ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီး ဦးစိုးညွန့်လွင်က
တောင်ကြီးမြို့၊ Royal Taunggyi ဟိုတယ်တွင်
ပြုလုပ်သည့် မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံပွဲတွင် မီဒီယာများ၏ အရေးးပါမှု အခန်းကဏ္ဍကို မိမိတို့
အစိုးရ အုပ်ချုပ်ရေးအဖွဲ့အစည်းအနေဖြင့် နားလည်လက်ခံထားသည်ဟု ပြောကြားခဲ့သည်။
.
.
ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က
"ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ကိုယ်စား ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့
ပြောရေးဆိုခွ့င်ရှိသူအနေနဲ့ ဒီတွေ့ဆုံပွဲ ကနေ သတင်းမီဒီယာသမားတွေကို ပြောချင်တာက အခုဆွေးနွေးပွဲကို
တက်ရောက်လာကြတဲ့ ဆွေးနွေးဘက် မဏ္ဍိုင်သုံးရပ် အပါအ၀င် သတင်းမီဒီယာမဏ္ဍိုင်ကလည်း တိုင်းပြည်
အကျိုးစီးပွား၊ ပြည်သူအကျိုးစီးပွားအတွက် ရည်ရွယ်ချက်တူ လုပ်ဆောင်နေတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။
အမုန်းစိတ်တွေကို အခြေမခံဘဲ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို မဏ္ဍိုင်လေးရပ်အကြားမှာ တည်ဆောက်နိုင်ဖို့
လိုအပ်မှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
ယင်းသို့ ပြောဆိုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်
ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်က "ကျွန်တော့်အသက်အရွယ်၊ သတင်းစာဆရာလုပ်ငန်း
အတွေ့အကြုံအရ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့စဉ်က ပင်လုံမှာ ဗိုလ်ချုပ်အောင်ဆန်းတို့
အဖွဲ့နဲ့အတူ ကျွန်တော် ပါဝင်သတင်းယူ ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ သူကဖြူရင်
ကိုယ်ကမည်း ဆိုတဲ့ အယူအဆတွေ အမြစ်စွဲနေသူတွေ ကြောင့် အခုချိန်အထိ ငြိမ်းချမ်းရေးကို
စောင့်မျှော်နေရတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ မီဒီယာသမားဆိုတာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
ကိုယ့်ကလောင်ကို အင်အားတစ်ခုအဖြစ် အကျိုးပြုနိုင်အောင် ရေးသားပေးကြပါ။ လက်ရှိ တိုင်းပြည်ရဲ့
အခြေအနေကို သေချာနားလည်အောင် လုပ်ကြပါ။ ကိုယ့်ကလောင်နဲ့ တိုင်းပြည်ကို ချောက်ထဲတွန်းချ
ပေးသလို မဖြစ်ရအောင် အထူးဂရုပြုကြဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။
.
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်မှ
တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အတွင်းမှ သတင်းမီယာသမားများ တက်ရောက်ခဲ့ကြသည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်၊
တောင်ကြီးမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်က တောင်ကြီးမြို့ရှိ Royal
Taunggy Hotel တွင် ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
.
.
Kanbawza Tai News