မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မင်္ဂလာခန်းမတွင် ဩဂုတ်လ ၃၁ ရက်က
အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပွင့်လင်းလွှတ်တော် အစီအစဉ်အရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
ဦးသန်းထိုက်နှင့် ပြည်သူများအကြား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
လွှတ်တော်ကိုယ်စားလှယ်နှင့်
ပြည်သူများအကြား တိုက်ရိုက်ဆက်သွယ်ကာ ပွင့်လင်းမြင်သာမှုနှင့် အပြန်အလှန် တာဝန်ခံမှုများ
ရရှိစေရေး ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း
ရှမ်းပြည်နယ် တရားဥပဒေစိုးမိုးရေးအဖွဲ့၊ Rule of Law (Shan State)-SSROL ဒုဥက္ကဌဖြစ်သူ ဦးထွန်းထွန်းမြင့်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
"အဖွဲ့အနေနဲ့က
လွှတ်တော်ကိုစောင့်ကြည့်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ရေးရာကော်မတီတွေရဲ့ သတင်းအချက်အလက်တွေကို
Open Myanmar ဝက်ဘ်ဆိုဒ်မှာ လွှင့်တင်ပေးပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ လူထုတွေ့ဆုံမှုတွေ
စီစဉ်ပေးပြီး လူထုရဲ့အသံကို လွှတ်တော်ကိုယ်စားလှယ်တွေ တိုက်ရိုက်ကြားသိစေဖို့နဲ့ လွှတ်တော်
အတွင်းမှာ ကိုယ်စားလှယ်တွေ က မေးခွန်းတွေ၊ အဆိုတွေ တင်သွင်းနိုင်ဖို့ ကြိုးပမ်းပေးပါတယ်။
လူထုနဲ့ ကိုယ်စားလှယ် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တွေ့ဆုံပြီး လွှတ်တော်တွင်း
လုပ်ဆောင်ချက်တွေ ပြန်ပြောရင်း ပြည်သူ့အသံ ကြားသိစေတဲ့ အစီအစဉ်ပါ"ဟု ဦးထွန်းထွန်းမြင့်က
ဆိုသည်။
.
လွှတ်တော်လေ့လာရေးအဖွဲ့အနေဖြင့်
လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများ ပိုမိုရင်းနှီးလွယ်ကူ သွားလာချိတ်ဆက် ဆောင်ရွက်နိုင်ပြီး
အဆင်ပြေချောမွေ့စွာ ဆက်ဆံနိုင်စေရန်နှင့် ပြည်သူများ၏ ဆန္ဒသည် လွှတ်တော်ကိုယ်စားလှယ်များ၏
ဆန္ဒနှင့် တစ်ထပ်တည်းကျ ဆောင်ရွက်နိုင်စေရန်၊ ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်များ
တစ်သားတည်းဖြစ်စေရန်မှာ အဖွဲ့၏ ပန်းတိုင်ဖြစ်ကြောင်း SSROL အဖွဲ့မှ ဒေါ်ယုယုနွယ်က ပြောသည်။
.
အဆိုပါတွေ့ဆုံပွဲတွင်
SSROL အဖွဲ့မှ ဒေါ်ဇင်သူငြိမ်းက အစီအစဉ်အကြောင်းအရာနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားခြင်း၊
ဦးထွန်းထွန်းမြင့်က ရှမ်းပြည်နယ်တရားဥပဒေစိုးမိုးရေးအဖွဲ့အကြောင်း ရှင်းလင်းပြောကြားခြင်း၊နှင့်
SSROL အဖွဲ့မှ ဒေါ်ရီရီချိုကProject အကြောင်းကို တင်ပြခြင်း တို့ကို ပြုလုပ်ခဲ့ပြီး
ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က ရှမ်းပြည်နယ်လွှတ်တော်၊
ရေးရာကော်မတီများ အကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများအကြောင်း၊
မြို့နယ်အတွက်ရန်ပုံငွေရရှိမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်နေမှု၊
ဒေသတွင်းဖြစ်ပွားနေသည့် အခက်အခဲ ပြဿနာများအကြောင်းကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများ၏
မေးခွန်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
"အဓိကတော့
ကျွန်တော်လုပ်ခဲ့တဲ့လွှတ်တော်ဆိုင်ရာကော်မတီနဲ့အခြားကော်မတီတွေအကြောင်း ရှင်းပြခဲ့ပါတယ်။
ရန်ပုံငွေဆိုင်ရာလုပ်ငန်းတွေကိုလည်း ရှင်းပြခဲ့ပါတယ်"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းထိုက်က ပြောသည်။
.
အဆိုပါ တွေ့ဆုံပွဲတွင်
၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်းဥပဒေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပဒေများတွင်
ပါဝင်သင့်သည့်အကြောင်းအရာများ၊ တိမ်မြုပ်နေသော ဖြည့်ဆည်းရန်ကွက်လပ်များ၊ အကြမ်းဖက်မှု
၁၀၀၊ မိုးစက်ငယ်လေးများ၊ မြန်မာ့အသိုင်းအဝန်းထဲက အမျိုးသမီးများ အစရှိသည့် စာအုပ်များကို
တက်ရောက်လာသူ များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
.
တွေ့ဆုံပွဲသို့
ကလောမြို့နယ် စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်မှူး ဦးဝင်းနိုင်၊ အောင်ပန်းမြို့NLD
ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အရပ်ဘက်ပြည်သူများ ဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai
#Shan