ကုမ္ပဏီများ၏ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် တာဝန်ခံမှု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 30, 2017

ကုမ္ပဏီများ၏ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် တာဝန်ခံမှု



ထမံသီ
.
အကျိုးအမြတ်တွေရရှိဖို့ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေက မြန်မာ့လူ့အဖွဲ့အစည်းအပေါ်မှာ ဘာတွေကို တာဝန်ခံပြီး/ ဘာတွေကို တာဝန်ယူပေးနေပါတယ် (What is Corporate Social Responibility - CSR) ဆိုတဲ့မေးခွန်းဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ မရေရာ မသေချာတဲ့ အခြေအနေတစ်ရပ်အပြင် ဒီကနေ့အထိ ၀ိဝါဒတွေများစွာ ရှိနေတုန်းပါပဲ။
.
.
လက်ရှိအချိန်တိုင်အောင်လည်း CSR နဲ့ ပတ်သက်ပြီး အားလုံးလက်ခံတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဝေါဟာရသဘောတရားအရ CSR နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ လူ့အဖွဲ့အစည်းကို အလေးထားပြီး အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုကို ဆောင်ရွက်ပေးဖို့ ကုမ္ပဏီများ မှာသာ တာဝန်အပြည့်ရှိတယ်လို့ ဆိုလိုထားပါတယ်။
.
အနီးစပ်ဆုံးယူရမည်ဆိုရင် CSR ဆိုတာ မိမိကုမ္ပဏီတွေရဲ့ ကိုယ်ကျင့်သိက္ခာတရားအရ အစဉ် အမြဲပြုမှုဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီပေးတဲ့တစ်ချိန်တည်း မှာဘဲ ဒေသတွင်းက အလုပ်သမားထု၊ ၄င်းတို့ရဲ့ မိသားစုလူနေမှုဘ၀တွေ မြင့်မားတိုးတက်အောင် ဆောင် ရွက်ပေးခြင်းနဲ့အတူ  ဒေသတွင်းကလူ့အသိုင်းအ၀ိုင်းနဲ့ လူ့အဖွဲ့အစည်းကြီးအတွက်ပါ ဖွံ့ဖြိုးတိုးတက်လာ အောင် ဆောင်ရွက်ပေးရမယ်ဆိုတာပါပဲ။
.
တနည်းအားဖြင့် လူ့အဖွဲ့အစည်းအပေါ် ကုမ္ပဏီကတာဝန်ခံခြင်းဆိုတာမှာ ၄င်းတို့အကျိုးအမြတ် အတွက် စီးပွားဥစွာရှာဖွေရာမှ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ရလေအောင် ဂရုပြု ဆောင်ရွက်ပေးခြင်းပါ။ CSR ရဲ့ ပင်ကိုယ်သဘာဝ ကြန်အင်လက္ခဏာကတော့ လူ့အဖွဲ့အစည်းအပေါ် စေတနာအလျောက်သာ ဆောင်ရွက်ရတဲ့ သဘာဝဖြစ်တယ်။ ဒါကိုဒီကနေ့ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီး မြုပ်နှံနေကြတဲ့ ကုမ္ပဏီအများစုက ၄င်းတို့ရဲ့အကျိုးအမြတ်အတွက် မဟာဗျူဟာတစ်အခုအဖြစ် အသုံးပြု နေပြီး စေတနာ၊ ဆန္ဒ အရသာဆောင်ရွက်ရတဲ့ သဘောသဘာဝတစ်ခုကို ကိုယ်ပိုင်စည်းမျဉ်းတွေ၊ ပါးလျာ တဲ့ ကတိက၀တ်တွေနဲ့သာ အပေါ်ယံသဘော လုပ်ဆောင်နေကြတာပါ။
.
ကျွန်တော်တို့မြန်မာနိုင်ငံဟာဆိုရင် သဘာဝအရင်းအမြစ်ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့ ရင်း နှီးမြုပ်နှံရန် အာရှရဲ့နောက်ဆုံးနယ်စပ် သို့မဟုတ် အာရှရဲ့နောက်ထပ်စီးပွားရေးဆိုင်ရာ ကျားကြီးတစ် ကောင်အဆင့် ရောက်နိုင်တယ်လို့ဆိုသော်ငြား၊ ဆယ်စုနှစ်များစွာ အာဏာရှင်တွေလက်အောက် ကျ ရောက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးနဲ့ အဖွဲ့အစည်းပိုင်းတွေမှာ အားနည်းခဲ့ပါတယ်။ နိုင်ငံခြားနဲ့ ပြည်တွင်းရင်း နှီးမြုပ်နှံမှုနဲ့ ပတ်သက်တဲ့အကျိုးဆက်တွေကို ထိရောက်အောင် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေ၊ စည်းမျဉ်းတွေကို ပြုပြင်မွမ်းမံခဲ့တယ်ဆိုပေမဲ့ နိုင်ငံခြားရင်းနှီးမြုပ် နှံမှုနဲ့ ကုမ္ပဏီများနဲ့ပတ်သက်လို့ မှန်ကန်စွာထိန်းချုပ်နိုင်အောင် သေချာစွမ်းဆောင်နိုင်ခြင်း မရှိခဲ့သလို နိုင်ငံ ရေးအရ ဆန္ဒမရှိလို့လည်း ဖြစ်နိုင်တယ်လို့ အကဲဖြတ်သူတစ်ချို့က သုံးသပ်ပြောဆိုပါတယ်။
.
လူ့အဖွဲ့အစည်းအပေါ် ကုမ္ပဏီရဲ့ တာဝန်ယူမှု CSR ပတ်သက်ပြီး ဖေါ်ပြရာမှာ လူ (People)၊ ကမ္ဘာမြေ (Planet) နဲ့ အကျိုးအမြတ် (Profit) တို့ရဲ့ ချိန်ခွင်လျှာညီမျှမှုတို့ကို မကြာခဏ ဖေါ်ပြလေ့ ရှိကြတယ်။ ကုမ္ပဏီအများစုဟာ အများအားဖြင့် လူ့အဖွဲ့အစည်းအတွင်းမှာသာ ရင်းနှီးမြုပ်နှံ (Community investment) ကြတာဖြစ်လို့ လူ့အခွင့်အရေးအပါအ၀င် အလုပ်သမားထုအခွင့်အရေး၊ ကျန်းမာရေးအစီ အစဉ်တွေ၊ စာသင်ကျောင်း ဆောက်လုပ်ပေးတာတွေ၊ အားကစားကွင်းနဲ့ အများနဲ့ဆိုင်တဲ့ ခန်းမတွေ အစရှိသဖြင့် CSR တွေကို ဆောင်ရွက်ပေးကြရပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်နေတာက သူ့အကျိုးအမြတ် (Profit) အတွက် ကုမ္ပဏီတစ်ခုက သတ္တူတူးဖေါ်တဲ့ လုပ်ငန်းကို လုပ်ကိုင်ပြီဆိုပါစို့။ ဒေသခံတွေကျန်းမာ ရေးအတွက် ဆေးပေးခန်းဆောက်၊ ကျန်းမာရေးဝန်ထမ်းငှားပြီး CSR လုပ်ပြတယ်။ ဒါပေမဲ့ သတ္တူစက်ရုံက ထွက်တဲ့ စွန့်ပစ်ညစ်ညမ်းရေနဲ့၊ ကာဘွန်ဓာတ်ငွေ့တွေကြောင့် ရေသယံဇာတအပါအ၀င် သဘာဝပတ် ၀န်းကျင်တွေပျက်စီးပြီး ဒေသခံလူထုတွေရဲ့ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာတွေမှာ များစွာထိခိုက်နစ်နာ နေတယ်ဆိုရင် အထက်မှာဆိုခဲ့သလို ချိန်ခွင်ညှာညီမျှချေမှာ တရားမျှတမှုရှိပါမလားဆိုတာ ထည့်သွင်းစဉ်း စားရမည့် အချက်တစ်ချက်ပါ။
.
ဥပမာ ကမ္ဘာကျော်ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Shell ကို နိုင်ဂျီးရီးယားနိုင်ငံ လယ်သမားတွေက ဘာ ပြောသလဲဆိုတော့ တစ်ဖက်မှာဆေးရုံဆောက် CSR လုပ်ပြပြီး တစ်ဖက်မှာတော့ သဘာဝပတ်ဝန်းကျင် တွေကို အကြီးအကျယ်ထိခိုက်ပျက်စီးအောင် လုပ်နေတယ်တဲ့။ ဒါဟာဘာနဲ့ အလားသဏ္ဍန်တူလဲဆိုတော့ ပဋိဇီဝဆေးကို အဆိပ်ဖြေဆေးအဖြစ် မကြာခဏသောက်သုံးကြရချိန်မှာ အဆိပ်အတောက်ကို သွေးပြန် ကြောထဲ စုပ်သွင်းတဲ့ ဖြစ်ရပ်မျိုးပါလို့ Equal Times ဆောင်းပါးရှင် Nnimmo Bassey ကထောက်ပြပြော ဆိုခဲ့ဖူးတယ်။
.
မြန်မာနိုင်ငံအတွင်းက သစ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ CSR ဆောင်ရွက်ပေးမှုတွေကို ကြည့်မယ် ဆိုရင်လည်း အထက်ပါအဖြစ်မျိုးလိုပါဘဲ။ ဒေသခံလူထုရဲ့ ကုန်ထုတ်လုပ်ငန်းအတွက် လမ်းတံတားတွေ ကောင်းအောင် ပြုပြင်ဖာထေးတည်ဆောက်ပေးမယ်(အဓိက ၄င်းတို့၏ သစ်လုပ်ငန်းအတွက်သာ) ဆိုပြီး ရင်းနှီးမြုပ်နှံမှုတွေလုပ်၊ အကျိုးအမြတ်တွေသာ ရယူသွားတယ်။ ဒေသမှာကျန်ခဲ့တာက တောပြုန်းပြီး သ ဘာဝရေထွက်စိမ့်စမ်းတွေ၊ ဇီဝမျိုးကွဲတွေရဲ့ ဂေဟစနစ်တွေ ပျက်စီးဆုံးရှုံးပြီး၊ ရာသီဥတုတွေဖေါက်ပြန် တာဘဲ အဖတ်တင်တယ်။ ရွာလမ်းတွေ၊ ကုန်ထုတ်လမ်းအတွက် ခဲတစ်လုံး၊ ကျောက်တစ်လုံး ချမသွားခဲ့ကြ ဘူး။ ဒါကို ကြည့်ခြင်းဖြင့် ချိန်ခွင်လျှာညီမျှချေမှာ တရားမျှတမှုလုံးဝမရှိတာကို မြင်သိနိုင်တယ်။
.
တစ်လောက မြန်မာနိုင်ငံမှာ ထင်ရှားခဲ့တဲ့ မုံရွာကြေးနီ သတ္တူတူးဖော်ရေးလုပ်ငန်းမှာ မြန်မာဝမ် ပေါင်ကြေးနီမိုင်းကုမ္ပဏီက လူ့အဖွဲ့အစည်းနဲ့ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် နဲ့ CSR ဆောင်ရွက် တယ်ဆိုပြီး လူ၊ ကမ္ဘာနဲ့ အကျိုးအမြတ် ချိန်ခွင်လျှာတွေကိုညှိဖို့ ကြိုးစားကြတယ်။
.
စစ်ကိုင်းတိုင်းအတွင်းက မုံရွာကြေးနီသတ္တူတူးဖေါ်ရေးလုပ်ငန်းကို လက်ပံတောင်းမိုင်း၊ စပယ် တောင်မိုင်း၊ စပယ်တောင်(တောင်)မိုင်းနဲ့ ကြေးစင်တောင်မိုင်းတို့နဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လက်ပံတောင်းမိုင်းက အသစ်ဖြစ်ပြီး ၂၀၁၂ မှာမှ စတင်ခဲ့တာပါ။ ဒါပေမဲ့ ကန့်ကွက်မှုအချို့ကြောင့် ဆိုင်းငံ့ ထားတယ်။ မိုင်းအနီးအနားက ရွာသားတွေရဲ့ပြောပြချက်အရ အဆိုပါသတ္တူတူးဖေါ်ရေးလုပ်ငန်းကြောင့် ယာမြေဧက ထောင်ပေါင်းများစွာ သိမ်းဆည်းခံရတယ်။ သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက် ပျက်စီးတယ်။ လယ်ယာမြေများနဲ့ သောက်သုံးရေ ညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြဿနာများစွာနဲ့ ရင်ဆိုင်ကြရတယ်။ ဘာသာရေးနဲ့ပတ်သက်ရင် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဘုရားစေတီနဲ့ ဘုရားသိမ်တော်တွေကအစ ပျက်စီးခဲ့တယ်။ ဒါကြောင့် အဆိုပါလုပ်ငန်းကို ဒေသခံရွာသားများနဲ့ သံဃာ တော်များက လပေါင်းများစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလထဲမှာ သံဃာအပါ အ၀င်လူ ၁၀၀ ထက်မနည်း ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကြောင့် ဒဏ်ရာတွေရခဲ့တယ်။  ၂၀၁၃ မှာတော့ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးတယ်။ စည်းကမ်း စည်း မျဉ်းအသစ်တွေနဲ့ စာချုပ်အသစ်ထပ်မံချုပ်ဆို လက်မှတ်ရေးထိုးတယ်။ အဲဒီမှာ ၀မ်ပေါင်ကုမ္ပဏီက အမေရိ ကန်ဒေါ်လာ ၁ သန်းကို လုပ်ငန်းမစတင်မီ CSR အတွက် အသုံးပြုရမယ်။ နှစ်စဉ်အမြတ်ငွေထဲက ၂ ရာခိုင် နှုန်းကို CSR အတွက် အသုံးပြုရမယ်လို့ consult-myanmar.com 14.2.2014 china-wanbao-building ၀က်ဘ်ဆိုက်မှာ ဖေါ်ပြထားတယ်။
.
ယခင်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်မှာ အစိုးရနဲ့ China Power Investment ကုမ္ပဏီနဲ့ ရေအား လျှပ်စစ်ထုတ်လုပ်ဖို့ ရေလှောင်တမံ (၇) ခုတည်ဆောက်မယ့် မြစ်ဆုံစီမံကိန်းမှာလည်း ကုမ္ပဏီက CSR ဆောင်ရွက်ပေးနိုင်မယ့် ပမာဏထက် ဒေသခံနဲ့ နိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ ထိလွယ်ရှလွယ်နေ ရာဖြစ်ခြင်း၊ အကျင့်ပျက်ခြစားလာဘ်စားခြင်း၊ ညှိနှိုင်းစေ့စပ်ကြရာမှာ ပွင့်လင်းမြင်သာမှုများမရှိခြင်း။ လူ့ အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်တွေအပေါ် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများ ရှိခြင်း၊ စိုက်ပျိုးမြေများဆုံးရှုံးပျက်စီးခြင်း၊ တံငါသည်များ အသက်မွေးဝမ်းကြောင်းပြုမှုဆုံးရှုံးခြင်း၊ ရေကြီး ရေလျှံမှုကို ဒေသခံများစိုးရိမ်ကြခြင်း၊ မြေနုလွင်ပြင်မှ စားကုန်ထုတ်လုပ်နိုင်မှုကို ထိခိုက်ခြင်းနဲ့ အဲဒီနေရာ များရှိ ကြီးမားတဲ့သက်ရှိနဲ့ အပင်များရဲ့ သဟဇာတဖြစ်မှုတွေလည်း စိုးရိမ်ရခြင်း စတဲ့အချက်တွေ ကဏ္ဍစုံ ကနေ ကျယ်ပြန့်စွာပါဝင်နေတာ သွားတွေ့ရတယ်။
.
ရေလှောင်တမံများဆောက်ဖို့ ထောင်ချီတဲ့ရွာသားများ ပြောင်းရွှေ့နေရာဖယ်ပေးကြရသလို၊ စီမံ ကိန်းစတင်ခဲ့မယ်ဆိုပါက နောက်ထပ်ထောင်သောင်းသော ရွာသားများကိုလည်း အတင်းအဓမ္မဖယ်ရှား ပြောင်းရွှေ့ခံကြရဖို့ရှိတယ်။ အဲဒီစီမံကိန်းနဲ့ပတ်သက်လို့ ပြည်သူလူထုရဲ့ သဘောထား၊ အကြံဥာဏ်နဲ့ ထင် မြင်ချက်ကို ဘာတစ်ခုမှရယူခဲ့ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံအနှံကန့် ကွက်ပွဲတွေကို လူအများအပြားထောက်ခံခဲ့မှုကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဦးသိန်းစိန်ကရပ်နား ခဲ့တယ်။ (ဖျက်သိမ်းတာမဟုတ်ပါဘူး) China Power Investment  Corporation ရဲ့ ရှယ်ယာအများဆုံးနဲ့ လည်ပတ်နေတဲ့ (ACHC) ကုမ္ပဏီက သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ  အချက် အလက်ကောက်ယူသုံးသပ်ခြင်းဖြစ်တဲ့ (EIA) မှာ အလေးအနက်ထားရမယ့် အချက်တွေကို ချန်လှပ်ထားတဲ့ ကောက်နုတ်ချက်များ ပါဝင်တာကိုမျက်ကွယ်ပြုပြီး CSR အတွက် လူထုဆက်ဆံရေးလှုံ ဆော်စည်းရုံးမှု အသစ်တွေကို လှုပ်ရှားဆောင်ရွက်ခဲ့ကြသေးတယ်။
.
CSR ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Rules and regulations on CSR) ကို ၁၉၇၀ ခုနှစ် နောက်ပိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OECD နဲ့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းဦးစီးအဖွဲ့ UNCT တို့ပူးပေါင်းပြီး ကမ္ဘာနဲ့အ၀န်းရှိ ကုမ္ပဏီများရဲ့ ပြုမှုဆောင်ရွက်ပုံများကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် စည်းနှောင်မှုရှိတဲ့ အပြုအမှုပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲခဲ့ကြ တာပါ။ ဒါပေမဲ့ ၁၉၉၀ ခုနှစ်များအတွင်း အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းရုံးလှုံဆော်မှုမှာ ကုမ္ပဏီများက မိမိတို့ကိုယ်ကို မိမိတို့ထိန်းချုပ်နိုင်ပြီး ကိုယ်ပိုင်အပြုအမှုပိုင်ဆိုင်ရာ စည်းမျဉ်းများကိုရေးဆွဲ နိုင်တယ်လို့ စည်းရုံးပြောဆိုခဲ့ကြလို့ ကမ္ဘာ့ကုလသမဂ္ဂက စည်းနှောင်မှုရှိတဲ့ စည်းမျဉ်းများရေးဆွဲရာက စည်းနှောင်မှုမရှိတဲ့ စည်းမျဉ်းများနဲ့ မိတ်ဆက်ခဲ့ပါတယ်။ ဆိုလိုရင်းကတော့ ကိုယ့်တာဝန်ကိုယ်ယူ ဆိုတဲ့ သဘောပါ။ အဲဒီမှာ ပိုမိုဆိုးဝါးတဲ့အခြေအနေတွေကို ကမ္ဘာနဲ့အနှံ့မြင်တွေ့ကြရတော့တာပါဘဲ။ ခုတ်ရာ တစ်ခြား၊ ရှရာတစ်လွဲနဲ့ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်တွေ ဖြစ်ကုန်ပါတယ်။ CSR နဲ့ ကုမ္ပဏီတို့ရဲ့ Profit ချိန်ခွင်လျှာဟာ ချိန်ညှိလို့မရလောက်အောင်ကို တရားမျှတမှုမရှိတာတွေကိုဘဲ ဒေသခံလူထုအဖို့ နဖူးတွေ့ဒူးတွေ့ကြုံကြရပါတော့တယ်။
.
အဲဒီစည်းနှောင်မှုမရှိတဲ့ စည်းမျဉ်းများနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်း သဘောတူညီမှုအဖွဲ့ ၀င် Global Compact ကို လူ့အခွင့်အရေးခေါင်းစဉ်နဲ့ စည်းမျဉ်း (၆) ခု၊ သဘာဝပတ်ဝန်းကျင်နဲ့ စည်းမျဉ်း (၃) ခု၊ အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးအတွက် စည်းမျဉ်း (၁) ခုနဲ့ စုစုပေါင်းစည်းမျဉ်း (၁၀) ခုတို့နဲ့ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်း သဘောတူညီမှုအဖွဲ့ဟာ အကြီးဆုံး စည်းနှောင်မှုမရှိတဲ့ ကုမ္ပဏီများရဲ့ တာဝန်ခံမှုဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၄၅ နိုင်ငံက ကုမ္ပဏီပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတာပါ။ အနောက်နိုင်ငံမဟုတ်တဲ့ နိုင်ငံများစွာပါဝင်ပြီး မြန်မာ နိုင်ငံက မြန်မာ့ကုန်သည်ကြီးများအသင်းနဲ့ ကုမ္ပဏီ (၁၄) ခု တို့ပါဝင်တယ်လို့ UN Global Compact Website မှာ ဖေါ်ပြထားတာကို တွေ့ရတယ်။
.
ကျွန်တော်တို့ ရှမ်းပြည်နယ်အတွင်းမှာလည်း မိမိတို့ကိုယ်တိုင် စည်းနှောင်မှုမရှိတဲ့ စည်းမျဉ်းတွေနဲ့ သက်ဆိုင်ရာလုပ်ပိုင်ခွင့်ရ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး CSR ကို မျက်ကွယ်ပြုကာ ဒေသတွင်း က လူ့အဖွဲ့အစည်းအတွက် မည်သို့မှ တာဝန်ခံမှု/ တာဝန်ခံမှုမရှိပါဘဲ ၄င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ၀ိသမလောဘတွေနဲ့ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီအချို့ကြောင့် ကျယ်ပြန့်တဲ့ ထိခိုက်မှုများစွာနဲ့ ဒေသခံလူ့ အဖွဲ့အစည်းတွေမှာ များစွာပျက်စီးဆုံးရှုံးမှုတွေရှိနေတာကို သာဓကတွေနဲ့ မြင်တွေ့နေရတယ်။
.
သာဓကတစ်ခုအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်လေးကန်ကြီးရဲ့ အရှေ့ ဖက်ကမ်းမှာရှိတဲ့ တောင်ခြေဟိုတယ်ဇုန်နဲ့ ကန်ကြီးအတွင်းက အသီးသီးသောကုမ္ပဏီများ ပိုင်ဆိုင်တဲ့ဟို တယ်တွေက ဒေသတွင်းလူမှုအဖွဲ့အစည်းအတွက် မည်သို့သော CSR တွေကိုလုပ်ကိုင်ဆောင်ရွက်ပေးပြီး ပါပြီလည်း။  တစ်နိုင်ငံလုံးအနှံ့အသုံးပြုနေတဲ့ လောပိတရေအားလျှပ်စစ်ရဲ့ ရင်းမြစ်ဖြစ်တဲ့ အင်းလေးကန် ကြီး ရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့ အင်းလေးကန်ကြီး အဖျားအနာကင်းကင်းနဲ့ ကျန်းမာအသက်ရှည်ဖို့  ဘယ်လိုတာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာ အဖြေထုတ်စရာ မေးခွန်းတစ်ခုပါ။
.
ဒေသတွင်းလူ့အဖွဲ့အစည်းအတွက် အလုပ်အကိုင်နဲ့ အခွင့်အလမ်း၊ ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရုံလောက်နဲ့ လောက်လုံတယ်မထင်စေလိုပါ။ သေချာစဉ်းစားကြည့်ရင် ကုမ္ပဏီတွေ အကျိုးအမြတ်ရှိသွားဖို့အတွက် အင်းလေးကန်ကြီးက ပေးဆပ်လိုက်ရတာနဲ့စာရင် လုံးဝမတန်ပါ။ ဆပ်ပြာ ကောင်း၍ ခေါင်းပေါင်းဖြူသွားခြင်းသာဖြစ်ပါတယ်။ အကျယ်မပြောလိုပါ။ ဒီကနေ့ အင်းလေးကန်ကြီး ဘာ ဖြစ်နေပြီဆိုတာ လူတိုင်းသိပါတယ်။
.
နောက်သာဓကတွေအနေနဲ့ တောင်ကြီးမြို့ အရှေ့ဘက် ၆ မိုင်အနီးက ပင်းပက်သံမဏိစက်ရုံ၊ ပင် လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲအတွင်း တီကျစ်စံပြကျေးရွာက အေဒင်ကုမ္ပဏီရဲ့ ကျောက်မီးသွေး စက်ရုံစီမံကိန်း၊ ဟိုပုံးမြို့အရှေ့တောင်ဖက် (၇) မိုင်အကွာ ဗန်းဗေင်ရွာနဲ့ ခြင်းကုန်းရွာတွေရဲ့ တောင်ဘက် ခနောက်စိမ်းတူးဖေါ်ရေးစီမံကိန်းစက်ရုံတွေမှာ ကုမ္ပဏီတွေက အကျိုးအမြတ်တွေသာ ထုတ်ယူကြတယ်။ ဒေသခံလူ့အဖွဲ့အစည်းအတွက် မည်သည့် တာဝန်ခံမှု၊ တာဝန်ယူမှုကိုမှ ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။
.
 တိုင်းရင်းသားလူမျိုးစုများစွာရဲ့ သံလွင်မြစ်ကြီးမှာ တည်ဆောက်နေတဲ့ ကွန်းလုံ၊ တာဆန်း၊ ဒက် ၀န်း၊ ၀ဲကြီး၊ ဟတ်ကြီး၊ နောင်ဖါ မန်တောင်နှင့် ရွာသစ်ရေ ကာတာ (၇) ခုတို့ရဲ့ ရေကာတာစီမံကိန်း စတာ တွေကို လေ့လာကြည့်ကြမယ်ဆိုရင် သဘာဝပတ် ၀န်းကျင်အပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ  အချက် အလက်ကောက်ယူသုံးသပ်ခြင်းဖြစ်တဲ့ (EIA) အချက် အလက်တွေကိုတောင် ဒေသခံလူ့အဖွဲ့အစည်းတွေ အပေါ် ပွင့်လင်းမြင်သာဖြစ်အောင် ချမပြခဲ့ပါဘူး။ (EIA) မဆိုထားဘိ ဒေသခံလူထုနဲ့ ပူးပေါင်းဆောင် ရွက်တာတောင်မရှိဘူးလို့ သိရပါတယ်။ CSR မပြောနဲ့ အချို့ရေကာတာစီမံကိန်းတွေမှာ စီမံကိန်းတောင် မစရသေးဘူး။ ရွာလုံးကျွတ် မောင်းထုတ်ခံခဲ့ရတာပါ။ ကိုယ်လုပ်မယ့်အကျိုးစီးပွားအတွက် အမြတ် Profit ကိုသာကြည့်ပြီး ဒေသတွင်းကလူ့အဖွဲ့အစည်းကို တစ်ချက်ကလေးမှ ငှဲ့မကြည့်ခဲ့ဘူးဆိုရင် ဒေသခံလူ့ အဖွဲ့အစည်းထုရဲ့ ပို့သတဲ့မေတ္တာကို ခံယူကြရပါလိမ့်မယ်။ မေတ္တာဆိုတာ စူးရောက်ပါတယ်။ အဲဒီကမှ တဆင့် ကျိန်စာဆိုရင်တော့ ပိုဆိုးတာပေါ့။
.
ဒေသတွင်းလူ့အဖွဲ့အစည်းနဲ့ လုပ်ငန်းများ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် မယ်ဆိုရင် ကုမ္ပဏီရဲ့ ဆန္ဒအလျောက်သာ ပြုလုပ်ကြရမည်လို့ CSR ကတိက၀တ်တွေ ထုတ်ပြန်ပြီးနောက် ကျွန်တော်တို့မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ အာမခံပေးရန် မလုံ လောက်ဘူးဆိုတာကို အထက်ပါလုပ်ရပ်များက သက်သေပြဆိုပြီးဖြစ်ပါတယ်။ ဒီအတိုင်းသာသွားမယ်ဆို ရင်ဖြင့် မြေယာသိမ်းဆည်းခံမှုများအပါအ၀င် အသက်မွေးဝမ်ကြောင်းပြုမှုများကို ဆုံးရှုံးရခြင်းတို့ဟာ နေရာ အနှံအပြားမှာဖြစ်ပေါ်နေတဲ့အပြင် ဆက်လက်ဖြစ်ပေါ်ရန်လည်း ရှိနေပါတယ်။ ဒါ့အတွက် ထိခိုက်နစ်နာရ မယ့် ပြည်သူများအတွက် ပြန်လည်ကုစားခွင့် သို့မဟုတ် လျော်ကြေးတွေအတွက် မျော်လင့်ချက်အနည်း ငယ်သာရှိတယ်လို့ ဆိုနိုင်တယ်။
.
အဲဒီအမြတ်တစ်ခုတည်းကိုသာမကြည့်ဘဲ အခြားသောအကြောင်းအရာများကို ထည့်သွင်းစဉ်းစား ပြီး လုပ်ငန်းဆောင်ရွက်ရာမှာ ထိခိုက်နစ်နာသူများအတွက် စေတနာဆန္ဒအလျောက်သာ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်ဆိုတာ မှားယွင်းကြောင်းသက်သေများလည်း ပြခဲ့ပြီးဖြစ်တယ်။
.
မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့စီးပွားရေးဆိုင်ရာ အလေ့အထများကိုကျင့်သုံးဖို့နဲ့ နိုင်ငံတကာရင်း နှီးမြုပ်နှံမှုများကို စီမံခန့်ခွဲနိုင်ရန်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူထုကိုကာကွယ်ရန်အတွက်က စေတနာအ လျောက်ဆောင်ရွက်ကြရမယ်ဆိုတဲ့ CSR နဲ့ အာမခံပေးဖို့ မလုံလောက်တော့ပါ။ ကုမ္ပဏီရဲ့ ဆန္ဒအလျောက် သာဆောင်ရွက်ကြခြင်းကို ကျော်လွှားဖို့ဥပဒေအရ ခိုင်မာတဲ့စည်းနှောင်မှုရှိတဲ့ စံချိန်စံနှုန်းများရှိရန်လိုအပ် နေပါပြီ။ နိုင်ငံတကာကုမ္ပဏီများကိုလည်း နိုင်ငံတကာကသတ်မှတ်ထားတဲ့ စည်းနှောင်မှုရှိတဲ့ နိုင်ငံတ ကာစည်းမျဉ်းတွေနဲ့ တိတိကျကျကိုင်တွယ်ဖို့ လိုအပ်နေပါပြီ။ 
.
ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီများကို လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန် ခံပြီး ပြုမှုရန် စည်းနှောင်မှုရှိတဲ့ စည်းမျဥ်းဥပဒေတွေနဲ့ ထိန်းချုပ်ဆောင်ရွက်သွားမည်ဆိုရင်ဖြင့် လူ့အခွင့် အရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ကာကွယ်မှုတွေကို ပေးနိုင်မှာပါ။
.
လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ ကောင်းဂုဏ်သ တင်းဆိုတာ ကိုယ်ကိုတိုင်လုပ်မှ ကြိုးစားယူမှ ရတဲ့ဂုဏ်ပါ။ ဗုဒ္ဓဘုရားရှင်တော်က ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာကို ဟောကြားခဲ့ပါတယ်။
.
ကောင်းတာလုပ်တဲ့သူဟာ လူ့အဖွဲ့အစည်းအတွင်းမှာ လိပ်ပြာသန့်သန့်နဲ့ ဂုဏ်သတင်းကျော် စောစွာ လှလှပပနေထိုင်သွားရမှာဖြစ်သလို မကောင်းတာလုပ်တဲ့သူဟာလည်း သူ့စရိတ်နဲ့သူ့လမ်းသွား ကြရပါတယ်။ မိမိအပါအ၀င် မိမိရဲ့ကုမ္ပဏီ၊ မိမိရဲ့မိသားစုတွေရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး စီးပွားရေး တစ်ခုကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ကိုယ်ကျိုးတစ်ခုတည်းကိုသာမကြည့်ဘဲ ဒေသတွင်းကလူ့ အဖွဲ့အစည်းတွေအပေါ် အပြန်အလှန်အကျိုးပြုရင်း လျှောက်လှမ်းကြမယ်ဆိုရင်ဖြင့်  ပိုမိုသာယာကောင်း မွန်တဲ့လူ့ဘောင်ကို တည်ဆောက်တာနဲ့ အတူတူဘဲဆိုတာ ရေသားတင်ပြလိုက်ပါတယ်။
.
.
.
Kanbawza Tai News

Journal Download

Photo of three cats