တာချီလိတ်၌ ဥပုသ်စောင့်နေသည့် အမျိုးသမီးထံမှ ဆိုင်ကယ်ခိုးသွားသူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ ဥပုသ်စောင့်နေသည့် အမျိုးသမီးထံမှ ဆိုင်ကယ်ခိုးသွားသူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ သီရိရတနာဂူဟာ ရှမ်းဘုန်းကြီးကျောင်း၌ ဥပုသ်စောင့်သွားသော အမျိုးသမီး တစ်ဦး ရပ်ထားသော ဆိုင်ကာအား ခိုးယူသွားသူကို စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းက အချိန်တိုအတွင်း ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
.
စက်တင်ဘာ ၉ ရက် နံနက် ၄ နာရီအချိန်တွင် ဒေါ်နန်းခမ်းလွတ် (၂၉ နှစ်)၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့ နေသူသည် ဥပုသ်စောင့်ရန် နေအိမ်မှ ပုန်းထွန်ရပ် ကွက်ရှိ သီရိရတနာဂူဟာ ရှမ်းဘုန်းကြီးကျောင်း သို့  Honda Wave 110 ပြာ/နက်/မီးခိုရောင် ဆိုင်ကယ်ဖြင့် စီးနင်းသွားခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း ဆိုင်ကယ်ရပ်ထားခဲ့ ပြီး ဥပုတ်သွားစောင့်ခဲ့ကြောင်း၊ ဥပုတ်ယူပြီး နေအိမ်ပြန်ရန် ဆိုင်ကယ်ရပ်ထားသည့် နေရာသို့ သွားရောက်သည့်အခါ ဆိုင်ကယ်မှ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ တာချီလိတ်မြို့မရဲစခန်း၊ နယ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ် ကိုကိုဦး ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ တရားခံဖမ်းဆီးရမိရေးအတွက် ပုန်းထွန်ရပ်ကွက် အတွင်း လိုက်လံစုံစမ်းနေစဉ် နံနက် ၁ဝ နာရီခွဲအချိန်တွင် ပုန်းထွန်ရပ်ကွက်အတွင်း၌ ချက်ဖောင်း(ခ)ကျော်ဝင်အား အမှုမှ ပျောက်ဆုံးဆိုင်ကယ်အား တွန်းလာသည်ကို တွေ့ရှိ သဖြင့် ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာ ၄င်းသည် သြဂုတ် ၂၇ ရက်ညတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ပုန်းထွန်(၁)လမ်းနေအိမ် တစ်အိမ်အတွင်းမှ Honda Wave 125 ဖြူ/နက်/ရောင် ဆိုင်ကယ်ကိုလည်း ခိုးယူထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေများရှေ့တွင် ၄င်းဆိုင်ကယ် နှစ်စီးအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
''ဘုန်းကြီးကျောင်းဝင်းအတွင်း ရပ်ထားတဲ့ ဆိုင်ကယ်ကို ဥပုသ်စောင့်နေစဉ် ဝင်ရောက်ခိုးယူသွားလို့ လာရောက် အမှုဖွင့်တာပါ၊ အမှုနဲ့ပတ်သက်ပြီး တရားလိုနဲ့ သက် သေများ စစ်ဆေးပြီးတာနဲ့ ကျွန်တော်ဦးစီးပြီး ပုန်းထွန်ရပ်ကွက် အတွင်း သက်သေခံပစ္စည်းဖျောက်နိုင်တဲ့နေရာတွေ၊ သက်သေခံပစ္စည်းရောင်းချနိုင်တဲ့ နေရာတွေ စုံစမ်းနေစဉ် တရားခံကို ဖမ်းမိတာပါ၊ ဆက်လက်စစ်ဆေးချက်ရာမှ နောက်ထပ် တစ်စီး ခိုးမှုထပ်မံပေါ်ပေါက်လာတာပါ၊ အခုလည်း ဆက်လက်စစ်ဆေးနေတုန်းပါ'' ဟု တာချီလိတ်မြို့မရဲ စခန်း၊ ဒုတိယနယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦးကပြောသည်။
.
အမှုမှ ဆိုင်ကယ် နှစ်စီးဖြင့် ဖမ်းဆီးရမိသူ ချက်ဖောင်း(ခ)ကျော်ဝင်း (၃၆ နှစ်)၊ ကျောက်တောင်ရပ်၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မ ရဲစခန်းက (ပ)၃ဝ၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ဆိုင်ကယ်)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats