ကျောင်းသား၊ ကျောင်းသူတို့၏ ပုန်းအောင်းနေတတ်သော လိုချင်စိတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 2, 2018

ကျောင်းသား၊ ကျောင်းသူတို့၏ ပုန်းအောင်းနေတတ်သော လိုချင်စိတ်



ကျော်လင်းထွန်း (ချောင်းဦး)
.
ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူ များသည် အလွန်ရိုးစင်းသော အဖြူထည်သပ်သပ် ကလေးများ ဖြစ်သည်။ လိုရာပုံသွင်းယူ၍ ရ နိုင်သော သစ်ရိုင်းတုံးကလေးများဖြစ်သည်။ မိမိ စိတ်ကြိုက် ပုံဖော်၍ရသော ဗလာစက္ကူအဖြူရွက် ကလေးများဖြစ်သည်။ နွားရုပ်ပဲလုပ်လုပ်၊ ကညာ ပျိုရုပ်ပဲလုပ်လုပ် ပုံဖော်လုပ်တတ်သူ ပေါ်မူတည်၍ စိတ်ကြိုက်အရုပ် လုပ်၍ရနိုင်သည့် ရွှံ့သပ်သပ်ပင် ဖြစ်ကြသည်။ ဆယ်ကျော်သက်မြီးတောင်ပေါက် ကျောင်းသား၊ ကျောင်းသူတို့သည် နုနယ်ကြသည် ဟု ဆိုရပါမည်။ သို့ဖြစ်၍ မိဘအုပ်ထိန်းသူတို့ စိတ် ကြိုက် ပုံသွင်းယူ၍ ရပါသည်။ လုံးဝလုံးဝ ရကို ရပါသည်ဟု စာရေးသူ ဆိုချင်ပါသည်။ သို့သော် စိတ်ရှည်ရမည်။ ပုံသွင်းနည်းမှန်ရပါသည်။ 
.
.
ပန်းလိုချင် အပင်ပျိုးတတ်မှ
.
စာရေးဆရာကြီး လယ်တွင်းသားစောချစ်၏ စာအုပ်နာမည်ကိုပဲ ခေါင်းစဉ်စွဲအဖြစ် သုံးပြီးတင် ပြပါရစေ၊ စာရေးသူ ငယ်စဉ်ကစ၍ ယခုထိတိုင်ပင် ကြိုက်နှစ်သက်လှသော စာသားအဆိုပင်ဖြစ်ပါသည်။ လှလိုက်သည့် စာသားပင် ဖြစ်သည်။ ပန်းကိုလိုချင်သူသည် အပင်ကို ပျိုးတတ်ရမည်။ အချို့သော မိဘအုပ်ထိန်းသူတို့သည် ပန်းတော့ လိုချင်ကြသည်။ အပင်ကို မပျိုးတတ်ကြ၊ အပင်ကို မပြုစုချင်ကြပါ။
.
ပန်းပွင့်ကို နှစ်သက်၍ ပန်းပင်စိုက်ပျိုးသူတို့ သည် မိမိစိုက်မည့်ပန်းပင်၏ နေရာကို ဦးစွာပထမ  မြေသန့် (မြေသန့်ပိုးသတ်ဆေးနှင့် နှပ်ထားခြင်း)၊ နေရာမှတ်သား(အုတ်ဘောင်ပတ်၊ အိုးထဲထည့်) ပြုလုပ်ရမည်။ ထိုနည်းတူ ကျောင်းသား၊ ကျောင်း သူများအတွက် သင့်လျော်သော စာသင်ကျောင်း ရွေးချယ်ရုံမျှနှင့် မပြီးပါ။ သားသားမီးမီးတို့ ကျောင်းဆင်း၍ အိမ်ပြန်ရောက်လျှင် နွေးထွေးသော မေတ္တာဖြင့် ကြိုဆိုခြင်း၊ ကစားရင်း စာသင်၊ ထမင်းစားရင်း စာသင်ခြင်းများ ပြုလုပ်ရမည်။ ဖြူ စင်နေသောသူတို့၏ နှလုံးသားထဲတွင် ယဉ် ကျေးသိမ်မွေ့သော စရိုက်လက္ခဏာ အပြောအဆိုများကို သင်ကြား၍ ထည့်သွင်းထားရမည်။ ရှင်းလင်းနေသော သူတို့၏ ဦးဏှောက်ထဲတွင် ကြိုက်တာ ထည့်ပါ။ စွဲမြဲစွာ ထင်ကျန်ပါသည်။ တစ်ရက် တစ်ရက် နည်းနည်းချင်းသာ လေ့ကျင့်ပေးပါက ကလေးငယ်များ အတွက်လည်း မပင်ပန်းပါ။ ထိုသို့ ငယ်စဉ်က လေ့ကျင့်ပျိုးထောင်ထားသော ကလေးများသည် အခြေခံပညာ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့်တို့တွင် သူ့အသိစိတ်၊ သူလိုချင်စိတ်နှင့် သူဖြစ်နေ၍ မိဘအုပ်ထိန်းသူ များလည်း စိတ်မပင်ပန်းရတော့ပါ။
.
အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
.
မြီးတောင်ပေါက် အရွယ်ရောက်မှ ပုံသွင်း ခြင်းထက် ငယ်စဉ်ဘဝကတည်းက ပုံသွင်းထားပါ က ပို၍ကောင်းပါသည်။ ဆယ်ကျော်သက်(လူပျိုဖော်၊ အပျိုဖော်ဝင်အရွယ်)ရောက်မှ ပုံသွင်းမည် ဆိုပါက အချိန်တော့ နောက်မကျပါ။ အချိန်ကြာနိုင်သည်။ ပို၍ စိတ်ရှည်ရမည်။ မိဘအုပ်ထိန်းသူနှင့် ကလေးပါ စိတ်ဆင်းရဲမှုဒဏ်ကို စိတ်ရှည် သည်းခံနိုင်မှသာ မိမိတို့လိုသော ပန်းပွင့်လန်းလာ ပါမည်။ ဆယ်ကျော်သက် ကျောင်းသားလူငယ်တို့၏ လိုချင်စိတ်၊ သူတို့၏ စိတ်ကူးများ(ီမနော)ကို ပုံဖော်နိုင်ရန် အကောင်အထည်ဖော်ရန် နည်းလမ်း၊ စည်းစနစ်များ သူတို့ရရှိသွား ပါလိမ့်မည်။
.
အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက
.
''အစကောင်းမှ အနှောင်းသေချာ''ဆိုသော စကားပုံနှင့် အညီ ကလေးငယ်များ ဆယ်ကျော် သက်များအတွက် အကောင်းဆုံးသော နေရာမှာ စာသင်ကျောင်းနှင့် မိဘအုပ်ထိန်းသူတို့၏ ပတ် ဝန်းကျင်ကောင်းပင် အလိုအပ်ဆုံး နေရာဖြစ်သည်။
.
''တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ''ဆိုတဲ့ နိုင်ငံတော် သီချင်းခြေဆင်း၏ အနှစ်သာရကို တွေးကြည့်စေချင်သည်။ ဤစာသား၏ အဓိပ္ပာယ်ကို ကျောင်းသား၊ ကျောင်းသူတို့၏ရင်ထဲ နစ်ဝင်နေအောင် သွန်သင်ပေးပါက ပို၍ အဓိပ္ပာယ်ရှိလာပါမည်။ ဤအလေ့အကျင့်ကောင်း (နိုင်ငံတော်အလံရှေ့၊ နိုင်ငံတော် သီချင်းဆိုသော အလေ့အကျင့်)သည် ကျောင်းသား၊ ကျောင်းသူ တို့အတွက် မျိုးချစ်စိတ်ရင့်သန်လာပါမည်။ ၄င်းမှ တဆင့် တိုင်းပြည်ချစ်စိတ်နှင့်အတူ အမိနိုင်ငံတော် အတွက် အလုပ်လုပ်နိုင်ရန် ကြိုးစားသင်ယူကြ ရန် သူတို့ရင်ထဲ ကိန်းအောင်းလာပါလိမ့်မည်။ နိုင်ငံတော်သီချင်း သီဆိုချိန်၊ သတိဆွဲ၊ အလေးပြု နေရုံနှင့် မပြီးစေချင်ပါ။ မျိုးဆက်သစ် ကလေးတို့၏ စိတ်ထဲ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ဝင်လာပါက နိုင်ငံနှင့် လူမျိုးအတွက် အလုပ်လုပ်ချင်စိတ်မှသည် နည်းပညာ ရယူလိုစိတ်၊ နိုင်ငံတကာ စံအယူအဆများ တဖြည်းဖြည်းရှိလာပါလိမ့်မည်။ ဆရာဝတ်၊ ကျောင်းသားဝတ်၊ မိဘဝတ်၊ တပည့်ဝတ်များ ရှင်းလင်းပြောကြားခြင်းမှစ၍ မိတ်ဆွေ ဝတ်၊ ၄င်းနောက် ပြည်သူ့နီတိအထိ လေ့ကျင့် လိုက်နာစေပါက အဆိုပါ ကလေးများသည် ယဉ် ကျေးမှုနှင့်တကွ ဘဝအောင်မြင်မှုကို ဘာလိုလို ရယူလိုစိတ် ရှိနေပါမည်။
.
အထိန်းမတတ် စိမ်းဆတ်ဆတ်အရွယ်
.
ကျောင်းသူ ကျောင်းသားကို ကျောင်းသွား စေရုံဖြင့် မိဘဝတ္တရား၊ အုပ်ထိန်းသူ(ဘော်ဒါ) အဆောင်တည်ထောင်သူ အပါအဝင်)တို့၏ ဝတ္တရား မကျေပွန်သေးပါ။ ''လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ''ကပင် ရှင်းလင်း တင်ပြရပေမည်။ ကလေးငယ်တို့ကို ငယ်စဉ်(မိဘနှင့်အတူ နေစဉ်)ကပင် စကားပြောသင်၊ အနေအထိုင် သင်ထား ပါက ကလေးများ ယဉ်ကျေးကြပါမည်။ ညအိပ်ရာဝင် ပုံပြင်များ၊ နံနက်တိုင်း ညတိုင်း ဘုရားရှိခိုးအိပ်စေခြင်း၊ နေ့စဉ် သောက်တော်ရေ၊ ဆွမ်းတော်ကပ်စေခြင်းများဖြင့် ကလေးငယ်များ၏ ကောင်းမှုကုသိုလ် လိုချင်စိတ်ကို ပြုစုပျိုးထောင် နိုင်ပါသည်။ မီးဖိုချောင်တွင် မိဘကိုကူညီစေခြင်း၊ ဈေးဝယ်ခေါ်သွားခြင်း၊ ညနေခင်း လမ်းလျှောက် ခေါ်သွားခြင်းများဖြင့် အစာအာဟာရအကြောင်း၊ ကျန်းမာရေးအကြောင်းများ ပုံသွင်းရင် သင်ကြား ပေးနိုင်ရမည်။ ဤသို့ ကြီးပြင်းလာရသော က လေးများသည် အခြေခံပညာကျောင်းများမှ သင် ကြားမှုများကို ပေါင်းစပ်လိုက်ပါက အချိန်တန် အ ရွယ်ရောက်လျှင် အဓိပ္ပာယ်ရှိသော တန်ဖိုးရှိသော လူငယ်ဖြစ်လာပါလိမ့်မည်။ ဘဝတန်ဖိုးရှိသော လူ တစ်ယောက်ဖြစ်ဖို့ အချိန်ကို တန်ဖိုးရှိစွာ သုံးတတ် သောသူ၊ ပတ်ဝန်းကျင်ကောင်းကို ရှာဖွေတတ် သောသူ ဖြစ်လာပါလိမ့်မည်။
.
မြီးတောင်ပေါက်အရွယ်
.
အချို့ကလည်း ''မြီးကောင်ပေါက်''ဟု ဆို ကြသည်။ အမှန်မှာ ငှက်ငယ်လေးများနှင့် ဥပမာ ပြုခိုင်းနှိုင်းထားခြင်း ဖြစ်သည်။ ငှက်ကလေးများ သည် အမြီးပေါက်စ၊ အတောင်ပေါက်စ အရွယ် ရောက်လျှင် အသိုက်မှ ထွက်၍ လေနှင်ရာ လွင့်မြောနေလိုပုံကို ဆယ်ကျော်သက်လူငယ်တို့ လွတ် လပ်စွာနေချင်ကြပုံနှင့် ခိုင်းနှိုင်းထားသည်။ သို့ဖြစ်ပါ၍ ဤအရွယ် ကလေးငယ်များကို ကောင်း သောအရာ လိုချင်စိတ် ရရှိလာအောင် ပုံသွင်းရပါ မည်။ အချို့သော ကလေးများမှာ မည်သည့်အ ရာသည် လိုအပ်သည့်အရာဖြစ်သည်။ လူ့ဘောင် လောကကို ကောင်းကျိုး ပေးသော အရာဖြစ်သည်။ မည်သည့်အရာကတော့ဖြင့် မလိုအပ်သောအရာ၊ လူ့ဘောင်ကောင်းကျိုးမပေးသော အရာဖြစ်သည်ကို ပုံသွင်းထားပါက တန်ဖိုးရှိ သော လူငယ်တစ်ယောက် ဖြစ်လာပါလိမ့်မည်။
.
ဥပမာ-နံနက်တိုင်း စောစောထခြင်း၊ ဘုရား သောက်တော်ရေကပ် ဆီမီးကပ်စေခြင်း(သို့မ ဟုတ်)ကလေးများကို မနှိုးဘဲ အိပ်နေစေခြင်း၊ အလိုလိုက်ထားခြင်း၊
.
- ငယ်စဉ်ကပင် အရွယ်နှင့် ကိုက်ညီသော ပုံပြင်များ၊ ပုံတိုပတ်စများ ဖတ်စေခြင်း (သို့မဟုတ်) တီဗွီ ကြည့်နေစေခြင်း၊ ဟန်းဆက်(ဖုန်းဖြင့်)ဆော့ စေခြင်း၊
.
- ကလေးများကို ဈေးဝယ်တတ်အောင် လေ့ ကျင့်ပေးခြင်း၊ ကိုယ်ကာယလေ့ကျင့်မှုအဖြစ် သစ် ပင်စိုက်စေခြင်း (သို့မဟုတ်)ဘယ်မှမထွက်ပြီးရော သဘောထားကာ အိမ်တွင်းပုန်းစေခြင်း၊ အိပ်ခန်းအောင်း၍ တီဗွီ၊ ဖုန်းနှင့် အချိန်ကုန်စေခြင်း၊
.
- ဂီတအနုပညာ ပစ္စည်း(တူရိယာ)တစ်မျိုးမျိုး ကို ကိုယ်တိုင်တီးမှုတ်၊ တီးခတ်စေခြင်း(သို့မဟုတ်) တီဗွီ၊ ဖုန်းများဖြင့်သာ အနုပညာတစ်ခုခု၊ ဇာတ် ကားများကိုသာ ကြည့်စေခြင်း၊
.
- ပတ်ဝန်းကျင်နှင့် သဘာဝ ထိတွေ့စေ၍ ချိန်ညှိစေခြင်း (သို့မဟုတ်)အသိုင်းအဝိုင်း၊ အဆင့် အတန်း ခွဲခြားစေခြင်း စသည်၊ စသည်တို့သည် ကလေးလူငယ်တို့၏ ''လိုချင်စိတ်''ကို မွေးမြူ ပေးခြင်းဖြစ်သည်။ ဘောလုံးပွဲလောင်းကစားခြင်း ထက် စည်းစနစ်ကျသော ဘောလုံးအသင်းအဖွဲ့ ဖြင့် ကစားစေခြင်းကဲ့သို့သော အားကစားတစ်မျိုး မျိုးကို လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းဖြင့် လူငယ် တစ်ယောက်၏ ''ကောင်းမွန်သော ကျန်းမာရေး၊ စည်းကမ်းနှင့် အသင်းစိတ်ဓာတ် လိုချင်စိတ်''ကို မွေးမြူပေးနိုင်သည်။
.
မလျော့မတင်း စောင်းကြိုးညှင်း
.
''လိုချင်စိတ်''ရှိလာအောင် မွေးမြူမထား သော ကလေးကို ကြီးရင့်လာသောအခါမှ ဖိအား ပေး၍ စေခိုင်းမရနိုင်ပါ။ မိမိလိုရာရောက်အောင် မျှား၍ (ပရိယာယ်သုံး၍)သာလျှင် မသိမသာ ဆွဲ ယူရမည်။ ဥပမာ ဘာသာရပ်တစ်ခုခု၊ ဂီတတူရိ ယာ တစ်ခုခုကို စိတ်မဝင်စားသူအား အခြား ¤င်းတို့ စံပြုသူ၏ အောင်မြင်မှုမှတဆင့် တဖြည်း ဖြည်းချင်းသာ ဆွဲယူရမည်။ သို့မဟုတ်ပါက ဇွတ် အတင်း သွတ်သွင်းနေလျှင် ''မြဲရာသံပတ်၊ ကြပ် ရာသပ်ပင်း''ဖြစ်တော့မည်။ ''နူရာဝဲစွဲ၊ လဲရာသူ ခိုးထောင်း''ဖြစ်တော့မည်။ ''မယောင်ရာ ဆီလူး၊ ရေပေါ်အရုပ်ရေး''သာလျှင် ဖြစ်နေမည်။ ပိုးသာ ကုန်၍ မောင်ပုံလည်း စောင်းမတတ်ပါ၊ အချိန်ကုန် ငွေပန်းဖြစ်၍ ကလေးလူငယ်များ စိတ်ဓာတ် ပျက် စီးသွားပါက ''ခုတ်ရာတခြား၊ ရှရာတလွဲ''ဖြစ်ရုံ သာလျှင် အဖတ်တင်မည်။ သို့ပါ၍ လူငယ်များ၏ စိတ်နေစရိုက်နှင့် ရှင်သန်ခဲ့ရာ ပတ်ဝန်းကျင်ပေါ် မူတည်၍ တဆင့်ပြီးတဆင့်ချင်းသာလျှင် ပျိုး ထောင်သင့်ပါသည်။ အမှန်တကယ် ဆိုရပါမူ လူ ငယ်တိုင်း၊ ကျောင်းသားတိုင်းတွင် ''လိုချင်စိတ်''ရှိ နေကြပြီး ပတ်ဝန်းကျင်နှင့် ဆုံးမမှု အပေါ်မူတည် ၍ လိုက်နာခြင်း ဖြစ်လာနိုင်သလိုအရွဲ့တိုက်က လန်ကဆန်ပြုလုပ်ခြင်းများ ရှိလာနိုင်သည်ကို သတိပြုရပေမည်။
.        
လေ့ကျင့်ပြုပြင်၊ နုငယ်စဉ်
.
လက်ရေးမလှသည့် ကျောင်းသား၊ ကျောင်းသူများကို လက်ရေးအလှသင်ပေးပါက မကြာမီ လက်ရေးလှပါလိမ့်မည်။ အိပ်ရာဝင် ဘုရားရှိခိုးခြင်း၊ အဝတ်အစားဝတ်စား ဆင်ယင်ခြင်း၊ စကားပြောစေခြင်း (လိမ္မာယဉ်ကျေးစကားနှင့် လူ ကြီးသူမများနှင့် နည်းယူစံမီစကား)များကို လေ့ကျင့်ပေးနိုင်ပါသည်။ ရိုးရာဓလေ့ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော စာပေ၊ အနုပညာများကို လေ့လာခံစားတတ်အောင် လေ့ကျင့်ပေးနိုင်ပါက အရွယ်ရောက် လူရွယ်ဖြစ်လာပါမူ မျိုးချစ်စိတ်၊ ဇာတိမာန်များ ပြည့်ဝလာပါမည်။ ဤသို့ ပြုစုပျိုးထောင် လေ့ကျင့်ပေးထားသော ကျောင်းသားလူ ငယ်များသည် အခြားသော တန်ဖိုးမရှိသော ရုပ် ပိုင်းဆိုင်ရာ လှပသာယာမှုကို မခင်တွယ်တော့ပါ။ လောကနှင့် သဘာဝကို တန်ဖိုးထား၍ မိမိကိုယ် မိမိ ''တန်ဖိုးရှိ လူသား၊ အများကောင်းကျိုးပြု လူ သား ဖြစ်ချင်စိတ်''ရှိလာမည်မှာ မြေကြီးလက်ခတ် မလွဲတော့ပါကြောင်း။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats