေလှော်သူတွေ ကလည်း ''လေ့လေ့လေ့ဟော''ဟု ညာသံပေး ရင်း သည်နှစ်လှေပြိုင်ပွဲမှာ ပန်းဆွဲနိုင်အောင် မျှော် မှန်းရင်း ရင်ခုန်ကြရသည်။
.
အဖွား၊ အမေ၊ အဒေါ်များက မိမိရွာသို့ ဘု ရားကြွရောက်လာမည့် နှစ်ရက်အလိုကတည်းက လှူစရာမုန့်များကို စုံလင်အောင် ကြော်လှော်ပြင် ဆင်ကြသည်။ ကလေးများကလည်း ''မုန့်ကြော် ပေးပါ၊ ကျောင်းတကာ မပေးဘဲ အိမ်ကိုဖြို၊ မိုး စက်စက်ယို''ဟု အော်ဆိုရင်း မုန့်တောင်းစားလေ့ရှိ သည်။ သစ်သီးမျိုးစုံကိုလည်း ဘုရားခန်းမှာ ဘု ရားစင်ရှေ့မှာ စားပွဲခုံလေးတွေပေါ်မှာ လှလှပပ စီစီရီရီတင်ထားကြသည်။ တတ်နိုင်သူများက ဘော်ကလပ်၊ ဘော်ဒေါင်းလန်း၊ ဘော်ဆွမ်းအုပ် များဖြင့် ဆွမ်းကို သုံးပွဲပြင်ကြသည်။ (ဘော်=ငွေ သားအစစ်)ဆွမ်းတစ်ပွဲ၊ သစ်သီးတစ်ပွဲ၊ မုန့်မျိုးစုံ တစ်ပွဲဖြစ်သည်။ ညနေပိုင်းမှာ ပန်းနှင့်ရေချမ်းကို ကပ်လှူကြသည်။
.
သက်ကြီးရွယ်အို အဘိုးအဘွားများကလည်း မိမိရွာသို့ ဘုရားရောက်မည့် ရှေ့ရက်ကပင်လျှင် ခေါင်းရိတ်၊ ရေချိုးပြီး မိမိကိုယ်ကို သန့်ပြန့်အောင် ပြင်ဆင်ကြသည်။ ဘုရားကြိုနိုင်ရန် ပန်းရေချမ်း ကပ်နိုင်ရန်၊ ဆွမ်းတော်ကပ်နိုင်ရန် အားခဲကြသည်။ သဒ္ဓါထက်သန်သူများက အာရုံဆွမ်းကို ''ဆွမ်းဦးပုညရှင်''ဖြစ်အောင် အားထုတ်ကြသည်။ သည် နှစ် ဘယ်အရပ်၊ ဘယ်သူ့အိမ်က ဆွမ်းဦးသတဲ့ဆို သော ကောင်းသတင်းသည် ချက်ချင်းပျံ့သွားလေ့ ရှိသည်။
.
နာတာရှည်လူမမာများသည်ပင်လျှင်''လေ့ လေ့ ဟော''ညာသံကိုမျှော်ရင်း စည်တော်သံသာ သာကို နားစွင့်ရင်း အိပ်ယာထဲကနေ၍ လက်အုပ် ချီမိုး ရှိခိုးလေ့ရှိသည်။
.
ကလေးအရွယ် လူငယ်များက ပွဲတော်ရောက် လျှင် ဝတ်ကောင်းစားလှအဝတ်သစ်များ ဝတ်ရ သဖြင့်လည်းကောင်း၊ လူရွယ်လူလတ်များက အားနှင့်မာန်နှင့် ဆွဲလှေလှော်ကာ ပူဇော်ခွင့်ရ၍ လည်းကောင်း၊ လူကြီးများက ကြည်ညို သဒ္ဓါထက် သန်စွာဖြင့် ဖူးမြော်ခွင့်ရ၍လည်းကောင်း၊ လူအို လူနာများကလည်း ဘဝကူးကောင်းရေးအတွက် လည်းကောင်း အထူးကြည်ညိုဖွယ် ဖောင်တော် ဦးရုပ်ရှင်တော်မြတ်ကို ဦးညွတ်ကျိုး ရှိခိုးပူဇော် ကြမြဲဖြစ်ပါသည်။
.
ဖောင်တော်ဦးရုပ်ရှင်တော်မြတ်တို့အား သဒ္ဓါ ရိုကျိုးအားကိုး ယုံကြည်ကြသူတို့ အကျိုးကျေးဇူး များပုံ၊ လက်ငင်းအကျိုးပေးပုံများ၊ ကိုယ်တွေ့ဖြစ် ရပ်နှစ်ခု ဖော်ပြပါမည်။
.
ကျွန်မ၏ ဦးကြီး(အမေ၏ တဝမ်းကွဲအစ်ကို) သည် အင်းလေးမှ ပင်လုံသို့ အရောင်းအဝယ် ကိစ္စဖြင့် ခရီးသွားလေ့ရှိသူဖြစ်သည်။ တစ်ကြိမ် တွင် ပင်လုံမှ တောင်ကြီးကားကို စီးလာရာ ဘေး မှ အမျိုးသမီးတစ်ဦးက သူမူးတတ်လို့ နေရာချင်း လဲချင်သဖြင့် ဦးကြီးက နေရာချင်းလဲပေးလိုက် လမ်းတွင် ဓားပြအတိုက်ခံရသည်။ ကားမရပ်ခင် သေနတ်ပစ်သည်။ စောစောကနေရာလဲပေးလိုက် သူ အမျိုးသမီးသည် သေနတ်ဒဏ်ရာဖြင့် ပွဲချင်း ပြီးသေပါတော့သည်။ ဦးကြီးက ရင်ကိုဖိရင်း အိပ် ထောင်ထဲက သင်္ကန်းစကို စမ်းရင်း''ဖောင်တော် ဦးဘုရားကယ်ပေလို့''၊ ''ဖောင်တော်ဦးဘုရား ကယ်ပေလို့''ဟု တမိပါတော့သည်။ ဦးကြီးသည် ခရီးသွားသည့် အခါတိုင်း ဖောင်တော်ဦးဘုရားမှ သင်္ကန်းစကို ဆောင်သွားလေ့ရှိသည်။
.
နောက်တစ်ခုက ကျွန်မတို့ မိသားစုနှင့်ပတ် သက်သော ကိုယ်တွေ့ဖြစ်သည်။ ကျွန်မအဖေ၏ ဘဝနောက်ဆုံးချိန်ဖြစ်သည်။
.
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာလမှာ တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့၊ အလုပ်သင် ဆရာဝန်ကာလပြီး၍ ဆေးကုမ္ပဏီတစ်ခုမှာ အ လုပ်ဝင်နေပြီဖြစ်သော သမီးက မန္တလေးမှာ။ ဘိုးဘိုးချစ်မြေးဖြစ်၍ အသက်မီစေချင်သည်။ သို့နှင့် ''သမီးရေ ဖအို အခြေအနေမကောင်းတော့ဘူး။ မနက်ဖြန် ပြန်လာလို့ရရင် ပြန်လာခဲ့ပါ''ဟု ဖုန်း ဆက်လိုက်သည်။ ဖုန်းဆက်လို့ရချိန်က မွန်းလွဲ ပိုင်းဖြစ်နေပြီ။ အဘိုးချစ်မြေးဦးသမီးသည် မနက် ဖြန်အထိ မစောင့်တော့ဘဲ ဆေးတက္ကသိုလ်ဝန် ထမ်းများ အဆောင်က အန်တီသောင်းကို အကူ အညီတောင်းကာ မီရာကားဖြင့် ပြန်လာသည်။ ဖအိုစကားမပြောနိုင်တော့သော်လည်း မြေးပြော တာကိုတော့ ကောင်းကောင်း ကြားသေးသည်။
.
''ဖအို သမီးဆေးထိုးပေးမယ်နော်''ဟု ပြော သည်ကို ပြုံးပြုံးကြီး ခေါင်းငြိမ့်နိုင်ပါသေးသည်။ ဖအို၏ နောက်ဆုံးခရီးမှာ သက်တောင့်သက်သာ ထွက်ခွာနိုင်အောင် ထိုးပေးရမည့်ဆေးကို ဝယ်ယူ ရနိုင်မည့် နေရာက ဖောင်တော်ဦး ဘုရားနှင့် နီး သည်။ ထို့ကြောင့် အဖော်လုပ်ပြီး လိုက်လာပေး သော အန်တီသောင်းကို တစ်ပါတည်းခေါ်ကာ ဖောင်တော်ဦးဘုရားကို ဖူးခွင့်ရလိုက်ပါသည်။
.
''ကျွန်မရဲ့ ဆုတောင်းတစ်လအတွင်း ပြည့် သွားပြီ။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့၊ ဖောင်တော်ဦး ဘုရားကျောင်းတော်ဝင်ပွဲ အစီအစဉ်ကို တီဗွီမှာ ဖူးရတော့ ဖောင်တော်ဦး ဘုရားကို အခုတီဗွီမှန်သားပြင်မှာ ဖူးရသော အ ကျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျ အမြန်ဆုံးလာ ရောက်ဖူးမြော်ရပါလို၏လို့ ဆုတောင်းလိုက်တာ အခုတစ်လမပြည့်ခင် ဆုတောင်းပြည့်သွားပြီ''ဟု ဒေါ်ခင်သောင်းက အားရဝမ်းသာပြောပြသည်ကို ကျွန်မ မနေ့တစ်နေ့ကလို မြင်ယောင်ကြားယောင် နေဆဲဖြစ်ပါသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats