မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
မလေးရှားနိုင်ငံတွင်
မြန်မာနိုင်ငံမှ ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးသည် စက်တင်ဘာ
လ တတိယရက်သတ္တပတ်အတွင်း အရက်အတုများသောက်သုံးရာမှ အဆိပ်သင့်သေဆုံးခဲ့ကြကြောင်း မြန်မာလူမှုကူညီရေး
အသင်း(မလေးရှား)မှ သိရသည်။
.
.
ထို့အတူ မလေးရှားနိုင်ငံ
အလုပ်သမား သံအရာရှိ ဦးဝင်းကိုကို မှလည်း မလေးရှားနိုင်ငံ၊
ကွာလမ်လမ်ပူမြို့နှင့် အခြားဒေသများတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား
၁၆ ဦးသည် စက်တင်ဘာလ ၁၄ ရက်မှ ၁၈ ရက် အတွင်း အရက်အတုများသောက်သုံးမှုကြောင့် သေဆုံးခဲ့ရပြီး
လက်ရှိတွင်လည်း ၄ ဦးမှာ ဆေးရုံ တက်ရောက်၍
ဆေးကုသမှု ခံယူနေရသည်ဟု ပြောကြားခဲ့သည်။
"မြန်မာဖြစ်
အရက်တံဆိပ်တွေ သောက်ရာကနေ အရက်အတုတွေ အဆိပ်သင့်လို့ သေတာပါ။ ဒါကို မယုံလို့ဆိုပြီး
စမ်းသောက်ကြည့်တဲ့ ၃ ယောက်ပါ ထပ်သေတယ်။ လက်ရှိလည်း ၄ ယောက် ဆေးရုံတင်ထားပါတယ်။ ဆင်ခြင်ပြီး
ရှောင်ရှားနိုင်ကြဖို့ တတ်နိုင်သမျှ အသိပညာပေးနေပါတယ်"ဟု ဦးဝင်းကိုကိုက ပြောသည်။
.
အရက်ကြောင့်အဆိပ်သင့်သေဆုံးမှုကို
မယုံကြည်သဖြင့် စမ်းသပ်သောက်သုံးရာမှ သေဆုံးရမှုမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊
ကပုန်းမြို့နယ်၊ သမန်ဒါရပ်ကွက်တွင်နေထိုင်သော မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ
ကိုညီလာဝင်း၊ မြောက်ဦးတွင်မှ ကိုကျော်မင်းနှင့် စစ်တွေမှ အမည်မသိသူတစ်ဦးတို့ဖြစ်ပြီး
စက်တင်ဘာလ ၁၆ ရက်က အိပ်ရာအတွင်း ပါးစပ်အမြုပ်များဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူများအတွက်
အလုပ်သမားသံအရာရှိ ဦးဝင်းကိုကိုနှင့် ကပုန်း (၇) ရက်သားသမီး နာရေးကူညီမှုအသင်းဥက္ကဌတို့မှ
လိုအပ်သည်များ ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အလားတူ စွန်ကိုင်းဘလိုဆေးရုံ၊
ဆာလရန်းဆေးရုံနှင့် ကာချမ်းဆေးရုံများတွင် အရက်အဆိပ်သင့်သူ ၄ ဦး တက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း
ကပုန်းနာရေးအသင်းမှ သိရသည်။
.
အဆိုပါ အရက်အတု
အဆိပ်သင့်မှုကြောင့် သေဆုံးသူများမှာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှ ၄ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ
၁ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး၊ မွန်ပြည်နယ်မှ ၂ ဦးနှင့် မကွေးတိုင်းဒေသကြီးမှ ၄ ဦး၊
စစ်ကိုင်းတိုင်းဒေသကြိးမှာ ၁ ဦးတို့ဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ
ဦးမျိုးမင်းလတ် ထံမှ သိရသည်။
.
"၂၀၁၂
ခုနှစ်ကလည်း အခုလို အရက်အဆိပ်သင့်မှုနဲ့ ၃၅ ယောက်သေဖူးတယ်။ မြန်မာပြည်က ထုတ်တဲ့ အရက်တံဆိပ်
တွေကို အရက်အတုတွေမှာ ကပ်ပြီးရောင်းချတော့ မြန်မာနိုင်ငံသားတွေက ကိုယ့် Brand ကိုယ်
စွဲသောက်ကြတာမှာ သေရတာပါ"ဟု ဦးမျိုးမင်းလတ်က ပြောသည်။
.
အဆိုပါ အရက်အတုအဆိပ်သင့်သေဆုံးမှုများကြောင့်
မြန်မာနိုင်ငံသားများ အပါအဝင် အခြားနိုင်ငံသားများလည်း သေဆုံးမှုများ ရှိလာနေသဖြင့်
မလေးရှားနိုင်ငံအနှံ့အပြားတွင် အရက်အတု ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ Klang
Valley မှ နေရာပေါင်း ၁၂ ခုကို ၀င်ရောက်စီးနင်းပြီး
လူ ၇ ဦးကို အရက်ပုလင်း ၂၀၃၀ ပုလင်းနှင့် ဘီယာ ၁၇၆၇ ဘူးကို သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။
.
မလေးရှားရဲတပ်ဖွဲ့အနေဖြင့်
အဆိုပါ မြန်မာတံဆိပ်ကပ် အရက်များ မည်သည့်နေရာမှထုတ်လုပ်၍ ဖြန့်ဖြူးလျက်ရှိသည်ကို အသေးစိတ်စုံစမ်းလျက်ရှိပြီး
အရက်အတုပြုလုပ်သူများနှင့်ရောင်းချသူများ ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးလျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan