ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အားကစားနှင့်
ကာယပညာဦးစီးဌာန၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့
ပူးပေါင်းကျင်းပသည့် ၂၀၁၈ ခုနှစ်၊ ဆေးလိပ်ငွေ့ ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု
မီနီမာရသွန်ပြိုင်ပွဲကို စက်တင်ဘာလ ၁ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း
သီပေါမြို့တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း
တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
.
.
ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များ
စုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၄၅၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ်အားကစားနှင့်
ကာယပညာကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှု ရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာ မျိုးထွန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်၊ ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှူး
ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ ပြည်နယ်အား ကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး
ဦးထန်အိတ်၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက ဆုများအသီးသီး
ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုင်းကိုင်မြို့နယ်ခန်းမ၌
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပညာရေး၊
ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ ဆေးလိပ်ငွေ့ကင်းစင်ဒေသ ထူထောင်ရေးဆိုင်ရာ
လုပ်ငန်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများသည်
မိုင်းကိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ ၂ ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့်
မိုင်းကိုင်မြို့မအားကစားကွင်း၌ မြို့နယ် အားကစားဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်
သော အားကစားပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရသည်။
.
အလားတူ စက်တင်ဘာ ၂ ရက်၊ နံနက်ပိုင်းတွင် ပြည်နယ်လူမှုရေးဝန်ကြီးသည်
မိုင်းကိုင်မြို့နယ် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်အထိမ်းအမှတ် ကျောင်းအခြေပြု
မီနီမာရသွန်ပြိုင်ပွဲသို့ တက်ရောက်၍ သေနတ်ပစ်ဖောက် တာလွှတ် ပေးခဲ့ပြီး ဆုရရှိသူများအား
ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုင်းကိုင်မြို့နယ်အတွင်းရှိ
အခြေခံပညာကျောင်း များ၊ အားကစားကွင်းများ၊ ကျန်းမာရေးဌာနများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး
ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာတို့ကို
တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဆေးလိပ်ငွေ့ကင်း စင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ
စက်တင်ဘာ ၃ ရက် နံနက် ၆ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့တွင်ကျင်းပပြုလုပ်ရာ
ပြည်နယ်လူမှုရေးဝန်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။
.
''ဒီပြိုင်ပွဲတွေ ပြုလုပ်ကျင်းပရတဲ့ရည်ရွယ်ချက်က ကျောင်းသားလူငယ်တွေကို
အားလပ်ချိန်မှာ မူးယစ်ဆေးဝါး သုံးစွဲတာတွေ ဂိမ်းဆိုင်တွေမရောက်အောင် စတဲ့လမ်းမှားကိုမရောက်စေဘဲ
ဒီလိုအားကစားမျိုးတွေ လေ့ကျင့်ရင်း ခန္ဓာကိုယ်ကျန်းမာသန်စွမ်းလာစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့
ကျင်းပတာပါ။ ပြိုင်ပွဲအမျိုးအစားက ကျား|မ ခွဲပြီးတော့ ၄ မျိုးဖြစ်ပါတယ်"ဟုရှမ်းပြည်နယ်
အား ကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန် ကြားရေးမှူး ဦးထန်အိတ်ကကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါမောက်မယ်မြို့နယ် ဆေးလိပ်ငွေ့ကင်း စင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု
မီနီမာရသွန်ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး
ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊
လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးဌာနမှူး
ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန် ကြားရေးမှူး
ဦးထန်အိတ်၊ပြည်နယ် ပညာရေးရုံး ညွှန်ကြားရေးမှူး ဦးဝင်းမောင်နှင့်တာဝန်ရှိသူများက ဆုများအသီးသီး
ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ''ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင်''ကျောင်းအခြေပြု
မီနီမာရသွန်ပြိုင်ပွဲများကို သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၂၉ ရက်ထိ ရှမ်းပြည်နယ်အတွင်းရှိ
မြို့နယ်ပေါင်း ၂၄ မြို့နယ်၌ ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
.
#KBZTai #Shan