လားရှိုးမြို့နယ်အတွင်း ရွှေခိုးတူးနေသည့် ကုမ္ပဏီအား အမြန်ဆုံးစိစစ် အရေးယူသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, August 5, 2017

လားရှိုးမြို့နယ်အတွင်း ရွှေခိုးတူးနေသည့် ကုမ္ပဏီအား အမြန်ဆုံးစိစစ် အရေးယူသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ မိုင်းပိုင်ကျေးရွာအုပ်စု၊ ဟိုပိုင်ကျေးရွာအတွင်း ရွှေသတ္တုတူး ဖော်ခွင့်ကို မည်သည့်အစိုးရဌာနကမှ ခွင့်ပြုထားခြင်းမရှိသည့်အပေါ် တရားမဝင် တူးဖော်နေသည့် ကုမ္ပဏီအား အမြန်ဆုံးကွင်းဆင်းစိစစ်ဆောင်ရွက် အရေးယူသင့်ကြောင်း ဇူလိုင်လ ၂၉ ရက်က ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
''မနေ့က ဝန်ကြီးအမျိုးသားလွှတ် တော်မှာ လာဖြေပါတယ်။ အစိုးရက ခွင့်ပြုထားခြင်းမရှိဘူး။ သက်ဆိုင်ရာထွေအုပ်နဲ့ မန်ပန်ပြည်သူ့စစ်ကလဲ ရွှေတူးဖော်နေတာ မရှိဘူးလို့ ထောက်ခံ ထားတယ်လို့ဆိုတယ်။ လက်တွေ့ကွင်းဆင်းစစ်ဖို့ကတော့ မိုးရာသီဖြစ်နေတာရယ်၊ လုံခြုံရေးအခြေအနေအရ သွား လာမှုခက်ခဲနေတာဖြစ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ ဆက်သွယ်ပြီး လုံခြုံရေးအရလည်း ကောင်းမွန်တယ်ဆိုရင် တပ်မတော်အပါအဝင် အဖွဲ့ဖွဲ့ပြီး ဆောင်းရာသီ၊ နွေရာသီလောက်မှာ သွားစစ်မယ်လို့ ဖြေတာဟာ ဒေသခံလူထုအတွက်တော့ မလုံလောက်ပါဘူး။ မန်ပန်ပြည်သူ့စစ်နယ်မြေထဲမှာ ဖြစ်လို့ လုံခြုံရေးလိုအပ်တယ်ဆိုတဲ့ အဖြေက နားမလည်နိုင်ပါဘူး။ မိုးတွင်းဖြစ်လို့ မသွားနိုင်ဘူးဆိုတာလဲ မလုံ လောက်ပါဘူး။ ကျွန်တော်နဲ့ ရွာသူရွာသားတွေကိုယ်တိုင် ကွင်းဆင်းရောက်ရှိစစ်ဆေးလို့ သက်သေခံပုံတွေပါ တင် ပြထားတာက လွန်ခဲ့တဲ့တစ်လအထိ အခြေအနေပါ။ တိုင်းပြည်ရဲ့ သယံဇာတတွေ နစ်နာစေတဲ့အပြင် တရားဥပဒေစိုးမိုးမှု တာဝန်ယူမှု၊ တာဝန်ခံမှုတွေကိုပါ မေးခွန်းထုတ်ရတဲ့ အခြေအနေဖြစ်နေပါတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းပိုင်ကျေးရွာအုပ်စု၊ ဟိုပိုင်ကျေးရွာအရှေ့ဘက်ပိုင်းရှိ နမ့်ကုန်းချောင်း၊ နမ့်ဟင်းချောင်းနှင့် ရွာသားများလုပ်ကိုင်လျက်ရှိသည့် လယ်ယာမြေ များအတွင်း ကျောက်စိမ်းအားမာန် ကုမ္ပဏီမှ ရွှေသတ္တုတူးဖော်ခြင်း လုပ် ငန်းများကို ၂ဝ၁၁ ခုနှစ်ကတည်းက လုပ်ကိုင်ဆောင်ရွက်နေခြင်း တွင် တောင်သူ ၃၅ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၁ဝဝ ကျော် အမှီပြုနေသည့် ရေထွက်ဒေသ၊ လယ်ရေပေးမြောင်းများနှင့် လက်လုပ်ဆည်များ ထိခိုက်ပျက်စီးခြင်း၊ သဲနုန်းမြေများ ဝင်ရောက်သဖြင့် လယ်မြေပျက်စီးခြင်း၊ ယာမြေများအတွင်းဝင်ရောက် ရွှေတူးဖော်ခြင်း စတင်လုပ် ဆောင်သည်မှ ၂ဝ၁၆ ခုနှစ်အထိလက်နက်ကိုင်စောင့်ကြပ်မှုများထားရှိပြီး ရွာသားများအား စစ်ဆေးခြင်း၊ တားမြစ် ခြိမ်းခြောက်ခြင်း၊ ရွာသားများပိုင်လယ်ယာမြေများအား ရွှေသတ္တုလုပ်ကွက်တွင်ပါဝင်နေသည်ဟု အကြောင်းပြကာ အတင်းအဓမ္မရောင်းချစေခြင်း၊ ဈေးနှိမ်၍ ဝယ်ယူခြင်းစသည့် ပြဿနာများ ကြုံတွေ့နေရသည်ကို ဒေသခံများက လွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြတိုင်ကြားလာသဖြင့် ယခုလိုလွှတ်တော်တွင် မေးမြန်းရခြင်း ဖြစ်သော်လည်း တရားမဝင်ရွှေတူးဖော်နေမှုကို အမြန်ဆုံး ရပ်တန့်စေမည့် လုံလောက်သည့် အဖြေမရရှိခဲ့ကြောင်း စိုင်းဝမ်းလှိုင်းခမ်းက ဆိုသည်။
.
တရားဝင် ခွင့်ပြုထားခြင်းမရှိကြောင်း၊ ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်သည့် ပြည် ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးသဘောတူဆုံးဖြတ်ချက်အရ ဓာတ်သတ္တုသယံဇာတများကို ရေရှည်အ ကျိုးမျှော်ကိုးပြီး နိုင်ငံသားအားလုံးသား စဉ်မြေးဆက်ခံစားခွင့်ရရှိရေးအတွက် အကန့်အသတ်နဲ့ လုပ်ငန်းဆောင်ရွက် ခွင့်ပြုသွားမည့် စီမံချက်အရ ၂ဝ၁၆ ခု နှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ ယာ ယီရပ်ဆိုင်းထားခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်း၊ တရားဝင်ရွှေလုပ်ကွက်များအား ဒေသတွင်းမှထွက်ခွာပေးရန် ပြည်သူများမှ တိုင်ကြားလာပါက ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအ ဖွဲ့များ၏ သဘောထားမှတ်ချက်များ ရယူခြင်းများ ဆောင်ရွက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိခိုက်နစ်နာမှုများအတွက် တရားစွဲဆိုအရေးယူ ဆောင်ရွက်ခြင်းများအပြင် ကုစားပေးခြင်း၊ နစ်နာမှုအတွက် လျော်ကြေးငွေပေးအပ်ခြင်းတို့ကို ဆောင်ရွက်သွားစေမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် အမြန်ဆုံးဆက်သွယ်၍ လုံခြုံရေးအခြေအနေအရ ကွင်းဆင်းအဖွဲ့တွင် တပ်မတော်သားများ အပါအဝင် အဖွဲ့ဖွဲ့ကာ အမြန်ဆုံးဆောင်းရာသီ၊ နွေရာသီလောက်တွင် ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ဇူလိုင်လ ၂၈ ရက် (သောကြာနေ့) ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပဉ္စမပုံမှန် အ စည်းအဝေး ၃၄ ရက်မြောက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်သို့ ဖြေကြားထားသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats