ကမျဉ်းနီမှ ပေးသည့်ရောဂါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, December 1, 2017

ကမျဉ်းနီမှ ပေးသည့်ရောဂါ



မင်းဇော်မင်း
.
အဦးဆုံးဝန်ခံလိုသည်မှာ မိမိသည်သတင်းသမားတစ်ဦးသာဖြစ်ပြီးဆေးပညာနှင့်ပတ်သက်သူတစ်ဦးမဟုတ်ကြောင်း၊ ဆရာဝန်တစ်ဦးမဟုတ်ကြောင်း၊ အကယ်၍အမှားပါသွားပါက မိမိ၏တာဝန်သာဖြစ်ပါကြောင်း ပြောကြားလိုခြင်း ဖြစ်သည်။ မိမိနေထိုင်ရာမြို့တွင် သွေးလွန်တုတ်ကွေးဖြစ်ပွားမှုလူနာများကိုစစ်ဆေးရာမှ သွေးလွန်တုတ်ကွေးနှင့် လက္ခဏာအနည်းငယ် ဆင်တူသည့်ရောဂါဖြစ်ပွားသူများရှိလာနေပြီး ၄င်းတို့မှာ ရောဂါမသိပါက အသက်အန္တရာယ် နီးစပ်သည့်အခြေအနေဖြစ်ပွား လာမှုကို လူထုသို့အသိပညာပေးလိုသည့်အနေဖြင့် မြို့နယ်ဆရာဝန်မှ ဆောင်းပါးရေးသားစေလိုကြောင်းမှာကြားချက်အရ လေ့လာမိသမျှရေးသားရခြင်းဖြစ်ပါသည်။
.
.
ကမျဉ်းနီကောင်ဆိုသည်ကို အတော်များများကြားသိကြမည်ထင်ပါသည်။ အချို့ဆိုအကိုက်ခံရဘူးပေမည်၊ အကိုက်ခံရသော်လည်း မနာသဖြင့်သိချင်မှသိပေမည်၊ အလေးထားစရာဟုယူဆကြမည်မဟုတ်ပေ၊ ယခုတွင်မူ  ပိုးကောင်သေးသေးလေးကိုက်ရာမှ ဖြစ်ရသည့် အနာသေးသေးလေးမှအသက်သေဆုံးသည်အထိ ဖြစ်နိုင်သည့် ရောဂါတစ်ဖြစ်လာကြောင်း လူထု ကျယ်ကျယ်ပြန့်ပြန့်သိလာစေဖို့လိုအပ်လာနေပြီဖြစ်ကြောင်း ယင်းရောဂါနှင့် ပတ်သက်၍ ဒေါက်တာဝင်းဝင်းမေက အွန်လိုင်းတွင်၎င်းရေးသားသည့်ဆောင်းပါးတွင်အစချီထားသည်။ လက်ရှိအဖြစ်များနေသည့်ရောဂါဖြစ်သည့် Scrub typhus အကြောင်း ဖြစ်သည်။
.
အဆိုပါ Scrub typhus ရောဂါကို ရုရှနိုင်ငံ Primorski Krai တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ၊  အိန္ဒိယ စသည့် နိုင်ငံများသို့ ကူးစက်ပျံ့နှံသွားခြင်းဖြစ်ကြောင်း၊ လူအများကိုကူးစက်မှုအနေဖြင့် ဒုတိယကမ္ဘာစစ်ကာလ၀န်း ကျင်ခန့်တွင် အကြီးအကျယ်ကူးစက်ခံရခဲ့ရရာ လူသေနှုန်း ၆%မှ၃၅% ကျော်ထိရှိခဲ့ကြောင်း၊ လူလူချင်းတိုက်ရိုက်ကူးစက်လေ့မရှိသော်လည်း ပိုးမွှားများမှ တဆင့်ကူးစက်တတ်ကြောင်း၊ ဘက်တီးရီးယား ရှိနေတဲ့ပိုးမွှားတွေမှ ကြွက်၊ အခြားအင်းဆက်စား သတ္တ၀ါများသို့ ကူးစက်ရင်းမှတဆင့် လူသို့ကူးစက်ပျံ့နှံ့ခြင်းဖြစ်ကြောင်း ကမျဉ်းနီ လယ်ကွင်းထဲမှပိုးမွှား သန်းနှင့်လှေးစသည့် အကောင်းများကိုက်ခြင်းမှ ကူးစက်နိုင်ကြောင်း ဒေါက်တာဝင်းဝင်းမေ၏ဆောင်းပါးတွင် ပါရှိသည်။
.
“အဖျားကြီးနေတဲ့သူတွေ ၊ ခရီးထွက်ပြီးမှနေမကောင်းဖြစ်နေသူတွေ မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်ဟု ၄င်းက ဆိုသည်။ ရောဂါ၏လက္ခဏာများမှာ ချမ်းတုန်ပြီးဖျားခြင်း(များသောအားဖြင့်အဖျားကြီးပြီး ၁၀၂ ဒီဂရီနှင့်အထက် ဖြစ်တတ်ကာ အဖျားကြီးတတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အကျိတ်များကြီးနေခြင်း၊ အနီစက်များထွက်တတ်ခြင်း (ပန်းရောင်ရှိသည့်အနီစက်များ ရင်ဘတ်မှစထွက်တတ်ပြီး လက်၊ ခြေများသို့ ပျံ့သွားတတ်ခြင်း၊ သို့သော် မျက်နှာနှင့်ခြေ၊လက်ဖ၀ါးများတွင် မထွက်တတ်ခြင်း၊ အကိုက်ခံရသည့် နေရာတွင် အနားသားများမဲနေသည့် အနာဖေးပုံစံမျိုး အနာတစ်ခုရှိခြင်း(လိင်အင်္ဂါများတွင်မူ အနာဖေးမရှိတတ်ချေ)၊ ပျို့အန်တတ်ခြင်း၊ ဗိုက်အောင့်၊ ၀မ်းသာတာမျိုးဖြစ်တတ်ခြင်း၊ ခါနာ၊ ချောင်းဆိုးခြင်းများ၊ မျက်စိနာ(မျက်စိရဲခြင်း)၊ စိတ်အာရုံထွေပြားသည်မှ သတိလစ်တာ၊ coma ၀င်သည်အထိဖြတ်တတ်ကြောင်း၊ ရောဂါပိုးကူးစက်ခံရပြီး  ၁၀ ရက်မှ ၁၄ ရက်အတွင်းတွင် ရောဂါလက္ခဏာခံစားရကာ ဆိုးဝါးပြင်းထန်လျှင် အသက်ဆုံးရှုံးသည့်အထိဖြစ်တတ်သည်ဟု ဒေါက်တာ ၀င်းဝင်းမေက ဆိုသည်။
.
မကုသဘဲထားရှိပါက အကြားအာရုံဆုံးရှုံးခြင်း၊ ကိုယ်တွင်းအာရုံများထိခိုက်ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းများအပြင် အသားပုတ်နာများပါဖြစ်နိုင်ချေရှိကြောင်း သို့အတွက် ကာကွယ်ဆေးမရှိသေးသော်လည်း  ချုံနွယ်ပိတ်ပေါင်းများအရမ်းများသည့်နေရာများရှောင်ကျဉ်သင့်သော်လည်း မဖြစ်မနေသွားရပါက အသားနှင့်အ၀တ်အစားများပေါ်တွင် အင်းဆက်သတ်ဆေးများလိမ်းကျံသွားသင့်ကြောင်း၊ လယ်ကွင်းများ၊ ကျေးလက်များ၊ ရောဂါအဖြစ်များသည့်နေရာများသို့ခရီးသွားထားသည့်သူများ အပြင်းဖျားပြီး အဖျားရက်ရှည်နေပါက မပေါ့သင့်ကြောင်း အသက်အန္တရာယ်ရှိနိုင်တဲ့အထိ ပြင်းထန်ဆိုးဝါးသည့်သည့်အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းများတွင် သွားရောက်ပြသပြီး ကုသမှုခံယူသင့်ကြော်ငး၊ အဆိုပါရောဂါဟုတ်မဟုတ် သွေးစစ်ခြင်းများ၊ အသားစစစဆေးမှုများ ပြုလုပ်သင့်သည်ဟုအကြံပြုထားပြီး အဆိုပါရောဂါအား ပျောက်ကင်းသက်သာအောင်ကုသပေး၍ရကြောင်း ၄င်း၏ဆောင်းပါးအဆုံးသတ်မှာဆိုထားပါသည်။
.
အဆိုပါရောဂါသည် Orientia Tsutsugamushi ဟုခေါ်သည့် ဘက်တီးရီးယားပိုးကူးစက်ခံထားရသည့် ပိုးမွှား ကောင်လေးများ ကိုက်ခံရပါက ဖြစ်တတ်ပေသည်။ အရှေ့တောင်အာရှ၏ ကျေးလက်ဒေသများ၊ ခြုံထူသည့် နေရာများတွင်အဖြစ်များသည်။ မြန်မာနိုင်ငံကဲ့သို့ ပိုးမွှားများသည့်နေရာများတွင် တွေ့ရှိရသည်။ မန္တလေးမှ ပရော်ဖက်ဆာဒေါက်တာမောင်မောင်ဦး၏ လူမှုကွန်ရက် တွင်ဖော်ပြထားချက်အရ တောင်သာ၊ မြင်းခြံ၊ မန္တလေး၊ မိတ္ထိလာ၊ မုံရွာ၊ မတ္တရာ၊ ပုပ္ပါး၊ ပခုက္ကူ၊ မြိုင်၊ မြင်းမူ၊ မင်း ဂံ၊ ဆိပ်ခွံ၊ မြင်ကွန်း၊ ပွင့်ဖြူ၊ ၀က်လက်၊ ကျွဲဒက်၊ နေပြည်တော်၊ ရှိန်းမကား၊ ရေဦးလိုနေရာများနှင့်မိုးကုတ်၊ နောင်ချို၊သီပေါနှင့် လှိုင်သာယာ၊မိုင်းတုံမြို့များတွင် ဖြစ်ပွားမှုများတွေ့ရှိလာခဲ့သလို သေဆုံးမှုများလည်းရှိခဲ့ကြောင်း သိရှိရသည်။ ဒေါက်တာ မောင်မောင်ဦး၏ ဖော်ပြချက်အရ ယခုအထိ၎င်းကုသခဲ့ရသည့်လူနာများအနက် H1N1 ရောဂါဖြင့် သေဆုံးသူမရှိခဲ့သော် လည်း Scrub typhus ဖြင့် သေဆုံးရသူ(၂)ဦးရှိခဲ့ကြောင်းဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် ၄င်းအနေဖြင့် သတိပြုလာမိသည်မှာလွန်ခဲ့သည့် (၆)နှစ်ခန့်ကဖြစ်ခဲ့ပြီး သတိထားမိလာသည်နှင့် အမျှ လက်တွေ့ကုသပျောက်ကင်းမှုများနှင့်ဆေးကုထုံးကိုပါ ဆရာဝန်၊ ဆေးရုံ၊ ဆေးပေးခန်းများသို့မျှဝေပေး လျှက်ရှိ ကြောင်း တွေ့ရှိရသည်။
.
ကမျဉ်းနီကိုက်တိုင်း ရောဂါမဖြစ်ဟု ဆိုနိုင်သော်လည်း ကမျဉ်းနီတွင် rickettsia ပိုးတစ်မျိုးပါလာပါက သေတဲ့အထိ ဖြစ်နိုင်ကြောင်း၊ ခြင်တွင် ငှက်ဖျားပိုး၊ သွေးလွန်တုတ်ကွေး ပါလာပြီး အကိုက်ခံရသကဲ့သို့ ရောဂါဖြစ်ရခြင်းဟု ဒေါက်တာမောင်မောင်ဦးက ဆိုသည်။ မိတ္ထီလာတွင် ယင်းအကောင်ကိုက်သည့်ရောဂါကြောင့်သေဆုံးရသူရှိခဲ့ပြီး ရွှေလှံညောင်အိုင်နားမှ ဘုန်းကြီးတစ်ပါးလည်း အဆိုပါရောဂါဖြင့် ပျံလွန်တော်မူခဲ့ရသည်ဟု ၄င်း၏နိုဝင်ဘာ၈ ရက် ဖော်ပြမှုဖြင့် သိရှိရသည်။
.
အဆိုပါရောဂါပြ ကမ္ဘာ့မြေပုံတွင် မြန်မာနိုင်ငံမှာ အလယ်တွင်တည်ရှိနေသဖြင့် ရောဂါအဖြစ်နိုင်ဆုံးနိုင်ငံဖြစ်နေသည် ကိုလေ့လာ တွေ့ရှိရသည့်အပြင် လူထုအကြား ရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့်မသိသဖြင့် အလေးမထား ခဲ့ခြင်းကြောင့် မည်မျှအသက်များကြွေပြုန်းခဲ့ရသည် မသိပေ၊ အချို့ကဆိုသည်၊ အကိုက်ခံရဘူးသည်၊ မြက်ပင်နှင့်ခြစ်ချလျှင်ပင်ရသည်၊ ဘာမှမဖြစ်ပါ၊ စိုးရိမ်စရာမရှိဟုဆိုလျှင်  ဒေါက်တာမောင်မောင်ဦးပြောသကဲ့သို့ ရောဂါပိုးမပါသည့်အကောင်ကိုက်ခံရသဖြင့်သာ သင်ကံကောင်းနေခြင်းဖြစ်သည်ဟု ပြောရမည်ဖြစ်ပေသည်။
.
ဒေါက်တာမောင်မောင်ဦး၏ဖော်ပြချက်အရ ယင်းရောဂါဖြစ်ပွားမှုမှာ အထူးသဖြင့် အောက်တိုဘာမှ ဖေဖော်ဝါရီလ အတွင်း ဖြစ်သည်ကိုအတွေ့များကြောင်း ခြုံပုတ်မဟုတ်သော်လည်း ဂေါက်ကွင်းလိုနေရာများတွင်ပင် အကိုက်ခံရသည့် လူနာတွေ့မြင်ရပြီး အသက် ၁နှစ်ခန့်ကလေးများမှအစ အသက် ၆၀ ကျော်အထိ ဖြစ်တတ်ကာ အဖျားရက်(၈)လခန့်အထိလူနာရှိကြောင်း Scrub မှာ ခြုံဖုတ်၊ Typhus မှာ အင်္ဂလိပ်လို  Smoke ဖြစ်ပြီး စိတ်များ မီးခိုးလိုလွင့်ကာ ကယောင်ကတမ်းဖြစ်တတ်သဖြင့် Typhus ခေါ်ကြောင်း၊ အကောင်ကိုက်ရာအနာကို Eschar ဟု ခေါ်ပြီး ကမျဉ်းနီကို Chigger/Mite ဟု  သုံးနှုန်း သည်ဟု ဆိုသည်။ တစ်ခါတရံ အနာမတွေ့ရကြောင်း ၊ နို့သီးခေါင်း၊ မျက်လုံး၊ ချိုင်း၊ ပေါင်ခြံ၊ ဒူးခေါက်ခွက်များတွင်အများ အားဖြင့် ကိုက်ခံ တတ် ရပြီး ဆံပင်ကြားတွင်ရှာတွေ့ရန်ခက်ခဲကြောင်း၊ ခုရာသီတွင် ပထမစဖျားသည့်နေ့တွင် အဖျား၁၀၂ အထက် ဆို ပါကVirus(may be DHF)(သို့) Typhus ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ဆရာ၊ ဆရာမများမျက်စိမှောက်သည်လည်း ဖြစ်တတ်သဖြင့် ဆရာဝန်တစ်ဦးထဲမှ တစ်လအတွင်း လူနာ၂၀ထက်မနည်း တွေ့ရသည့်ဒေသများရှိနေသဖြင့် အကြီးအကျယ် ဖြစ်နေသည့်ရောဂါကိုအထူးဂရုစိုက်နိုင်ပါရန် အကြံပြုထားသည်။
.
"ဆရာရဲ့fbနဲ့Myanmar tropical Medicine မှာဖော်ပြထားတွေလေ့လာသိရပြီးနောက် ဆေးရုံလာပြတဲ့လူနာတွေကို အနာရှိမရှိ၊ ပိုးကောင်းအကိုက်ခံရမှုရှိမရှိစစ်ဆေးခဲ့တာ လူနာ(၃)ယောက်တွေ့ပါတယ်၊ အဖျားကြီးပြီး အဖုတွေ ထွက်နေပေမဲ့ အဖျားရက်ရှည်တာကို သံသယဖြစ်လို့စစ်ဆေးခဲ့တာမှာ Scrub typhus ဖြစ်တာတွေ့ရလို့ ကုသပျောက်ကင်းကြပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ဆေးရုံကပဲ သူနာပြုဆရာမတစ်ဦးရဲ့ အမျိုးသား အရင်ကဖြစ်ဘူးတာ ထိုင်းမှာသွားကုရတာ ဘတ် သုံးသောင်းလောက်ကုန်ပြီးScrub typhus ရောဂါလို့ထိုင်းဆေးရုံကဖော်ပြလာကြောင်း ရောဂါရာဇ၀င်ကို လေ့လာသိမိတယ်။
.
ဒါနဲ့လူထုအကြားတတ်နိုင်သမျှကျယ်ကျယ်ပြန့်ပြန့်သိစေဖို့ တိုက်တွန်းရတာဖြစ်ပါတယ်" ဟု မိုင်းတုံမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ပြောသည်။ တွေ့ရှိရသည့်လူနာများမှာ အသက် ၃၀ ကျော်လူနာ(၁)ဦးနှင့်ကလေးငယ်(၂)ဦးတို့ဖြစ်ကြောင်း၊ ပြီးခဲ့သည့်အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာ လဆန်းပိုင်းတွင် တွေ့ရှိရခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။
.
မသင်္ကာသည့်လူနာအား အကောင်ကိုက်ခံဘူးခြင်းရှိမရှိ မေးမြန်းရသလို၊ တစ်ကိုယ်လုံးသို့ရှာဖွေရန်လိုအပ်ကြောင်း၊ အချို့မှာ အရှာဖွေမခံကြသဖြင့် လူနာများကိုယ်တိုင်က ကျန်းမာရေးအသိရှိရန် ယင်းရောဂါအကြောင်း သိရှိထားရန်လိုအပ်ကြောင်း၊ ကိုယ်ခန္ဒာတွင် ပြည်မတည်သည့် အနာဖေးရှိသည့် အနာတွေ့ပါက Scrub typhus သေချာကြောင်း၊ အနာသိပါက ဆေးဘိုးမှာ တစ်ကတ်လျှင် ကျပ် ၁၀၀၀ အောက်သာရှိသည့် ဆေးဖြင့်ကုသလျှင် အမြန်ဆုံးပျောက်ကင်းကြောင်း၊ အဖျားရက် ရှည်ပြီးထိခိုက်သည့်အခြေအနေများနှင့် အခြားဝင်ရောက်လာသည့်ရောဂါများကိုသာ ဆက်လက် ကုသပေးရန်လိုအပ် ကြောင်း၊ အနာအမြန်သိပြီးကုသနိုင်လျှင် အသက်အန္တရယ်၊ အချိန်၊ ငွေများ များစွာသက်သာမည်ဖြစ်သည်ဟု ဒေါက်တာ သက်ခိုင်မင်းက ဆိုသည်။
.
သို့ဖြစ်ပါ၍ စာရှုသူများအနေဖြင့် ကျန်းမာရေးအသိပညာရစေကြောင်း၊ အနာအသေးလေးမှသေစေသည့်ရောဂါ အကြောင်းအား ဆရာဝန်ကြီးများ၏တွေ့ရှိချက်များအပေါ် ဖော်ပြလိုက်ပါသည်။
.
.
.
Kanbawza Tai News

Journal Download

Photo of three cats