မင်းဇော်မင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့အ၀င် တိုးဂိတ်တွင် စက်တင်ဘာလ
၎ ရက်က နယ်မြေခံ စရဖ၊ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ သက်သေများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ
သတင်းအရ မော်တော်ယာဉ်များအား စစ်ဆေးစဉ် ဖောက်ခွဲရာတွင် အသုံးပြုသော ဒီတိုနေတာ အများအပြား
ကို ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။
" ကွင်းဆက်တွေကို လိုက်နေဆဲ ဖြစ်ပါတယ်" ဟု ကျောက်မဲမြို့မရဲစခန်းမှ
ဒုရဲမှူး ဟန်ဝင်းလှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကျောက်မဲမြို့၊ အိုရီရင်တယ် Toll ဂိတ်တွင် ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ
သတင်းအရ စောင့်ဆိုင်းကာ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးစဉ် စက်တင်ဘာလ ၄ ရက်၊ ည ၁၁
နာရီကျော်ခန့်တွင် လားရှိုးဘက်မှ မန္တလေးဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၄)နေ ယာဉ်မောင်း
ဇော်မြင့်သိန်း မောင်းနှင်၍ ယာဉ်နောက်လိုက် မြင့်ဇော်ဦး လိုက်ပါလာသည့် ယာဉ်ပေါ်မှ အနီရောင်ကြိုးဖြင့်
လည်းကောင်း၊ စိမ်းနီပြာရောင်ကြိုးဖြင့် လည်းကောင်း ပြုလုပ်ထားသည့် ဖောက်ခွဲမှုသုံး
ဒီတိုနေတာ အချောင်းရေ ၁၆၄၅၀၀ ကို အပေါ်တွင် သံတိုသံစများဖြင့် ဖုံးအုပ်ကာ ပီနံအိတ်များဖြင့်
ထည့်၍ သယ်ဆောင်လာသည်ကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖောက်ခွဲမှုသုံး ဒီတိုနေတာများကို သယ်ဆောင်လာသည့် ယာဉ်မောင်း ဇော်မြင့်သိန်း
(၂၉)နှစ်နှင့်
ယာဉ်နောက်လိုက် မြင့်ဇော်ဦး(၃၈)နှစ်တို့အား ကျောက်မဲမြို့မရဲစခန်းမှ
(ပ) ၃၅၇/၂၀၁၈၊ ရှမ်းပြည်နယ် လက်နက်အမိန့်- ၁၂ အရ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။