ကမ္ဘောဇအုပ်စု ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Smile Asia တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၈၆ ဦးကို အခမဲ့ ခွဲစိတ် ကုသပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇအုပ်စု ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Smile Asia တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၈၆ ဦးကို အခမဲ့ ခွဲစိတ် ကုသပေး


ကမ္ဘောဇအုပ်စု ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် စင်ကာပူအခြေစိုက် Smile Asia တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၈၆ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သြဂုတ်လ ၂၇ ရက်မှ ၃၀ ရက်ထိ အခမဲ့ခွဲစိတ် ကုသပေးခဲ့ကြောင်း သိရသည်။ 


ယခု အခမဲ့ ခွဲစိတ်ကုသမှုသည် ပဉ္စမအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင် ၄ ကြိမ်တွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၃၆၂ ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်သည့်အတွက် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် စုစုပေါင်း ၄၄၈ ဦးကို ကမ္ဘောဇအုပ်စု ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Smile Asia တို့ ပူးပေါင်း၍ အခမဲ့ခွဲစိတ် ကုသနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" အခု အခမဲ့ ခွဲစိတ်ကုသမှုက ပဉ္စမအကြိမ်မြောက်ပါ။ ပထမအကြိမ်တုန်းက ၁၁၃ ဦး၊ ဒုတိယအကြိမ်တုန်းက ၈၀ ဦး၊ တတိယအကြိမ်တုန်းက ၈၈ ဦး၊ စတုတ္ထအကြိမ်တုန်းက ၈၁ ဦး၊ အခု ပဉ္စမအကြိမ်မှာ ၈၆ ဦး၊ စုစုပေါင်း နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၄၄၈ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ် " ဟု ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။


အဆိုပါ ခွဲစိတ်ကုသမှုကို Smile Asia အဖွဲ့ဝင်များဖြစ်သည့် အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ မလေးရှား၊ မွန်ဂိုလီယား၊ အိန္ဒိယ၊ ဖိလိပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ ဝါရင့် ဆရာဝန်ကြီးများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များက ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ မျက်နှာနှင့် မေးရိုးဌာနမှ ဆရာဝန်ကြီးများ၊ ဆေးဘက်ပညာရှင်များနှင့်အတူ ပူပေါင်းကာ ခွဲစိတ် ကုသပေးခဲ့ခြင်း ဖြစ်ကာ ကလေးငယ်များ ခွဲစိတ်ကုသမှု ခံယူနို်င်ရန် ခရီးစရိတ်၊ နေထိုင်စရိတ်နှင့် လူနာရှင် မိဘများအတွက် အစားအသောက်များကိုလည်း ကမ္ဘောအုပ်စုနှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌ(၂) ဒေါ်နန်းမိုဟွမ်သည် ကမ္ဘောဇအုပ်စုမှ စေတနာ့ဝန်ထမ်းများနှင့်အတူ ခွဲစိတ်ကုသမှု ပြုလုပ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သြဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် လာရောက်၍ လိုအပ်သည်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် အပြင် ကမ္ဘောဇဘဏ်လီမိတက်၏ CEO Mr. Mike DeNoma နှင့် ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်နန်းလိုင်ခမ်းတို့ကလည်း သြဂုတ်လ ၃၀ ရက်တွင် ကလေးငယ်များအား လာရောက် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ခွဲစိတ်ကုသမှု အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ပြင်သစ်အစိုးရမှ High Rights Prize 2010 ဆုရရှိထားသည့် LinkAge Restaurant ၏ နေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ယင်း LinkAge Restuarant သည် ဟင်းလျာချက်ပြုတ်ရေးဆိုင်ရာ အသက်မွေးပညာ သင်ကြားပေးခြင်းဖြင့် နွမ်းပါးကလေးငယ်များနှင့် လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေးအတွက် Volunteer များ စုပေါင်း ဖွင့်လှစ်ထားသော သင်ကြားရေးဆိုင်ရာ Restaurant တစ်ခု ဖြစ်ကြောင်း သိရသည်။



ရှမ်းတိုင်းရင်းသူများ ဖြစ်ကြသည့် ဒေါ်နန်းလိုင်ခမ်း၊ ဒေါ်နန်းခမ်းနောင့်၊ ဒေါ်နန်းမိုဟွမ်တို့ ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ဖောင်ဒေးရှင်း စတင်တည်ထောင်ချိန်မှ စ၍ ယနေ့အချိန်ထိ စုစုပေါင်း ကျပ်ငွေ ၁၄၄ ဘီလီယံကျော်ကို လှူဒါန်းထားပြီး ဖြစ်သည်။

Journal Download

Photo of three cats