စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော
ဒသမတန်း ကျောင်းသား/ ကျောင်းသူ ၄၃ ဦးရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်ရန်
၁၆ ဦး ဆန္ဒပြုထားကြောင်း သိရသည်။
.
.
ကျောင်းသားလူငယ်များ ပညာရေးအခွင့်အရေးမဆုံးရှုံးစေရန်အတွက်
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသော တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ
အရေအတွက် မည်မျှရှိကြောင်းနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးမှု
ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်းကို မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းမျိုးမြင့်က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မေးမြန်းရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် ဒသမတန်း
ကျောင်းသား/သူများမှာ ညောင်ရွှေအကျဉ်းထောင်တွင် ၁၉ ဦး၊ ကျိုင်းတုံမြို့အကျဉ်းထောင်တွင်
၎ ဦး၊ သီပေါအကျဉ်းထောင်တွင် ၁၀ ဦး နှင့် လားရှိုးအကျဉ်းထောင်တွင် ၁၀ ဦးရှိ ကြောင်းသိရသည်။
.
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ဆန္ဒပြုထားသည့် အကျဉ်းသားများမှာ
ညောင်ရွှေအကျဉ်းထောင်မှ ၉ ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ ၄ ဦး၊ လားရှိုးအကျဉ်းထောင်မှ
၂ ဦးနှင့် သီပေါအကျဉ်းထောင်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
.
"ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်များမှ စာမေးပွဲဖြေဆိုရန်ဆန္ဒပြုသူ
၁၆ ဦးအနက် ကျိုင်းတုံအကျဉ်းထောင်က အကျဉ်းကျ ကျောင်းသား ၄ ဦးကို မန္တလေး အကျဉ်းထောင်ဗဟိုသို့
ပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်။ ကျန်တဲ့ အကျဉ်းကျ ကျောင်းသားတွေကို ပြောင်းရွှေ့ပေးနိုင်ဖို့အတွက်လည်း
နေပြည်တော် အကျဉ်းဦးစီးဌာနကို စိစစ်တင်ပြထားပြီး ဖြစ်ပါတယ်" ဟု ရှမ်းပြည်နယ်
လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။
.
ပညာရေးဌာနမှ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသော တက္ကသိုလ်ဝင်တန်းကျောင်းသား/
ကျောင်းသူများအတွက် ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် မန္တလေး ဗဟိုအကျဉ်းထောင်များတွင်
တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ဖွင့်လှစ်ထာပြီး စာမေးပွဲ ဖြေဆိုမည့် အကျဉ်းကျသူ များအနေဖြင့်
ယင်းစာစစ်ဌာနများတွင် သွားရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan