လမ်းမတော်အရပ်က မတော်တာလေး ရပ်ကြပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လမ်းမတော်အရပ်က မတော်တာလေး ရပ်ကြပါ


အောင်ဆန်းဝင်း
.
.
အများသုံး အမှိုက်ပုံးဆိုတော့ လူအများက အမှိုက်တွေ ပစ်ကြတယ်။ အမှိုက်ဆိုတော့ အိမ်မှာ အသုံးမလိုတဲ့ ပစ္စည်းတွေပေါ့။ ပန်းအိုး၊ ပန်းကန်ခွက် ယောက်အကွဲတွေ အမှိုက်ပုံးမှာ စွန့်ပစ် ကြတယ်။ လျှပ်စစ်ပစ္စည်း၊ ကလေးကစားစရာ အပျက်အစီးတွေ ပစ်တယ်။ တစ်ဖက်လပ် တစ်ဖက် ပြတ်ဖိနပ်တွေ ပစ်တယ်။ ခန္ဓာကိုယ်မှာ ကပ်လို့ မတော်တဲ့ အဝတ်ဟောင်း၊ အဝတ်စုတ်တွေ ပစ်တယ်။ နှစ်ချို့ပြီး အတော်ညစ်နွမ်းတဲ့ ခြုံစောင်အ ဟောင်းတွေ ပစ်တယ်။ ခုတ်ထစ်ထားတဲ့ စည်းရိုး ပင်အပိုင်းအစတွေ ပစ်တယ်။ မီးဖိုချောင်ထွက် ဟင်းသီးဟင်းရွက်၊ သားငါးအစိတ်အပိုင်းတွေ ပစ်တယ်။ တချို့တွေက ရုပ်နာမ်နှစ်ပါးတစ်ခန်းရပ် သွားတဲ့တိရစ္ဆာန်အသေကောင်တွေ ပစ်တယ်။ အိမ်အတွက် အသုံးမဝင်တာ မှန်သမျှ အမှိုက်ပုံး ကြီးထဲ ပစ်လိုက်ကြတာ အစုံ။ အသုံးတည့်၊ အ သုံးဝင်တဲ့ ပစ္စည်းကတော့ အမှိုက်ပုံးထဲရောက်ရိုး ထုံးစံ မရှိပေါ့။
.
မလိုအပ်လို့ ပစ်လိုက်တဲ့ အဟောင်းအနွမ်း၊  အကျိုးအပျက်ကို အသုံးတည့်အောင် သုံးတဲ့လူ တချို့တော့ ရှိတယ်။ တစ်ဝမ်းတစ်ခါး အတွက် ဆာလာအိတ် လွယ်ထားရတဲ့ ကလေး၊ လူကြီး တွေ၊ အမှိုက်ပုံးကြီးက သူတို့ရဲ့ ဝမ်းစာရှာဖွေတဲ့ နေရာ။ စွန့်ပစ်ပစ္စည်းမျိုးစုံထဲက ပလတ်စတစ်အ ကျိုးအပဲ့၊ ရေသန့်ဘူး၊ ဘီယာဘူးခွံ၊ တစ်ခါတလေ တန်ဖိုးကြီး ဈေးကောင်းရနိုင်တဲ့ အရက်ပုလင်းခွံ နဲ့ သံတိုသံစတွေ၊ ရပ်ကွက်ထိပ် အမှိုက်ပုံးနားဆို ဆာလာအိတ်ကိုယ်စီလွယ်ထားတဲ့ ကလေး၊ လူ ကြီးအရွယ်စုံကို နေ့စဉ်တွေ့ရတတ်တယ်။ တချို့ က လမ်းတကာလျှောက်ရင်း ရောက်တတ်ရာရာ လမ်းကြုံရှာကြတယ်။ တချို့ကျတော့ မနက်မိုးချုပ် အ မှိုက်ပုံး ပိုင်ရှင်တွေ၊ လမ်းကြုံသမားနဲ့ ပုံးပိုင်ရှင် ကြား ဘယ်လိုဇယားချထားတယ်တော့ မပြော တတ်။ တစ်ဝမ်းတစ်ခါး အကြမ်းစား အချင်းချင်း နားလည်မှု ဖြစ်ချင်လည်း ဖြစ်မှာပေါ့။
.
အမှိုက်ပုံးနဲ့ ဝေးတဲ့အိမ်တွေက ရပ်ကွက်ထဲ အလှည့်ကျလာတဲ့ အမှိုက်သိမ်းကားကို အသုံးပြုတယ်။ အဲဒီအတွက်လစဉ် အမှိုက်သိမ်းဝန်ဆောင် ခပေးကြရတယ်။ အမှိုက်သိမ်းကား လာတဲ့နေ့ အချက်ပေး ခေါင်းလောင်းသံ ကြားရင် အမှိုက်ထုပ်၊ အမှိုက်တောင်း၊ အမှိုက်အိတ်ကိုယ်စီနဲ့ အိမ်ရှေ့မှာ ရပ်စောင့်၊ ကိုယ့်အိမ်ရှေ့ ရောက်ရင်ကားပေါ်က ဝန်ထမ်းလက်ထဲ ပုံစံစုံ အမှိုက်ထုပ်တွေ ထည့်ပေးလိုက်။ ရပ်ကွက်တစ်ပတ်လမ်း တစ်ဆုံး ဆိုရင် စွန့် ပစ်အမှိုက်တွေ ကားပေါ်မှာ အပြည့်အမောက်၊ တချို့ရက်ဆို ရပ်ကွက်တစ်ခုစာ အမှိုက်က ကားတစ်စီးနဲ့ မလောက်လို့ နှစ်ခေါက်ပြန်သယ်ရတဲ့ အခါရှိတယ်။ မြို့လုံးပတ်လည်ဆို တစ်ရက်တစ်ရက် စွန့်ပစ်အမှိုက်တန်ချိန် ဘယ်လောက်အထိ ရှိမလဲ။ ငါးတန်လား၊ ဆယ်တန်လား၊ ဒါမှမဟုတ် တန်ချိန် နှစ်ဆယ်လောက် ဖြစ်မလား။ သေချာတာတော့ အတော်များများ ရှိနိုင်ပါတယ်။
.
သက်ရှိလူသားတွေနေတဲ့ အရပ်ဆိုတော့ လူ့ အသုံးအဆောင် စွန့်ပစ် အမှိုက်တွေ နေ့စဉ်လိုရှိ တာ သိပ်မထူးဆန်း၊ အဝတ်အတွက်၊ အစားအ တွက်၊ ဗာဟီရ အသုံးအဆောင်အတွက် လိုအပ် ချက်တွေ အသုံးပြုနေသ၍ အမှိုက် ဆိုတာ ထွက် နေဦးမှာ ဖြစ်ပါတယ်။ ထူးမခြားနားပတ်ပျိုးလို လူ နဲ့အမှိုက် လုံးချာလိုက်တဲ့ ဇာတ်ကြောင်းကို ခပ် ပါးပါး ပေရှည်မိတာ အရပ်ထဲ၊ မြို့ထဲက လူတွေ ရဲ့ အမှိုက် စွန့်ပစ်မှု စနစ်ကို စိတ်ဝင်စားလို့ပါ။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ အမှိုက်ပစ်တာက အစ စည်းနဲ့ကမ်းနဲ့ ကနားနဲ့ လုပ်ကြတယ်လို့ စာ တွေထဲ ဖတ်ဖူးပါတယ်။ မီးဖိုချောင်ထွက် ပစ္စည်း ထည့်ရမယ့် အမှိုက်ပုံး (အမှိုက်အိတ်)က အရောင် တစ်မျိုး၊ ဘူးခွံ၊ ခွက်စုတ် ထည့်ရမယ့် ပုံးက အ ရောင်တစ်မျိုး၊ တစ်ခြားအသုံးမလိုတဲ့ ပစ္စည်းအ ဟောင်းအနွမ်းအတွက် အရောင်တစ်မျိုး၊ သူ့နေ ရာနဲ့သူ သိမ်းဆည်းရလွယ်ကူအောင် လုပ်ထား တယ်ဆိုရမှာပေါ့။
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အပါအဝင် မြန် မာနိုင်ငံတစ်ဝှမ်းမှာတော့ နိုင်ငံရပ်ခြား တိုင်းတစ် ပါးလို ကောင်းမွန်တဲ့ အမှိုက်သိမ်းစနစ် မရှိတာ အားလုံးသိပြီး ဖြစ်လိမ့်မယ် ထင်ရပါတယ်။ အ မှိုက်ပုံးထဲ အမှိုက်ရောက်ရင် တာဝန်ကျေတယ်။ အမှိုက်သိမ်းကားပေါ် အိမ်ထဲက အထုပ်ပါရင် ကိစ္စ ပြတ်တယ်ဆိုရုံလောက်ပေါ့။ ဘာအမှိုက် ညာအ မှိုက်၊ ဟိုအရောင် ဒီအရောင် ထူးထူးခြားခြား သိပ်ခွဲမနေကြပါဘူး။ တာဝန်ရှိသူများကလည်း စည်း စနစ်ချမှတ် လုပ်ကိုင်နိုင်ခြင်း မရှိ။ ပြည်သူလူထု ကလည်း ငါ့အမှိုက်ငါပစ် ဘယ်ဆီဘယ်နားရောက် ရောက်၊ ဘုန်းကြီးရူးနဲ့ လှေလူးတွေလို သူ့အရပ် နဲ့ ဇာတ်ကချင်သလို ကနေကြတာပါ။ လမ်းမပေါ် ကြုံသလို မပစ်ဘဲ အမှိုက်ပုံး၊ အမှိုက်သိမ်းကား ပေါ် စွန့်ပစ်တာကို ကျေးဇူးအခါခါ တင်ရမယ့် အ တိုင်း။ ရဲရဲဝံ့ဝံ့ ဖော်ဆောင် တိတိကျကျ အရေး ယူရဲရင်တော့ ဖြစ်လာနိုင်မယ်လို့ ယူဆရပါတယ်။
.
တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ် ရမည်တဲ့။ ခက်တာက မလုပ်၊ မရှုပ်၊ မပြုတ်တွေ နဲ့ လစ်ရင်လစ်သလို (မလစ်လည်း ဖောက်တာပါပဲ)စည်းကမ်းဖောက်ချင်တဲ့ ရပ်ရွာထဲ စည်းစနစ် ဇယားအကြောင်း ပြောရတာ အားရစရာ သိပ်မ ရှိလှပါဘူး။ အာဏာရှင်ကိုမှ ကွက်ကွက်ကွင်းကွင်း ကြောက်ရမှန်း သိတဲ့ နိုင်ငံဆိုတော့ ပြောဆိုရလည်း အခက်သားပါ။ ထားလိုက်ပါတော့၊ လိုရင်းတိုရှင်း အမှိုက်စာရင်းဖက် ဆက်သွားတာ ကောင်းပါ တယ်။ ခြေကလွတ် လက်ကမြဲ စကားလိုပေါ့။ ချော်တောငေါ့တိုင်း သိပ်ကောင်းလှတယ် မဟုတ် ဘူး။ အမှိုက်ပုံးမှာ အမှိုက်တွေ စွန့်ပစ်ကြတယ်။ အမှိုက်သိမ်းကားလာရင် အိမ်ထဲက အမှိုက်တွေ ပစ်ကြတယ်။ အမျိုးအစား ခွဲခြားခြင်း မရှိ၊ အိတ် အရောင်ခွဲခြားခြင်း မလုပ်နိုင်သေးတာ တစ်ကဏ္ဍ၊ အဓိက လုပ်ဆောင်ရမှာ လိုက်နာရမှာက တွေ့က ရာ စည်းကမ်းမဲ့၊ စည်းကမ်းပျက် အမှိုက်မပစ်ဖို့ ပါ။
.
ကျန်ခဲ့တဲ့ ရက်ပိုင်းက ကိစ္စတစ်ခုနဲ့ လမ်းမတော်ရပ်ကွက်ထဲ ရောက်သွားပါတယ်။ လမ်းမ တော်ရပ်ကွက်က တောင်ကြီးမြို့ရဲ့ မြို့လယ် နားလောက် ရှိတာဆိုတော့ အချက်အချာ ကျ စည်ကားတဲ့ ရပ်ကွက် တစ်ခုလို့ ဆိုရမှာပေါ့။ အနီးဝန်းကျင်မှာ မြို့မဈေးကြီး ရှိတယ်။ အိုးရှင်း စင်တာဆိုလား၊ စီးတီးစကွဲယား ဆိုလား ခေတ် မီတယ်လို့ ပြောကျတဲ့ ဈေးအသစ်ကြီး ရှိတယ်။ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားတဲ့ မြို့လယ် ဓမ္မာရုံကြီး ရှိတယ်။ ပြည်နယ်ဂုဏ်ဆောင် (အရင်တုန်းက) ဘောလုံးကွင်းကြီးကလည်း အနီးအနား။ ကံကောင်းထောက်မလို့ အသိမ်းအဆည်းလက်က လွတ်လွတ်ကင်းကင်း ကျန်ခဲ့တဲ့ မြသုခရုပ်ရှင်ရုံ အဲဒီရပ်ကွက်နားမှာ နိုင်ငံပိုင် အစိုးရဘဏ်တိုက် ကြီးဆိုတာလည်း ခန့်ခန့်ညားညား ထည်ထည် ဝါဝါ။ အလွန်အင်မတန် အချက်အချာကျတဲ့ ဒီ လိုနေရာမှာ အပ်ချမတ်ချ နေထိုင်ခွင့် ရဖို့ဆိုတာ နည်းတဲ့ ကုသိုလ်တော့ မဟုတ်ပါဘူး။
.
ရောက်သွားတဲ့နေရာက အထက(၃) စာသင် ကျောင်း အနောက်ဘက်လမ်းနဲ့ မြို့လယ်ဓမ္မာရုံ နောက်ကျောနားက လမ်းကြားလမ်းသွယ်လေးထဲပါ။ ကားဝင်ပြီးရင် ခေါင်းလှည့်စရာ နေရာ မရှိ။ ဆိုင်ကယ်တောင် လွန်းထိုးလှည့်ရတဲ့ နေရာ။ လမ်းကြားလေး အနောက်ဘက်မှာ လူနေအိမ်ခြေ တချို့ရှိတယ်။ အရှေ့ဘက်မှာ အကျယ်သုံးပေ၊ အနက် ငါးပေလောက် ရှိတဲ့ ရေမြောင်း၊ အချိန် က ညနေခြောက်နာရီ စွန်းစွန်းလောက်။ မိုးတစ် စိမ့်စိမ့် ရိပ်နဲ့ဆိုတော့ အမှောင်ထုလေးလည်း ရှိ နေတယ်။ အလုပ်ကိစ္စက တော်တော်နဲ့ မပြတ်လို့ လက်ကိုင်ဖုန်းလေး ပွတ်နေတုန်း ဒေါက်အသံ ကြားလို့ လှမ်းကြည့်လိုက်ပါတယ်။ ဖျော်ရည်ဘူး ခွံတစ်ခု၊ မြောင်းနှုတ်ခမ်းကို ခလုတ်တစ်ချက်တိုက် ပြီး ရေစီးထဲ မျောသွားပါတယ်။ အမှိုက်တစ်စကို အခုလို ပစ်လိုက်တဲ့ လက်ပိုင်ရှင် စိတ်ထဲဘယ် လိုရှိမယ် မသိပေမယ့် ကသိကအောက် ဖြစ်မိတာ အမှန်ပါ။
.
ဝင်ပြီး အာချောင်ပြန်ရင်လည်း ကြိုက်လား၊ မကြိုက်လား မသိတာနဲ့ နေသာသလို နေတုန်း အမှိုက်တစ်ထုပ် ဘုတ်ခနဲ ရေမြောင်းထဲ ထပ်ကျ လာပါတယ်။ အဲဒီ အထုပ်ပိုင်ရှင်လည်း အရင်လူ လို သာသာယာယာပါပဲ။ အမှိုက်တစ်စ၊ အမှိုက် တစ်ထုပ် လက်လွတ်စပယ် ပစ်တဲ့ စိတ်ဓာတ်တွေ ကို အကြီးအကျယ် အံအားသင့်နေတုန်း ဖြတ် သွား ဖြတ်လာ လူတစ်ယောက် အမှိုက်တစ်ထုပ် ပစ်သွားပြန်ပါတယ်။ ရေမြောင်းအောက်ခြေမှာ ရေ စီးထဲ မပါဘဲ တွယ်ကပ်နေတဲ့ အမှိုက်ဟောင်းတွေ လည်း ရှိနေပါတယ်။ မိုးတွင်းရာသီ ရေစီးရေလာ ကောင်းချိန်ဖြစ်လို့ အမှိုက်တစ်စ၊ အမှိုက်တစ်ထုပ် လောက် ရေစီးထဲ မျောနိုင်ပေမယ့် ကျန်တဲ့အ ချိန်တွေသာ ဒီလိုစည်းကမ်းမဲ့ စွန့်ပစ်ကြရင် အဲ ဒီအနီး ပတ်ဝန်းကျင် နေထိုင်သူတွေရဲ့ ကျန်းမာ ရေးအတွက် ရင်လေးစရာပါ။ မမြင်ကွယ်ရာ ဆို ပေမယ့် မြင်တဲ့လူများလာရင် ရပ်ကွက်သိက္ခာကျ တာတော့ အမှန်ပါပဲ။
.
ဒီလောက်နဲ့ တစ်ခန်းရပ်မလား မှတ်တယ်။ နောက်လာတဲ့ အထုပ်ဆွဲက ပိုလို့တောင် ဆိုးနေ ပါသေးတယ်။ ကျန်ကျောင်းအိတ် အကြီးစားအ ပြည့် မနိုင်မနင်း ဆွဲလာတဲ့ အမှိုက်တွေကို သစ် သားတံတားပေါ်က စိမ်ပြေနပြေ သွန်ချတာမြင် လို့တောင် မကောင်းပါဘူး။ နောက်ဆုံးပိတ် အိတ် နဲ့လွယ် ရောက်လာတာက ဈေးသည်တစ်ယောက် ပါ။ ခြင်းကြားတောင်းနဲ့ သယ်လာတဲ့ အမှိုက်တွေ နောက်ကြောင်းအေးအေး ပစ်သွားပါတယ်။ ရပ် ကွက်ထဲ နေသူတွေက စည်းကမ်းမဲ့ ရေမြောင်း ထဲ ပစ်တယ်။ လမ်းသွားလမ်းလာတွေကလည်း ကြုံသလို ပစ်ကြတယ်။ ဈေးသည်ဈေးဝယ်တွေ ကလည်း တစ်ပိုင်တစ်နိုင် စည်းကမ်းမဲ့ကြတယ်။ လမ်းမတော် အရပ်ထဲ မတော်တာမြင်နေရသလို ပါ။ မြို့တစ်မြို့၊ ရပ်ကွက်တစ်ခု ဂုဏ်သိက္ခာဆို တာ အဲဒီမြို့၊ အဲဒီရပ်ကွက်အတွင်း နေထိုင်သူတွေ နဲ့ အဓိက သက်ဆိုင်တာဖြစ်လို့ အသေးအမွှားကစ သတိပြုဖို့ လိုအပ်ကြောင်းပါ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats