မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
သီပေါမြို့နယ်၊ ပန်လုံကျေးရွာဖက်တွင် စက်တင်ဘာလ ၁ ရက်၊ ညနေပိုင်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့်
RCSS/SSA လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခတိုက်ပွဲများကြောင့်
ပန်လုံ ကျေးရွာမှ အမျိုးသား ၂ ဦး လက်နက်ငယ်ထိမှန်ခံခဲ့ရပြီး သီပေါမြို့နယ်၊ ဘိုးတော်ကျောင်း၊
မန်လီကျေးရွာနှင့် အောင်သပြေ ကျေးရွာများသို့
လူဦးရေ ၁၀၀၀ နီးပါး စစ်ရှောင်ရောက်ရှိလာကြကြောင်း သီပေါမြို့နယ်အခြေစိုက် One
More အဖွဲ့တာဝန်ခံ ကိုကျော်စွာလွင် ထံမှ သိရသည်။
.
.
"ဒီမနက်ပဲ
ပန်လုံဘက်ကပြေးလာတဲ့ လူ ၁၅၀ လောက်ကို နားခိုလျန်ဘက်က ဖောကား ၂ စီးနဲ့ ထုတ်ပြီး ဒီဘက်မှာ
နာရေးကားတွေနဲ့ထုတ်လာရပါတယ်။ ရောက်လာတဲ့ သူတွေကို သီပေါမြို့ပေါ် မျှပြီးပို့ထားပါတယ်။
ညကတော့ ပန်လုံ နယ်မြေ (၁) ဘက်မှာ သေနတ်သံကြားလို့ ပြေးမလို့လုပ်တုန်း တစ်ဦးမှာ ညာဘက်ရင်အုံမှန်တယ်။
တစ်ဦးကတော့ လက်မောင်းမှန်တယ်။ နယ်စည်းမခြားက ကိုမျိုးတို့ကနေ သီပေါဆေးရုံကို ပို့ပေးထားပါတယ်။
ဒီတစ်ခါက ရွာသားတွေပါ ထိုခိုက်မှု ရှိလာတာပါ"ဟု ကိုကျော်စွာလွင်က ပြောသည်။
လက်နက်ငယ်မှန်သူ
၂ ဦးအနက် ညာရင်အုံသို့ မှန်ခံရသူအား မန္တလေးဆေးရုံသို့ ပေးပို့ရန် စီစဉ်နေပြီး လက်မောင်းထိမှန်
သူမှာလည်း အကြောပြတ်သွားသဖြင့် ကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
စက်တင်ဘာ
၁ ရက် ညနေပိုင်းမှ စတင်ကာ ပန်လုံကျေးရွာနှင့် အနီးတစ်ဝိုက်ရွာများမှ ရွာလုံးကျွတ် စစ်ရှောင်ရောက်ရှိလာ
ကြရာ စက်တင်ဘာလ ၂ ရက် နံက်ပိုင်းအထိ ပြောင်းရွှေ့သယ်ယူပို့ဆောင်နေကြဆဲဖြစ်ကြောင်းနှင့်
သီပေါမြို့ပေါ်ရှိ ဘိုးတော်ကျောင်းတွင် လူဦးရေ ၂၀၀ ခန့်၊ မန်လီကျေးရွာတွင် ၅၀၀ ခန့်နှင့်
ပန်သပြေတွင် ၃၀၆ ဦး စစ်ဘေးတိမ်းရှောင် လာကြကြောင်း၊ လတ်တလော စားသောက်ရေးအတွက် ဆန်နှင့်အခြားလိုအပ်သည်များကို
တတ်စွမ်းသမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်စည်းမခြားနှင့် One More လူမှုကူညီရေးအသင်းများထံမှ
သိရသည်။
.
စက်တင်ဘာ
၁ ရက် ညပိုင်းက ပစ်ခတ်မှုများ ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင်မူ စစ်ရေးတင်းမာမှု
ဆက်လက်ရှိနေ သော်လည်း ပစ်ခတ်မှုများ ရပ်စဲနေကြောင်း၊
သို့သော် စစ်ရေးလှုပ်ရှားမှုများကြောင့် မကြာမီတွင် တိုက်ပွဲပြင်းထန်လာ နိုင်ကြောင်း
စစ်ရှောင်လူထုများမှ ဝေဖန်ပြောဆိုလျက်ရှိသည်ဟု သိရသည်။
"ပြီးခဲ့တဲ့ရက်ပိုင်း
ငြိမ်သွားတာက လေလုတံတားဖွင့်ပွဲရှိနေလို့ ငြိမ်နေကြတာပါ။ ဘယ်တော့ဖြစ်မလဲစိုးရိမ်နေတာ
မနေ့ ကတော့ ရွာဘက်ပါ ထိခိုက်လာလို့ ဟိုတုန်းကလို အိမ်စောင့်၊ ရွာစောင့်မထားနိုင်ဘဲ
ရွာလုံးကျွတ်ကို ပစ်ပေးကြရပါပြီ"ဟု ပန်လုံကျေးရွာ စစ်ရှောင်တစ်ဦးက ပြောသည်။
.
အဆိုပါ ပန်လုံရွာဝန်းကျင်တွင်
RCSS/SSA စခန်းကုန်း၊ တပ်မတော်စခန်းကုန်းနှင့် TNLA အဖွဲ့စစ်ရေးအခြေပြုစခန်းများ တည်ရှိနေရာ
မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသလို တိုက်ပွဲဖြစ်ပွားတိုင်းလဲ စစ်ရှောင်ကြရသဖြင့်
စီးပွားပျက်၊ အခြေပျက် ဒုက္ခအကြီးအကျယ်ရောက်ကြရပြီး ယခုအခါ ရွာဒေသခံများကိုပါ ထိခိုက်မှုများဖြစ်လာနေသဖြင့်
ရွာပျက်မည့် အခြေအနေသို့ ရောက်ရှိနေရကြောင်း ပန်လုံစစ်ဘေးရှောင်များက ပြောဆိုလျက်ရှိသည်။
.
.
#KBZTai #Shan