ထက်တိုင်းကျော်၊ ကမ္ဘောတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ
၂၀ ရက်က ဖြစ်ပွားခဲ့သည့် အသက် (၁၉) နှစ်အရွယ် ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်ပြီးနောက်
သတ်ဖြတ်၍ အလောင်းအား လမ်းဘေး၌ ဓါတ်ဆီလောင်း မီးရှို့ဖျောက်ဖျက်ခဲ့သူ အမျိုးသား ၂ ဦးအား
ကျိုင်းတုံခရိုင်တရားရုံးမှ မသေမချင်း ကြိုးကွင်းစွပ်၍ သတ်ရန် အမိန့် ချမှတ်ခဲ့ကြောင်း
သိရသည်။
.
.
ကျူးလွန်သူများသည် ကျိုင်းတုံမြို့နယ်၊ လွယ်မွေလမ်းရှိ မိုင်းလပ်ကျေးရွာအုပ်စု၊
နမ့်လရေအားလျှပ်စစ်စက်ရုံအနီး ကားလမ်းဘေးချောက်အတွင်း၌ သေဆုံးသူ၏ ရုပ်အလောင်းအား ဓါတ်ဆီလောင်း၍
မီးရှို့ဖျောက်ဖျက်ခဲ့သဖြင့် တောခွေးများကိုက်ဖဲ့ စားသောက်ခြင်း ခံရပြီး အလောင်းမှာ
ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ သေဆုံးသူ လက်၌ ဝတ်ဆင်ခဲ့သော အဖြူရောင် သတ္တုလက်စွပ် အား တွေ့ရှိရာမှ
စုံစမ်းရရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများမှာ စိုးလွင်အောင် (၄၀) နှစ်နှင့်
စိုင်းရှဲန် (၂၉) နှစ်၊ ကျိုင်းတုံမြို့ နေသူ တို့ဖြစ်ပြီး အဓမ္မပြုကျင့်၍ သတ်ဖြတ်ကာ
အလောင်းမီးရှို့ခံရသူသည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ဝန်းဘိုရွာတွင် နေထိုင်ပြီး
ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျူရှင်တက်ရောက်ရန် ရောက်ရှိနေစဉ် တရားခံများမှ
ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အခင်းဖြစ်စဉ်တွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျိုင်းတုံမြို့မရဲစခန်းသို့
လာရောက်ကူညီပေးခဲ့သူ သေဆုံးသူ၏ ချစ်သူ မောင်ယားပါက "ကျွန်တော်နဲ့ ဖုန်းအဆက်အသွယ်
ပြတ်နေတော့ သူပျောက်နေချိန်မှာ စိတ်ပူခဲ့ပါတယ်။ လူမှုကွန်ရက် Facebook မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့
အလောင်းကိုတွေ့တော့ သူနဲ့ကျွန်တော် ဆင်တူစွပ် ထားတဲ့ လက်စွပ်ကိုမြင်လို့ အဲဒီနေ့က ခရစ္စမတ်နေ့မှာပဲ
ကျိုင်းတုံမြို့မရဲစခန်းကို သွားရောက်မေးမြန်းစုံစမ်းလို့ ကျွန်တော့်ရည်းစားဆိုတာ သိခဲ့ရပါတယ်"ဟု
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါအမှုသည် ကျိုင်းတုံမြို့နယ်တွင် မသေမချင်း ကြိုးကွင်းစွပ်၍
သတ်ရန်အမိန့်ချမှတ်သည့် ပထမဆုံး အမှုဖြစ်ပြီး
တရားဥပဒေစိုးမိုးရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားဖော်ထုတ် အရေးယူအပြစ်ပေး
နိုင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကျိုင်းတုံခရိုင် ဒုတိယတရားသူကြီး၏ ဆုံးဖြတ်ချက်။အား
ကြိုဆိုကြောင်း ကျိုင်းတုံမြို့နေ လူထုများမှ ပြောဆိုလျက်ရှိသည်။
.
.
.
#KBZTai #Shan