တာချီလိတ်၌ ဆိုင်ကယ်လုယက်သူအား ဖမ်းဆီးရာမှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်လုယက်မှုပေါ်ပေါက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ ဆိုင်ကယ်လုယက်သူအား ဖမ်းဆီးရာမှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်လုယက်မှုပေါ်ပေါက်



မိုင်းမော(တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗယ်လင်တိုင်းဟိုတယ်အနီး ဆိုင်ကယ်တက္ကစီ သမား၏ လည်ပင်းအား သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်သွားသူကို သြဂုတ် ၂၉ ရက် ညနေ ၆ နာရီက မိုင်းပျဉ်းမြို့နယ်၊ တာကော် (၂) မိုင်ရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖြင့် ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်လုယက်မှု ထပ်မံပေါ် ပေါက်ခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
.
"သြဂုတ် ၁ဝ ရက်နေ့ညက ဆိုင်ကယ်တက္ကစီသမားရဲ့ လည်ပင်းကို သေနတ်နဲ့ပစ်ပြီး လုယက်သွားတဲ့ ဆိုင်ကယ်တစ်စီးကို တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ အားကစားရုံအနီး ဆိုင်ကယ်ဝယ်ရောင်းဆိုင်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ လာရောင်းတဲ့သူက မိုင်းပျဉ်းမြို့နယ်၊ တာကော်(၂)မိုင်နေထိုင်သူဖြစ်လို့  ကွင်းဆက်နဲ့ သွား ရောက် ဖမ်းဆီးတဲ့အခါမှာ သြဂုတ် ၁၈ ရက်နေ့က ဒိုင်းမွန်းရွှေဆိုင်မှာ အသုံးပြုခဲ့တဲ့ အဝတ်အစား၊ သေနတ်နဲ့ ကျည်တောင့်တွေပါ သိမ်းဆည်းရမိတာပါ။ တရားခံကို တရားစွဲတင်ပို့နိုင်ရေးအတွက် စစ်ဆေး ဆောင်ရွက်နေပါတယ်''ဟု တာချီလိတ်မြို့မရဲစခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
တာချီလိတ်မြို့မရဲစခန်း(ပ)၂၆၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဆိုင်ကယ်လုယက်မှုနှင့် (ပ)၂၇၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၄၂၇ ဒိုင်းမွန်းရွှေဆိုင်လုယက် မှုမှ တရားခံ ဖမ်းဆီးရမိရေးအတွက် အမှုစစ်အရာရှိ မြို့မစခန်း ဒုရဲမှူး မျိုးခိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့ ပေါ်အတွင်း လိုက်လံသတင်းစုံစမ်းဆောင်ရွက်နေစဉ် သြဂုတ် ၂၉ ရက်ညနေ ၅ နာရီခန့်တွင် လုယက်သွားသည့် ဆိုင်ကယ်အား ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံအနီး နိုင်နိုင်မင်း ဆိုင်ကယ်ဝယ်ရောင်းဆိုင်တွင် စတင်တွေ့ရှိရာမှ အဆိုပါဆိုင်ကယ်ကို လွန်ခဲ့သည့် ၁၂ ရက်ခန့်က မိုင်းပျဉ်းမြို့နယ်၊ တာကော်(၂)မိုင်နေ စိုင်းလှဝင်းဆိုသူမှ လာ ရောက်ရောင်းချရာ ထိုင်းဘတ်ငွေ ၁၁ဝဝဝ ဖြင့် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ချက်အရ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တရားခံဖမ်းဆီးရမိရေးအတွက် မိုင်းပျဉ်းမြို့နယ်၊ တာကော်(၂)မိုင်သို့သွားရောက်ခဲ့ပြီး စိုင်းလှဝင်းကို သြဂုတ် ၂၉ ရက်ညနေ ၆ နာရီတွင် ဖမ်းဆီးရမိခဲ့သည်။
.
ဆက်လက်ပြီး ရဲအုပ်အေးလွင် ဦးစီး ပူးပေါင်းအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင်ကယ်တက္ကစီသမား၏ လည်ပင်းကို သေနတ်ဖြင့်ပစ်ပြီး လုယက်သွားမှုနှင့် ဒိုင်းမွန်း ရွှေဆိုင်လုယက်မှု ကျူးလွန်သူဖြစ်ကြောင်း၊ အဆိုပါပြစ်မှုကျူးလွန်စဉ် တရားခံ ဝတ်ဆင်သည့် အဝတ်အစားများနှင့်အခင်းဖြစ်စဉ် အသုံးပြုသည့် ပွိုင့် ၂၂ သေနတ်နှင့် ၄င်းကျည် ၁၃ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။
.
သို့ဖြစ်၍ ဆိုင်ကယ်လုယက်မှုနှင့် ဒိုင်းမွန်းရွှေဆိုင် လုယက်မှု တရားခံ စိုင်းလှဝင် (၂၂ နှစ်)၊ မိုင်းပျဉ်းမြို့နယ်၊ တာကော်(၂)မိုင်နေသူအား တရားစွဲတင်ပို့နိုင်ရေးအတွက် အမှုစစ်အရာရှိ မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် အဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats