စတုတ္ထမဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးနေခြင်းလော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စတုတ္ထမဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးနေခြင်းလော



ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြည်ပအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်သော ရိုက်တာသတင်းဌာနမှ သတင်းသမား ၂ ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ရန်ကုန်မြောက် ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သည်။ ယင်းကဲ့သို့ သတင်းသမားများအပေါ် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အခြားသော အဖွဲ့အစည်းများမှ ကြေညာချက်များ ထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်ကိုလည်း မြင်တွေ့ကြရမည်ဖြစ်သည်။
.
ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ ၂ ဦးကို ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအစီရင်ခံစာများ လက်ဝယ်တွေ့ရှိမှုဖြင့် နိုင်ငံတော်အစိုးရကိုယ်စား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၂ဝ၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
.
သတင်းသမား တစ်ဦးအနေဖြင့် သတင်းတစ်ပုဒ်ကို ရေးသားတင်ဆက်နိုင်ရန်အတွက် တိကျမှန်ကန်မှု ရှိရန် လို အပ်ပါသည်။ ယင်းကဲ့သို့ တိကျ မှန်ကန်မှု ရှိရန်အတွက်လည်း သက်ဆိုင်ရာသတင်းနှင့် ဆက်စပ်ပတ်သက်နေသည့် အချက်အလက် အထောက်အထားများကို ရယူစုဆောင်းထားရန် လိုအပ်လာပါသည်။ သတင်းသမား၏ အသက်သည် အချက်အလက်ဖြစ်ပါသည်။ အချက်အလက် မှားယွင်းဖော်ပြမိပါက နောင်တွင် မလိုလားအပ်သော ပြဿနာအရှုပ်အထွေးမျိုး စုံ ဖြစ်ပေါ်လာနိုင်သည်ကို သတင်းသမားအားလုံး သိရှိထားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ သတင်းအချက်အလက် ရယူ စုဆောင်းမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲ ဆိုထောင်ချခဲ့ခြင်းမျိုးမှာလည်း သတင်းသမားများအတွက် ရှေ့တိုးလည်း တံပိုး၊ နောက်ဆုတ်လည်း လှည်းတုတ် ဆိုသကဲ့သို့ တိုးမရ၊ ဆုတ်မရဖြစ်အောင် ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်ဟု ယူဆပါသည်။ တစ်နည်းအားဖြင့် သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်လိုက်ခြင်းပင်ဖြစ်ပါသည်။
.
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်မှ စတင်၍ သတင်းမီဒီယာ လွတ်လပ်ခွင့် အပါအဝင် အခြားသော လူ့အခွင့်အရေး စံနှုန်းဆိုင်ရာ လွတ်လပ်ခွင့် အားလုံးကို ဆုံးရှုံးခဲ့ရသည်။ မဆလခေတ် တစ်လျှောက်၊ နဝတ၊ နအဖ ခေတ်တစ်လျှောက်လုံးတွင် သတင်းလွတ်လပ်ခွင့်များ မရရှိခဲ့ပါ။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဦးသိန်းစိန် အစိုးရ ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရ တက်လာပြီး နောက်ပိုင်း သတင်းလွတ်လပ်ခွင့်များကို ပြန်လည်ခွင့်ပြုလာခဲ့ပြီး ၂ဝ၁၂ ခုနှစ်မှစတင်၍ ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့် ပြုခဲ့သည်။
.
သို့သော် ကမ္ဘာနှင့်အဝှမ်း ရိုက်ခတ်လာသော နည်းပညာလှိုင်းတံပိုး (အွန်လိုင်းနည်းပညာ)ကြောင့် သော်လည်းကောင်း၊ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် အသိအမြင် မပွင့်လင်းခဲ့ရသော မြန်မာလူထု လူတန်းစာများကြောင့် သော်လည်းကောင်း၊ ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် သော်လည်းကောင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် အရှုံးခံ၍ ဗုံး ပေါလအော ထုတ်ဝေနေသာ အစိုးရသတင်းစာများကို မယှဉ်ပြိုင်နိုင်၍ သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် သတင်းစာထုတ်ဝေခွင့် တင်ပြထားသည့် သတင်းစာ ၄၆ စောင်အနက် ၂၆ စောင်သာ ထွက်ရှိခဲ့ပြီး ကျန် အစောင် ၂ဝ မှာ ထွက်ရှိနိုင်ခြင်း မရှိတော့ချေ။ ထို့အတူ ဂျာနယ်ထုတ်ဝေခွင့် တင်ပြထားသော ဂျာနယ်စောင်ရေ ၅၄၅ စောင်အနက် ၃ဝ၉ စောင်မှာ ထွက်ရှိနိုင်ခြင်းမရှိတော့ဘဲ အစောင်ထိ ၃ဝ ပိတ်သိမ်းခဲ့ရသည်။
.
အထက်ပါ ကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ သတင်းမီဒီယာ အဆင့်အတန်းကို ခန့်မှန်း သိရှိနိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့ သတင်းစာ၊ ဂျာနယ်ထုတ်ဝေသူများမှ အခက်အခဲမျိုးစုံဖြင့် ကြိုးပမ်းထုတ်ဝေနေချိန်တွင် သတင်းသမားများ၏ ဘဝများမှာလည်း မရေမရာဖြစ်နေဆဲသာ ဖြစ်သည်။ ဒီမိုကရေစီဟု ပြောဆိုနေသော အရပ် သားအစိုးရ တစ်နည်းအားဖြင့် ပြည်သူ့အစိုးရ လက်ထက်တွင် သတင်းသမားများ ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးထောင်ချခံနေရသည်။ သတင်းသမားများကို အဓိက ဒုက္ခပေးနေသည့် ဥပဒေများအနက် အချို့မှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ မတရားအသင်းဥပဒေနှင့် ယခု ရိုက်တာသတင်းသမားများကို တရားစွဲဆိုထောင်ချခဲ့သော နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေတို့ ဖြစ်သည်။
.
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် သတင်းသမားများအား တရားစွဲဆိုထားသော အမှုပေါင်း ၁၉ မှု ရှိနေပြီး တရားရင်ဆိုင်နေရသော သတင်းသမား ၂၇ ဦးအထိရှိနေကြောင်း အသံအဖွဲ့၏ စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ကြေညာချက်အရ သိရသည်။ ပြောင်းလဲချိန်တန်ပြီဟုြေ<ွကးကြော်ကာ တက်လာခဲ့သော NLD အစိုးရ လက်ထက်တွင်လည်း သတင်းသမားများ၏ အခြေအနေမှာ ထူးထူးခြားခြား ပြောင်းလဲလာခြင်း မရှိသေးသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းက ရန်ကုန်မြို့အခြေစိုက် We Support Journalist အဖွဲ့မှ လက်ရှိအစိုးရလက်ထက်အတွင်း သတင်းသမားများအပေါ် တရားစွဲဆိုထားမှု အခြေအနေကို ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်အရ လက်ရှိအစိုးရလက်ထက် ၂ဝ၁၇ နှစ်ကုန်အထိ သတင်းသမားများ အပေါ် တရားစွဲဆိုထားသော အမှုပေါင်း ၁၉ မှုရှိနေပြီး သတင်းသမား ၃၃ ဦး တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
တစ်ဖန် ယခုနှစ် ဧပြီလအတွင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝ အနက် သတင်းလွတ်လပ်ခွင့် အဆင့် ၁၃၇ နေရာတွင် တည်ရှိနေသည်ဟု သိရသည်။ အဆိုပါအဆင့်မှာ ပြီးခဲ့သည့် တစ်နှစ်ကထက် အဆင့် ၆ ဆင့် လျော့ကျခဲ့ခြင်းလည်း ဖြစ်သည်။
.
ဒီမိုကရေစီစနစ်ဟု ဆိုရာတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် အရေးပါ အရာရောက်လှသည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါသည်။ သို့ပါသော်လည်း ယခုကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့် သတင်းမီဒီယာသမားများအား တရားစွဲဆိုထောင်ချနေခြင်းက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချုပ်ခြယ်ခြင်းသာလျှင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တိုင်းပြည်၏ နား၊ မျက်စိကို ထိုးဖောက်ဖျက်ဆီးနေခြင်းသာ ဖြစ်ပါတော့သည်။ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ကို ရိုက်ချိုး ဖျက်ဆီးနေခြင်းလားဟုပင် မေးခွန်းထုတ်ရမည်သာ ။  
.
.
.
#KBZTai #Shan

Journal Download

Photo of three cats