စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်အထွက် နမ့်အွန်နှင့် မန်ပြိန်းရွာအကြား လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ သိန္နီအတက်
၃၈ မိုင် နေရာတွင် စက်တင်ဘာလ ၂၉ ရက် နံနက် ၇ နာရီခန့်က ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား
လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဆက်ကြေးကောက်ခံနေကြောင်း မူဆယ်အခြေစိုက်၊ နမ့်ခမ်း မြို့မပြည်သူ့စစ်(ဌာနေ)
မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
.
“၁၂ ဘီးကို
ဖြတ်ပိုင်းနဲ့ ၃ သိန်းတောင်ပေးခဲ့ရတယ်။ တချို့ကားတွေတော့ ၁ သိန်း၊ ကားငယ်တွေက ၂ သောင်း
ပေးရတယ်။ အဖွဲ့ကကားလည်း ရှိနေတာဖြစ်လို့ အတိအကျသိရတာပါ။ လက်ရှိအခြေအနေကတော့ အဲဒီက ပြည်သူ့စစ်တစ်ဦးကို
ဖမ်းထားပါတယ်။ သူက အခြေအနေမသိဘဲ ယူနီဖောင်းနဲ့ ပစ္စတိုနဲ့လာတာ။ ပစ္စတိုပါ သိမ်းထားပါတယ်။
သူ့ကို ဘာလုပ်မယ်ဆိုတာတော့ ပြောမရပါဘူး”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူမှာ တာမိုးညဲမြို့၊ ရှောက်ဟော်ကျေးရွာနေ ရန်စီ (ခ)
လောက်စီ (ခ)၊ ဟုန်ကျင်ကျုံး (၂၅ နှစ်)၊ (ဘ) ဦးတုန်ကွမ်းဖုံးဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
TNLA လက်နက်ကိုင်အဖွဲ့များမှာ စက်တင်ဘာလ ၂၉ ရက် နံက် ၅ နာရီခန့်ကတည်းက လမ်းမပေါ်တွင်
ဖြတ်သန်း သွားလာနေသည့် ကားများထံမှ ဆက်ကြေးကောက်ခံနေခြင်းဖြစ်ပြီး တွဲကားတစ်စီးလျှင်
ကျပ် ၅ သိန်း၊ ကုန်တင်ယာဉ်ကြီး တစ်စီးလျှင် ကျပ် ၃သိန်း၊ ကားငယ်တစ်စီးလျှင် ကျပ် ၁
သိန်းနှင့် လူစီးယာဉ်များကိုကျပ် ၂ သောင်းမှ ၆ သောင်းအထိ ကောက်ခံလျက်ရှိသည်ဟု ဆက်ကြေးပေးခဲ့ရသည့်
ကားသမားများကဆိုသည်။
.
“ဒီမနက် ၆
နာရီလောက်က ဖြတ်ခဲ့တယ်/ ၂ သောင်းပေးခဲ့တယ်၊ သူတို့က ဖြည်းဖြည်းမောင်းပြီးသွားပါလို့ပြောတယ်”ဟု
မူဆယ်ဘက်သို့ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့သည့် ယာဉ်မောင်းတစ်ဦးကပြောသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်၍
ဆက်ကြေးကောက်ခံသည့် အဖွဲ့အစည်းမှာ TNLA ဟုတ်/မဟုတ် အတည်ပြုနိုင်ရန် TNLA အဖွဲ့မှ ပြောခွင့်ရသူ
ဗိုလ်မှူးတာ့ဘုန်းကျော်သို့ ဆက်သွယ်မေးမြန်းရာ အတည်မပြုနိုင်သေးကြောင်း ပြောကြားသည်။
.
ယနေ့ စက်တင်ဘာလ
၂၉ ရက်၊ မွန်းလွဲ ၁၂ နာရီအထိ ဆက်ကြေးကောက်ခံဆဲဖြစ်ခဲ့ပြီး လက်ရှိညနေ ၄ နာရီ နောက်ဆုံးရ
သတင်းများအရ နမ့်ပေါ်တံတားတာဝန်ကျ တပ်မတော်စစ်ကြောင်းနှင့် ကွတ်ခိုင်နယ်မြေခံတပ်များမှ
လက်ရှိမန်ပြိန်း ရွာတွင် လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး TNLA များ နမ့်အွန်ရွာအတွင်းရှိနေဆဲဖြစ်ကြောင်း၊
တပ်မ ၁၁ နှင့် တပ်မ ၈၈ တပ်များမှ ပတ်ဝိုင်းထားသဖြင့် ပိတ်မိနေသည့်အခြေအနေတွင်ရှိကြောင်း အထက်ပါ နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ)မှ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
.
လူမှုကွန်ရက်တွင်
ထွက်ပေါ်လျက်ရှိသည့် ဗီဒိယိုဖိုင်များအရ လက်နက်ကိုင်များမှာ လမ်းဘေးတွင် စာရွက်စာတမ်းများ၊
ခုံများနှင့် ထိုင်ကာ ဆက်ကြေးတောင်းခံလျက်ရှိပြီး ၎င်းတို့ဖမ်းဆီးထားသည့် ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို
လက်ပြန်ကြိုးတုတ် ဒူးထောက်ခိုင်းကာ ဓာတ်ပုံရိုက်ထားကြောင်း တွေ့ရှိရသည်။
.
.
.
#KBZTai
#Shan