စိုင်းရာဇာ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊
ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ခေမာရဌ်ဟိုတယ်အနီးတွင် တက္ကသိုလ်ကျောင်းသူ
တစ်ဦး စက်တင်ဘာလ ၅ ရက်၊ ညနေပိုင်းက ဆိုင်ကယ်
တိမ်းမှောက်ကာ သေဆုံးခဲ့ရကြောင်း အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
တောင်ကြီးမြို့၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းမအတိုင်း မြောက်မှ တောင်သို့ ဆိုင်ကယ် မောင်းနှင်လာစဉ် ခေမာရဌ်
ဟိုတယ်အရှေ့ လမ်းကွေ့တွင် အရှိန်းမထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်တိုက်ခဲ့ခြင်း
ဖြစ်သည်။
" မနေ့ ညနေပိုင်းလောက်က ဆိုင်ကယ်မှောက်ပြီး
ဥပဒေ ပထမနှစ် ကျောင်းသူတစ်ဦး သေဆုံးသွားပါတယ်။
နောက်က လိုက်လာတဲ့သူကတော့ ဒဏ်ရာ ရရှိတယ်။ အဲ့ဒီသေဆုံးတဲ့ တစ်ယောက်က ဆိုင်ကယ်ဦးထုပ်တော့
ဆောင်းတယ်။ ဒါပေမယ့် မေးသိုင်းကြိုး မတပ်ဘူး။ မေးသိုင်းကြိုး မတပ်တဲ့အတွက် ဆိုင်ကယ်မှောက်တဲ့
အချိန်မှာ ဆိုင်ကယ် ဦးထုပ်က ခေါင်းမှာ မရှိဘဲ လွင့်သွားတယ်။ ဒါကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။
ဦးထုပ်သာ ခေါင်းမှာ ရှိနေရင် သေဆုံးတဲ့အထိ ဖြစ်မယ် မထင်ဘူးလို့ သုံးသပ်ပါတယ်"
ဟု အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးဇော်အောင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
အဆိုပါ သေဆုံးသူမှာ
တောင်ကြီးတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဖြင့် ပထမနှစ်တွင် ပညာသင်ကြားနေသူ မယွန်းရွှေလွှာ ဖြစ်ကြောင်း ရဲမှတ်တမ်များအရ သိရပြီး
၎င်းနှင့်အတူ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ မခင်သက်ပိုင်ထွန်းမှာ မေးစေ့ပေါက်ပြဲခြင်း၊
ဝဲပါးပွန်းပဲ့ခြင်း/ ဝဲဒူး ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍
ယာဉ်အား မဆင်မခြင် မောင်းနှင်သူ မယွန်းရွှေလွှာ(သေဆုံးသူ) အား တောင်ကြီး မြို့မရဲစခန်းတွင်
ယာဉ်(ပ) ၂၁/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/ ၃၃၈/ ၃၀၄ က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း
သိရသည်။