ခေါင်းမီးတောက်ချိန် ဆင်တက်နင်းသည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခေါင်းမီးတောက်ချိန် ဆင်တက်နင်းသည်



အောင်ဆန်းဝင်း
.
ပြီးခဲ့တဲ့တစ်ပတ် ဆန်ဝယ်တာ တစ်ပြည် ၁၉ဝဝ။ အခု သွားဝယ်တာအဲဒီဆန် ၂၃ဝဝ။ တစ် ပြည်ခြင်း လေးရာ တက်သွားတယ်။ အရင်ဈေးနဲ့ တွက်ပြီး ယူသွားတဲ့ပိုက်ဆံက ဆယ်ပြည်အိတ် ပိုင်းလေးတောင် မဝယ်နိုင်တော့လို့ ငါးပြည်ပဲ ဝယ်လာရတယ်။ အိတ်လုံးဆွဲနိုင်ဖို့ဆိုတာဝေးရော။ တက်ဈေးတိုင်းပေးမဝယ်ရင်လည်း အငတ်နေရုံပဲ ရှိမှာ။ တော်ကြာနေရင်းတက်သွားရင်း။ ခဏနေ ရင်းတက်သွားရင်းနဲ့ ကြာတော့ ကိုယ့်ဗိုက်တောင် မသထာချင်တော့ဘူး။ ဒါတောင် ဆန်တစ်မျိုးပဲ ရှိသေးတယ်။ ကျန်တဲ့ဟာတွေလည်း သိပ်မထူးပါ ဘူး။ တစ်နွယ်ငင်တစ်စင်ပါ၊ မောင်လည်းလိုက် မယ်ချန်မထားနဲ့ဆိုတာချည်းပဲ။ ဟိုအဆိုတော်သီ ချင်းလို ဒီနိုင်ငံမှာ လူဖြစ်တာ ကိုယ့်ရဲ့ကံပေါ့လေတဲ့။ အရပ်ထဲ ဈေးဆိုင်က ဆန်ဝယ်ပြီး ပြန်လာတဲ့ လူအပူသည်ခြင်း အားမနာလျှာမကျိုး ရင်ဖွင့်တာ စိတ်များတောင် မောမိပါတယ်။ 
.
.
သူ့အကြောင်းနဲ့သူ လမ်းကြုံလို့ ရင်ဖွင့်တာ ကိစ္စမရှိဘူး။ စကားအနှောင့်အသွားလွတ်ပါ့မလား။ ဖရုသဝါစာတွေ ထွက်ကျလာမလား ရင်တမမဖြစ်ရ တာက ကိုယ့်ဒုက္ခ။ နင်မဲငဆပြောချလိုက်ရင် အနီးပတ်လည် ရက် ၈ဝ ဆိုလား။ အခန့်မသင့်ရင် ကိုယ်ပါ ရောက်သွားနိုင်တယ်။ တလောကဆန် ဈေးနှုန်းကြီးမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ကို ညစ်ညမ်းစွာ ဆဲရေးလို့ အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်ချမှတ်နိုင်တဲ့ ပုဒ်မ ၁ဝ နဲ့ အမှု ဖွင့်တဲ့အကြောင်းက ပူပူနွေးနွေးကြီး ရှိပါသေး တယ်။ သင့်ပါးစပ်က မတော်တဆကျွံကျရင် နေ ရင်းထိုင်ရင်း မော်စကိုမှာ ငပိကြော် စားရမယ့်ကိန်း။ ဆန်ရေစပါးပေါကြွယ်ဝတဲ့တိုင်းပြည်(ရှေးတုန်းက)။ စားလို့မကုန်လှူ၍မခမ်း နိုင်ငံရပ်ခြား တိုင်းတပါးကို အလျှံပယ်တင်ပို့ရောင်းချခဲ့တိုင်းပြည်။ ခုများတော့ ဆန်ဈေးကြီးလို့ လူစားတဲ့ဆန်(ဆန်ချော)ကိုလူ တိုင်းမစားနိုင်တဲ့အဖြစ်။
.
ဆီကိုရေချိုး ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံဆို တာ ချစ်သူနှုတ်ခမ်း၊ လွမ်း၍နမ်းသော၊ နမ်းရာမထင်၊ လွမ်းရာထင်၍၊ ရင်မှာငြိပြီဆိုတဲ့အတိုင်း ဒဏ္ဍာရီကိုဖြစ်လို့ပါ။ (ဘာမှလည်းမဆိုင်ဘူး ဒဏ္ဍာ ရီထဲရောက်သွားတယ်ဆိုလည်း ပြီးနေတဲ့ဟာကို)။ ဆိုင်ဆိုင်မဆိုင်ဆိုင်လှည့်ပတ်တွေးရင်တွေးလို့ရမ လားပါပဲ။ လင်းယုန်နဲ့နဂါး စီးပွားရေး သတ်ကွင်း ထဲ ဝင်ဖိုက်ကြတယ်။ အလုံးအထည်တူ လက် ရည်တူတွေ အပျင်းပြေဖဲ့ကြတာ နှစ်ကောင်လုံးထိ ခိုက်စရာအကြောင်းမရှိဘူး။ အဓိကသက်ရောက်မှု ရှိတာက သူတို့ပတ်သက်တဲ့ စီးပွားဘက်နိုင်ငံတွေ။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ ဒေါ်လာဈေးတက် သွားတယ်။ မြန်မာကျပ်ငွေ ကမောက်ကမဖြစ်လာ တယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတက်ရင် ဆန် ဈေးတက်တယ်။ ကြက်ဥ၊ ဘဲဥဈေးတက်တယ်။ ကန်စွန်းရွက်ဈေးတက်တယ်။ အခြေခံစားသောက် ကုန်ဈေးနှုန်းအကုန်တက်ပါတယ်။
.
နောက်တစ်ယောက်ကျတော့ တစ်ဘာသာ၊ သူ့အဖြစ်က တစ်မျိုး။ အလုပ်အကိုင်က ညဈေး တန်းတစ်ခုမှာ ပျံကျရောင်းတယ်။ သားငါး၊ အ သီးအရွက်အကင်ဆိုင်လေးဖွင့်ပါတယ်။ တတ်နိုင် သလောက် စေတနာရှေ့တန်းတင်လုပ်တော့ သူ့ ဆိုင်က အမြဲလိုစည်ကားပါတယ်။ ညနေစောင်း ဆိုင်ဖွင့်စကနေ ရောင်းချစရာ ပစ္စည်းကုန်တဲ့အထိ လူပြတ်တယ်လို့ မရှိဘူး။ မိသားစုသိုက်သိုက်ဝန်း ဝန်း တက်ညီလက်ညီလုပ်တော့ ထိုက်သင့်သ လောက် စီးပွားဖြစ်တယ် ပြောရမှာပေါ့။ အဲဒီနေ ရာလေးမှာ တစ်ဝမ်းတစ်ခါးအတွက် လုပ်ကိုင်စား သောက်လာတာ နှစ်ပေါင်းမနည်းတော့ဘူး။ အခု ကြားရတဲ့သတင်းကမကောင်း။ သူတို့ရောင်းချနေ တဲ့ ဈေးတန်းနေရာကို သက်ဆိုင်ရာတားမြစ်လိုက် တယ်လို့ပြောတယ်။ ခေတ်ကာလအခြေအနေအရ လုပ်ငန်းတစ်ခု လည်ပတ်ဖို့နေရာက အတော်အရေးကြီးပါတယ်။ လောလောဆယ်တော့ ငုတ် တုတ်ပေါ့။
.
ရန်သူမျိုးငါးပါးထဲ တစ်ပါးအပါအဝင်ဖြစ်တဲ့ မင်းပြစ်မင်းဒဏ်သင့်မှတော့ ဘာများတတ်နိုင်မှာတုန်း။ အတွန့်သွားတက် လို့လည်း အကြောင်းထူး လာမှာမှမဟုတ်တာ။ သူ့အကြောင်းဘေးချိတ်ပြီး အရပ်မျက်နှာလှည့်ကြည့်တော့ စိတ်ပျက် အားငယ် ခြင်းဆိုတာ တစ်ဦးတစ်ယောက်တည်း ကွက်ကြား မိုးရွာနေတာမဟုတ်ပြန်ဘူး။ ဘဝတူ ဇာတ်ခေါင်းကွဲ စလောင်းပဲ့နဲ့အိုးရွဲ့တွေ အရပ်ထဲမှာ ဒင်းကြမ်း။ လက်ညိုးထိုးမလွဲ။ ခလုတ်တိုက်တဲ့လူကို ကမ်း လက်မပေးနိုင်ကြ ဘူး။ လဲနေတဲ့လူက ဘယ်လိုပြန် ထောင်ရမှန်းမသိ။ ဝဲစုပ်သလို ဆွဲချတဲ့ ဆင်းရဲ တွင်းထဲ စုန်းစုန်းမြုပ်မခံရအောင် အသက်ဆက် နေကြရတာ။ နှာခေါင်းဖော်အသက်ရှုနေတဲ့ကြားက လွတ်လွတ်လပ်လပ်ပြုတ်ကျသွားတဲ့ လူတွေတစ် ပုံကြီး။ တောင်အရပ်ကို မြောက်အရပ်မကူနိုင်။ အ ရှေ့အရပ်ကို အနောက်က မကြည့်အားဆိုတဲ့အတိုင်း။
.
အဆုံအခွမှာ လာသမျှကြုံရတော့ အရပ်သ တင်းမျိုးစုံ ကြားရတတ်ပါတယ်။ တချို့ကကောင်း သတင်း၊ တချို့က သတင်းဆိုး၊ အတင်းအဖျင်းရော သမမွှေတာလည်းရှိ။ ကိုယ့်ဆီတိုက်ရိုက်မပြော တောင် သူတို့ချင်း ငြီးချင်းချကြတာ မကြားချင်မှ အဆုံး။ ဘယ်လမ်းထဲက သမီးတော့ ဆေးသမား နောက်ပါသွားတယ်။ အော့ကျောလန်သူကြီးက တော်ရဲ့သားကေတီဗွီမလေးနဲ့ ဇယားကပ်နေတယ်။ အခါကြီးရက်ကြီးမှာ အရပ်လူကြီးအိမ်ဖောက် သွားတာ သဲလွန်စတောင်မကျန်ဘူး။ လုယက်မှု တွေများလို့ အိမ်ပြင်ထွက်ရမှာတောင် ခပ်လန့်လန့်။ မိုးရွာရင် ဓာတ်လိုက် သေမှာကြောက်ရသေး။ ပေါက်ပန်းလေးဆယ်သတင်းတွေက အင်တာနက် ပေါ် ပလူပျံ။ အစိုးရ သတင်းမှန် ထုတ်ပြန်ရေးက လှည်းကောက်ဖို့ နွားရှာတုန်း လူမှုကွန်ရက်က ကမ္ဘာပတ်နေပြီ။ အရပ်သတင်းတွေဆိုတော့ ထွေ လီကာလီစုံစီနဖာ။
.
အကြောင်းအရာတွေ ဘယ်လောက်ပဲဗောက် ထပါစေ အရပ်လူတွေကြား ရေပန်းစားပေါ်ပြူလာ အဖြစ်ဆုံးက ကုန်ဈေးနှုန်းတက်တဲ့အကြောင်း။ အခုနေ တစ်ခါတက်တယ်။ ခဏနေတစ်ခါတက် တယ်။ သတိရတိုင်းတက်တယ်။ လင်မယားချင်းရန် ဖြစ်ရင်တက်တယ်။ လင်းယုန်နဲ့ နဂါးဖဲ့ရင်တက် တယ်။ ဘာအကြောင်းမှမရှိရင် တက်ချင်လို့တက် ပါတယ်။ ဒီလို ပစ်စလက်ခတ်ထင်သလို ရေးနေ တဲ့ဇာတ်ညွှန်းကို ရဲရဲဝံ့ဝံ့သတ္တိဗျတ္တိနဲ့ ကိုင်တွယ်ဖြေ ရှင်းမယ့် သူရဲကောင်းကလည်း ဘယ်လောက်အ သင်္ချေစောင့်ရမယ် မပြောတတ်။ မြန်မာနိုင်ငံတစ် ဝှမ်းကြုံသလို မှီတင်းနေထိုင်ကြတဲ့ ပြည်သူအများ စုက အခြေခံလူတန်းစားတွေပါ။ အလုပ်အကိုင် အခွင့်အလမ်းရှားပါး၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ် ရင် လုပ်ခလစာအင်မတန်နည်းပါးတာကြောင့် ကုန်ဈေးနှုန်းလှုပ်တာနဲ့ ပြည်သူတွေရဲ့ ဘဝများများ မြှုပ်တာပါပဲ။
.
နဂိုတည်းက လုံးပါးပါးတဲ့ အခြေအနေမှာ လတ်တလောဖြစ်ပေါ်တဲ့ ရေကြီးရေလျှံမှုကလည်း အခြေခံပြည်သူအတွက်ြေ>ွမပူရာကင်းမှောက်သ လိုပါ။ ရေကြီးရေလျှံမှုကြောင့် ဒေသအတော်များ များ စိုက်ပျိုးလယ်ယာမြေပျက်စီး ဆုံးရှုံးမှုဖြစ်ပါ တယ်။ ပျက်စီးဆုံးရှုံးမှုကြောင့် တောင်သူတွေအ ကျိုးစီးပွားနစ်နာရတယ်။ အဲဒီနောက်ကွယ်မှာ လက်ကျန်ကုန်စည်ကို ထင်သလို ဈေးကစား မသမာမှုပြုတာကြောင့် ကြီးမြင့်လာတဲ့ ကုန်ဈေး နှုန်းဒဏ်ခံရတာက တစ်နေ့လုပ်တစ်နေ့စား အောက်ခြေလူတန်းစားတွေပါ။ လက်ထဲရှိတဲ့ ပိုက် ဆံက ဆန်ဝယ်ပြီးရင် ဆီဘက် မလှည့်နိုင်။ ဆီနဲ့ ဆန်ပြည့်စုံတော့ ဟင်းချက်စရာသားငါးက ဝယ်မ လောက်။ ထမင်းတစ်လုတ်အတွက် ကိုယ့်ဗိုက်ကို ထောင့်စေ့အောင် ဖြည့်ဆည်းနိုင်ခြင်းမရှိတဲ့ အခြေ အနေတစ်ရပ်က တိုင်းပြည်အနာဂတ်နဲ့ ချိန်ထိုး ကြည့်ရင် ရင်လေးစရာတစ်ခုပါ။
.
တိုင်းပြည်တစ်ခုပုံရိပ်ဆိုတာ အဲဒီနိုင်ငံအတွင်း နေထိုင်တဲ့လူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ နိုင်ငံအတွင်းနေထိုင်တဲ့ လူတွေရဲ့ ပုံရိပ်ကောင်းမွန် ခြင်းမရှိရင် တိုင်းပြည်မျက်နှာလည်း လှစရာအ ကြောင်းမရှိပါဘူး။ လက်ရှိပြည်သူတွေရဲ့ အခြေအ နေ၊ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု၊ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲကို တာဝန်ရှိသူ များမျက်မြင်ကိုယ်တွေ့ဖြစ်လို့ ရေကင်းထပ်ပြစရာ မလိုလောက်ပါဘူး။ ပြည်သူတွေရဲ့ ဘဝကို ဆွဲ တင်နိုင်ဖို့ တိုင်းပြည်စီးပွားရေးက မှန်ကန်တဲ့ လမ်း ကြောင်းပေါ်ရှိနေဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ စီးပွားရေးလမ်းကြောင်း ပေါ်ရောက်ဖို့ အဓိကတာဝန် ယူလုပ်ဆောင်မှာက အစိုးရပါ။ ကောင်းမွန်တဲ့ စီမံ ခန့်ခွဲမှုမရှိ၊ တိကျခိုင်မာတဲ့ ဥပဒေနဲ့ လုပ်ကိုင် ဆောင်ရွက်ခြင်းမပြုနိုင်ရင် အထက်က ဘယ် လောက်လုပ်လုပ်၊ အောက်ခြေမှာ သဲထဲရေသွန် ဖြစ်နေဦးမှာပါပဲ။
.
နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူးဆိုပေမယ့် ဆီတစ်ခွက်ရဖို့ နှမ်းစေ့တွေ လိုအပ်ပါတယ်။ ခေါင်းတစ် လုံးထက် စုပေါင်း ဝိုင်းဝန်းခြင်းက အောင်မြင်မှုဆီ အမြန်ရောက်တယ်လို့ ဆိုကြတယ်။ အခက်အခဲ အကျပ်အတည်းပေါင်းစုံအောက်က ရုန်းထွက်နိုင် ဖို့ အဓိက လိုအပ်တာ စည်းလုံးညီညွတ်မှုပါ။ လက်ရှိအနေအထားတိုင်း သူတစ်လူငါတစ်ပေါက် ထင်ရာဖောက်နေသရွေ့ တိုင်းပြည်စီးပွားရေးတိုး တက်အောင် လုပ်ဆောင်လို့ မရနိုင်ပါဘူး။ တိုင်းပြည်စီးပွားရေး တိုးတက်ခြင်း မရှိလို့ ပြည်သူတွေ ဆင်းရဲကျပ်တည်းတာ အားလုံးမျက်မြင်ပါ။ မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းမရှိတဲ့ အခြေခံအကြောင်း တရားကို အစိုးရ၊ တပ်မတော်အပါအဝင် တိုင်း ရင်းသားလူမျိုးစု ခေါင်းဆောင်တိုင်း သိကြပါလိမ့် မယ်။ အောင်မြင်တဲ့ ပန်းတိုင်ရောက်ဖို့ တွဲလက် တွေ ညီအောင်မညှိသရွေ့ မီးတောက်နေတဲ့ အောက်ခြေပြည်သူရဲ့ ခေါင်းကို ဆင်တက်နင်းသလို ဖြစ်နေဦးမှာလို့ ထင်မြင်ယူဆမိကြောင်းပါ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats