မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း ငမြှောင်တောင်းဖျက်ပိုးကျရောက်မှာ
လတ်တလောတွင် တန့်နေကြောင်း ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဌာနမှ ဒုဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက သြဂုတ်လ ၃၁ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
"၂၈
ရက်က စပြီး ကာကွယ်နှိမ်နှင်းတာတွေ လုပ်ခဲ့တာ မနေ့က ဖုန်းသတင်းအရ အကောင်တွေ တန့်နေတယ်လို့ပြောတယ်။
အဓိကတော့ စနစ်တကျ ပိုးသတ်နိုင်ဖို့ပါ။ ပိုးက ညမှာစားပြီး မနက်မှာ နားတဲ့ပိုးဖြစ်လို့
ညနေကစပြီး နံက်အစောအထိ ပိုးသတ်ဆေးဖြန်းနိုင်ဖို့ အရေးကြီးပါတယ်။ အနီးအနားက ခြံတွေကနေ
ကူးစက်မှုမဖြစ်နိုင်အောင် မြောင်းတူးဖို့၊ အားလုံး ဝိုင်းပြီး ပိုးကောင်တွေ ဖျက်ဆီးဖို့
စတဲ့အချက်တွေကို ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်"ဟု ဒေါ်ခိုင်သန္တာလင်းက ဆိုသည်။
တောင်သူများထံမှ
ပိုးကျပြီး ၅ ရက်အကြာတွင် သတင်းပို့ချက် ရရှိသည့်အတွက် အမြန်ဆုံးသွားရောက်ကာ နှိမ်နှင်းရေးနှင့်
ကာကွယ်ရေး ပညာပေးမှုများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကွင်းဆင်းလုပ်ဆောင်ခဲ့ရာ သြဂုတ်လ
၂၈ ရက်မှ ၃၁ ရက် အတွင်း ပိုးကောင်များ ကျရောက်မှု ရပ်တန့်နေကြောင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ
ကျေးရွာအုပ်စု ၂၃ အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းပျဉ်း၊ တိခုံ၊
တန်ခုတ်၊ ကျောက်တန်းရွာများသို့လည်း ကွင်းဆင်းလျက်ရှိကြောင်း ၎င်းကပြောသည်။
.
သြဂုတ်လ ၂၈
ရက်နေ့ စာရင်းအရ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စုရှိ ပန်မားနှင့်နောင်စံကျေးရွာများတွင်
ပိုးကျရောက်မှု ၈၃ ဒသမ ၅ ဧက၊ ထိခိုက်ဧက ၃၆ ဧက
ရှိခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တစ်ခုလုံးတွင်
သြဂုတ်လ ၂၇ ရက်အထိ ငမြှောင်တောင်ပိုကြောင့် ထိခိုက်၊ ပျက်စီးစာရင်းအရ ပိုးကျ ၁၅၉၃ ဒသမ
၈၇ ဧက၊ ထိခိုက် ၁၀၉၉ ဒသမ ၁၈ ဧကနှင့် ပျက်စီးမှု ၂၄၃ ဒသမ ၀၅ ဧက ရှိကြောင်း သိရှိရပြီး
အဆိုပါစာရင်းတွင် ယခုဟိုပုံးမြို့နယ် ပိုးကျထိခိုက်မှုစာရင်း ပါဝင်ခြင်းမရှိသေးကြောင်း
သိရသည်။
.
အလားတူ ဖယ်ခုံမြို့နယ်အတွင်း
အမှတ် (၃၃၆) တပ်ရင်း၏ နောက်ဘက် တောင်သူ ဦးလှဒူ၏ပြောင်းခင်းတွင် သြဂုတ်လ ၂၉ ရက်က ငမြှောင်တောင်ပိုးကျရောက်သဖြင့်
တစ်ရက်အတွင်း ပြောင်းဧက ၃၀ ကျော်ထိခိုက်ခဲ့ကြောင်း သိရှိရသည်။
.
.
.
#KBZTai
#Shan