တာချီလိတ်၌ ရှမ်းရိုးရာဝေသန္တရာဇာတ်တော်လှည့်လည်ပူးဇော်ပွဲနှင့် ရွတ်ဖတ်ပူဇော်ပွဲအားအခမ်းအနား စတင်ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ ရှမ်းရိုးရာဝေသန္တရာဇာတ်တော်လှည့်လည်ပူးဇော်ပွဲနှင့် ရွတ်ဖတ်ပူဇော်ပွဲအားအခမ်းအနား စတင်ကျင်းပ


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ ပထမဆုံးအကြိမ် ရှမ်းရိုးရာ ဝေသန္တရာဇာတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်ညနေပိုင်းက မယ်ခေါင်ရှမ်းဘုန်းကြီးတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း ရှမ်းယဉ်ကျေးမှုအဖွဲ့မှ သိရသည်။ 
.
.
အဆိုပါ အခမ်းအနားကို မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်နှင့်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကာ ရပ်ကွက်သူ ရပ်ကွက်သားများပူးပေါင်းကျင်းပခြင်း ဖြစ် သည်။ ပူဇော်ပွဲအခမ်းအနားတွင် မယ်ခေါင်ရပ်ကွက်သူ၊ ရပ်ကွက်သားများက အသက် ၁ဝ နှစ်အရွယ်အထက်ကလေးများနှင့် အသက် ၆ဝ ကျော်အရွယ်အထိ လူငယ်၊ လူလတ်၊ လူကြီး အဖွဲ့လိုက်ပါဝင်ကာ ရှမ်းရိုးရာ အိုးစည် ၁၃ မျိုးရှိသည့်အနက် အိုးစည် ငါးမျိုးဖြစ်သည့် ကောင်ကျိုင်းလုံ၊ ကောင်ကျိုင်းလိတ်၊ ရှမ်းအိုးစည်အရှည်၊ ကောင်မောင်းဆေ့နှင့် ကောင်ထိန်(န်)တို့ဖြင့် တီးခတ်ကာ အကပဒေသာများပါဝင် ကပြခဲ့ကြောင်း သိရသည်။
.
အဆိုပါ အကပဒေသာတွင် ရပ်ကွက်အတွင်းရှိ အသက် ၆ဝ နှစ်ကျော်အကအဖွဲ့၊ အသက် ၄ဝ/၅ဝ နှစ်ရှိ အကအဖွဲ့၊ လင်မယားဇနီးမောင်နှံ အတွဲအကများ၊ လူပျို/အပျိုအကအဖွဲ့များ၊ အသက် ၁ဝ နှစ်အထက် ကလေးအကအဖွဲ့များ စသည့်အကအဖွဲ့ ၆ ဖွဲ့ဖြင့် ရိုးရာအိုးစည် ငါးမျိုးတို့နှင့် တွဲဖက်ကပြကာ နဂါးနှစ်ကောင်ဘုန်း ကြီးကျောင်းရှေ့မှ မယ်ခေါင်ရှမ်းဘုန်းကြီးကျောင်းဝန်းအထိ ရိုးရာအကများဖြင့် စည်းကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့ကြောင်း သိရသည်။
.
 ''မယ်ခေါင်ရပ်ကွက်မှာ ပထမဆုံးအကြိမ် အစည်းအကားဆုံးကျင်းပခဲ့တာပါ၊ ဒီလိုပွဲတွေက ကျွန်တော်တို့ မမွေးခင်ကတည်းက ရှေးဘိုးဘွားတွေ လက်ထက်ကတည်းက ကျင်းပလာတော့ ရိုးရာယဉ်ကျေးမှု မပျောက်ပျက် သွားအောင် ယနေ့ခေတ်လူငယ်တွေကို လက်ဆင့်ကမ်းဖော်ထုတ်ပေးပြီး၊ ရပ်ကွက်အတွင်းရှိ အပျို၊ လူပျို၊ လူငယ်၊ လူလတ်၊ လူကြီးအရွယ်သုံးပါးစလုံး စုပေါင်းအင်အားနဲ့ ကျင်းပနိုင်ခဲ့တာပါ''ဟု မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်က ပြောသည်။
.
ဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့ညနေပိုင်းမှ စက်တင်ဘာလ ၂၉ ရက် အထိ ပင့်ဖိတ်ထားသည့် ရှမ်းဘုန်းတော်ကြီးများမှ ဝေသန္တရာဇာတ်တော်များကို ရှမ်းပါဠိ ဘာသာဖြင့် ရွတ်ဖတ်ပူဇော်ကာ နောက်ဆုံးနေ့တွင် ရွှေမိုး ငွေမိုးရွာသွန်းပြီး မီးရှူးမီးပန်းများ ဖေါက်လွှင့်ကာ ပွဲတော်အား စည်းကားသိုက် မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မယ်ခေါင်ရှမ်းယဉ်ကျေးမှုအဖွဲ့မှသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats