နန်းနန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊
လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာနေ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်
တစ်ဦးကို မတ်ကျန်းပြည်သူ့စစ်ဌာနေ အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက သြဂုတ်လ ၃၀ ရက်၊ ညနေပိုင်းက
အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဓမ္မ ပြုကျင့်ရန်
ကြံစည်သည့် မတ်ကျန်းပြည်သူ့စစ် တပ်ဖွဲ့ဝင်မှာ တပ်သားအဆင့်ရှိသော အသက် ၃၀ နှစ်အရွယ်
အားတီ ဆိုသူဖြစ်ကာ ၄င်းအား လွိုင်လင်မြို့မရဲစခန်းတွင် ဖမ်းဆီးထားရှိပြီး (ပ)၅၄/၂၀၁၈၊
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၄/၃၇၇/၃၂၃/၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
အဓမ္မပြုကျင့်ရန်
ကြံစည်သူ အားတီသည် မတ်ကျန်းပြည်သူ့စစ် ၀တ်စုံအား ၀တ်ဆင်လျက် နန်းဟူးကျေးရွာရှိ ပြစ်မှုကျူးလွန်ခံရသူ
အမျိုးသမီးငယ်၏ နေအိမ်သို့ ရောက်ရှိလာပြီး မော်တော်ဆိုင်ကယ်အား ငှားယူခဲ့သဖြင့် မိခင်ဖြစ်သူမှ
သမီးဖြစ်သူအား မောင်းနှင် ပို့ဆောင်စေခဲ့ရာ ကျေးရွာနှင့် ၃ မိုင်ခန့်အကွာ လမ်းဘေးရှိ
တဲဟောင်းတစ်ခုသို့ ဆွဲယူခေါ်ဆောင်၍ အဓမ္မ ပြုကျင့်ရန် ကြံစည်ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများ
အရ သိရသည်။
ပြစ်မှုကျူးလွန်ခံရသူ
အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် သမီးဖြစ်သူမှ ယင်းပြည်သူ့စစ်
တပ်ဖွဲ့ဝင်အား လိုက်ပါပို့ဆောင်သည်ကို စိတ်မချသဖြင့် ရှာဖွေရာ အခင်းဖြစ်ပွားသော နေရာသို့
အရောက်တွင် သမီးဖြစ်သူ၏ အော်ဟစ် အကူအညီ တောင်းခံသံကို ကြားရ၍ သွားရောက်ကြည့်ရှုရာ ယင်းပြည်သူ့စစ်
တပ်ဖွဲ့ဝင်မှာ တဲအတွင်းမှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အဓမ္မပြုကျင့်ရန်
ကြံစည်သူ မတ်ကျန်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် အားတီကို အရေးယူပေးရန် မိခင်ဖြစ်သူမှ လွိုင်လင်မြို့မ
ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့မှ မတ်ကျန်းပြည်သူ့စစ်အဖွဲ့သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ
ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မတ်ကျန်းပြည်သူ့စစ်အဖွဲ့သည်
၂၀၀၂ ခုနှစ်၊ မေလ ၂၃ ရက်တွင် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီးနောက် ၂၀၀၉
ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွက် နမ့်စန်မြို့နယ်၊ မတ်ကျန်းဒေသတွင် ဗဟိုဌာနချုပ် ထားရှိ၍
ပြည်သူ့စစ်ဌာနေအဖွဲ့အဖြစ် အသွင်ကူးပြောင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။