ရှမ်းပြည်နယ်နှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ တည်နေရာအကျယ်အဝန်းနှင့် ဒေသသမိုင်းများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 13, 2017

ရှမ်းပြည်နယ်နှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ တည်နေရာအကျယ်အဝန်းနှင့် ဒေသသမိုင်းများ

ကမ္ဘောဇတိုင်း




ရှမ်းပြည်နယ်
.
          ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင် တည်ရှိပါသည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၈ မိနစ် မှ ၂၄ ဒီဂရီ ၉ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၅ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၃ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၆ဝ၁၅၅ ဒသမ ၂၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။
          ရှမ်းပြည်နယ်အတွင်း ပါဝင်သော မြို့များသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၉ဝဝ ကျော်မှ ပေ ၅ဝဝဝ ကျော် အမြင့်များတွင် တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးမှာ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်ပြီး၊ အနိမ့်ဆုံးမှာ လင်းခေးခရိုင် အတွင်းရှိ မြို့နယ်များ ဖြစ်ပါသည်။
          ရှေးခေတ် ရှမ်းလူမျိုးများသည် နယ်မြေအားဖြင့် ကျယ်ဝန်းစွာ ပြန့်ကျဲနေထိုင်ခဲ့ကြသည်။ အနောက်ဘက်တွင် အာသံ၊ မဏိပူရ၊ အိန္ဒိယနယ်များ၊ မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် လာအို (လော)နိုင်ငံနှင့် အရှေ့တောင်ဘက်နှင့် တောင်ဘက်စူးစူးတွင် ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံ အထိ အနှံ့အပြား ရောက်ရှိနေထိုင်ခဲ့ကြသည်။
          မြန်မာဘုရင်များ လက်ထက်တွင် ရှမ်းပြည်နယ်ကို စည်းရုံးအုပ်ချုပ်နိုင်ခဲ့ပြီး၊ မိုးနဲမြို့တွင် ဗိုလ်မှူးအဆင့်ရှိ မင်းသားကြီး တစ်ဦး ထားရှိကာ စော်ဘွားများ၊ စစ်ကဲများမှ တစ်ဆင့် အုပ်ချုပ်ခဲ့သည်။ သံလွင်နယ်၊ ကျိုင်းတုံတိုင်အောင် အရှေ့ဘက် ကျိုင်း ခမ်းနှင့် မိုင်းလန်း၊ မြောက်ပိုင်းတွင် မိုင်းမခနှင့် သိန္နီ၊ တောင်ပိုင်းဒေသများတွင် မိုင်းပန်နှင့် မောက်မယ် အပါအဝင် ကယား ပြည်နယ်စပ်အထိ စိုးမိုးခဲ့ကြသည်။
          နယ်ချဲ့အင်္ဂလိပ်လက်ထက်တွင် ရှမ်းပြည်နယ် အက်ဥပဒေ ထုတ်ပြန်ပြီး တရားရေး၊ ရာဇဝတ်မှုနှင့် အခွန်အုပ်ချုပ်မှု အခွင့်အာဏာများကို စော်ဘွားများအား စည်းကမ်းနှင့် သတ်မှတ်အပ်နှင်းခဲ့သည်။ ရှမ်းပြည်နယ် နယ်ခြားသတ်မှတ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်အစိုးရနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံ သဘောတူစာချုပ်အရ နမ့်ဝမ်နှင့် ရွှေလီပူးပေါင်းသည့်ဒေသ (သိန္နီမြောက် ဘက်)မှ သံလွင်မြစ်အထိ သံလွင်မြစ်အတိုင်း ကွမ်းလုံနယ်မှ မဲခေါင်မြစ်အရောက် ရှမ်းပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။
          ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရမီကာလအထိ ရှမ်းပြည်နယ်တွင် ရှမ်းပြည်နယ်စော်ဘွားများ ပါဝင်သော ပဒေသရာဇ် ကောင်စီ ရှိသော်လည်း အုပ်ချုပ်မှုအာဏာမရှိဘဲ အကြံဥာဏ်သာ ပေးနိုင်သည်။ အုပ်ချုပ်မှုအာဏာကို နယ်ချဲ့အင်္ဂလိပ်များက ချုပ်ကိုင်ထားပါသည်။ ယင်းကောင်စီကို စော်ဘွားနှင့် ပြည်သူလူထုတို့မှ လိုလားခြင်းမရှိသဖြင့် ပင်လုံမြို့၌ ကျင်းပခဲ့သည့် ၁၉၄၇ ခုနှစ် ပထမအကြိမ် ရှမ်းစော်ဘွားများ ပဏာမ တွေ့ဆုံဆွေးနွေးပွဲတွင် စော်ဘွားများ ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်း၍ လူထုကိုယ်စားလှယ် ထက်ဝက်ပါဝင်သော ကောင်စီဖွဲ့၍ အုပ်ချုပ်ရန် တောင်းဆိုခဲ့သည်။
          ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ပြီး စော်ဘွား ၃၃ ဦး၊ လူထုကိုယ်စား လှယ် ၃၃ ဦးပါဝင်သော ရှမ်းပြည်နယ်ကောင်စီ (သို့) ရှမ်းပြည်နယ်လွှတ်တော်ကို ရွေးချယ်ဖွဲ့စည်းခဲ့ကြသည်။
          ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်ဖွဲ့စည်းပုံတွင် ပဒေသရာဇ် ရှမ်းပြည်နယ်ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများနှင့် 'ဝ'နယ်မြေများကို ရှမ်းပြည်နယ်ဟု ခေါ်တွင်စေခဲ့သည်။
          ၁၉၅၈ ခုနှစ်တွင် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ခမ်းနားကြီးကျယ်လှသော ရှမ်းပြည်နယ်အမတ်များ၏ ညီလာခံ ခန်းမကြီး(ယခုရှမ်းပြည်နယ်လွှတ်တော်)ကို ဆောက်လုပ်ခဲ့ပြီး ပဉ္စမအကြိမ်မြောက် ရှမ်းပြည်နယ်ကောင်စီညီလာခံကို ကျင်းပခဲ့ပါသည်။ ရှမ်း ပြည်နယ်ကိုလည်း ခရိုင် ၆ ခု၊ မြို့နယ် ၃၃ ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။
          ၁၉၅၉ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် စော်ဘွားများက မိမိတို့နယ်အတွင်း အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအာဏာများကို ရှမ်းပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၄ ဦး ပါဝင်သည့် ရှမ်းပြည်နယ်ဦးစီးအဖွဲ့မှ အုပ်ချုပ်ခဲ့ပါသည်။
          ၁၉၆၂ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ယင်းအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး အဆင့်ဆင့်သော လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများ ဖွဲ့စည်း အုပ်ချုပ်ကာ ၁၉၇၂ ခုနှစ် စနစ်သစ်အရ ခရိုင်အဆင့်၊ ခရိုင်ခွဲအဆင့်များကို ဖျက်သိမ်းခဲ့ပါသည်။ ယင်းအချိန်တွင် ရှမ်းပြည်နယ်အတွင်း၌ ရှမ်း ပြည်နယ်တောင်ပိုင်း ၂၁ မြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၁၆ မြို့နယ်၊ စုစုပေါင်း ၄၆ မြို့နယ်ဖြင့် ပါဝင် ဖွဲ့စည်းထားခဲ့သည်။
          ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းခဲ့ပြီးနောက် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက် ပွဲများကို ၄ နှစ်တစ်ကြိမ် ပြုလုပ်ကာ အုပ်ချုပ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် အရေးအခင်း(အရေးတော်ပုံ)ပြီး၍ တပ်မတော် အစိုးရလက်ထက်တွင် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ၁၅-၁၁-၁၉၉၇ ရက်နေ့မှ စ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
          ၂ဝဝ၈ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂ဝ၁ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ ကျင်းပအပြီးတွင် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ/တိုင်းများကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည် -


          (က)    တောင်ကြီးခရိုင် ။
                   (၁၇-၁ဝ-၁၉၈၉ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (ခ)     လွိုင်လင်ခရိုင် ။
                    (၁၇-၁ဝ-၁၉၈၉ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (ဂ)     လင်းခေးခရိုင် ။
                   (၂-၈-၂ဝဝ၄ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (ဃ)    လားရှိုးခရိုင် ။
                   (၁၈-၁ဝ-၁၉၈၉ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (င)     မူဆယ်ခရိုင် ။
                   (၁-၉-၁၉၉၄ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (စ)     ကျောက်မဲခရိုင် ။
                   (၁-၉-၁၉၉၄ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (ဆ)    မိုးမိတ်ခရိုင် ။
                   (၁-၁-၂ဝ၁၃ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (ဇ)     ကျိုင်းတုံခရိုင် ။
                   (၁၈-၁ဝ-၁၉၈၉ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (ဈ)     မိုင်းဆတ်ခရိုင် ။
                   (၆-၁ဝ-၁၉၉၂ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (ည)    တာချီလိတ်ခရိုင် ။
                   (၁၉-၉-၁၉၉၅ ရက်နေ့တွင် ဖွဲ့စည်းသည်။)
          (ဋ)     'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ။
                   (၂ဝဝ၈ အခြေခံဥပဒေအရ ဖွဲ့စည်းသည်။)
          (ဌ)     ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ။
                   (၂ဝဝ၈ အခြေခံဥပဒေအရ ဖွဲ့စည်းသည်။)
          (ဍ)     ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ။
                   (၂ဝဝ၈ အခြေခံဥပဒေအရ ဖွဲ့စည်းသည်။)
          (ဎ)     ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ။
                   (၂ဝဝ၈ အခြေခံဥပဒေအရ ဖွဲ့စည်းသည်။)
          (ဏ)    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ။
                    (၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းသည်။)



တောင်ကြီးမြို့
(တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်)
.
တောင်ကြီးမြို့နယ်သည် ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်ပြီး မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီနှင့် ၅၆ မိနစ်၊ ၅၅ စက္ကန့်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ဝ၂ မိနစ်နှင့် ၂၁ စက္ကန့်အကြားတွင် တည်ရှိပါသည်။ တောင်ကြီး မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၇၄၇ ဒသမ ၈၃ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၄၇၁၂ ပေတွင် တည်ရှိပြီး အရှေ့ဘက်တွင် မြင့်မားသော တောင်တန်း၊ တောင်ထွဋ်များ ရှိကာ အမြင့်ဆုံးတောင်မှာ တောင်ကြီးမြို့ အရှေ့ဘက်ရှိ တောင်ချွန်းတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၅၇၅၅ ပေရှိပြီး မြို့နယ်၏ အနိမ့်ဆုံးအရပ်မှာ ရွှေညောင်မြို့ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၇၅ ပေ ရှိပါသည်။
          တောင်ကြီးမြို့နယ်သည် သက္ကရာဇ် ၁၂ဝဝ ခန့် ကတည်းက တည်ခဲ့သော ပအိုဝ်းရွာကလေးတစ်ရွာ ရှိခဲ့ပြီး  'ဒုံတောင်ကီ' ဟု ခေါ်ဆိုပါသည်။ ရှမ်းအသံဖြင့် 'တွမ်တီး' ဟု ခေါ်ပြီး 'ထောင်ကျည်း' 'တွမ်တီး' မြန်မာ အသံဖြင့် တောင်ကြီးဟူသည်မှာ တည်ပင်နှင့်တူသော အပင်တစ်မျိုး ပေါက်ရောက်သောရွာဟု ဆိုလိုပါသည်။ ၄င်းရွာအနီးတဝိုက်တွင် ပင်လုံရွာ၊ ရှမ်းရွာ၊ မွန်ခြယ်ရွာနှင့် ဝါးပြားရွာများသာ ရှိပါသည်။ မြို့ စတည်စဉ်က မြို့ အနီးရှိ ကျေးရွာများမှာ မွန်ချယ်ရွာ၊ ဟမ်ဗွာရွာ၊ ခိုချယ်ရွာ၊ တွံတီရွာ (ခေါ်) ဒုံ တောင်ကီရွာတို့ ဖြစ်ကြပြီး ၄င်းရွာ ကို အစွဲပြု၍ တောင်ကြီး ဟု ခေါ်တွင်ခဲ့ပါသည်။
          အေးသာယာမြို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၂- ၁၂-၁၉၉၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၁၂ ရပ်ကွက်ဖြင့် လည်းကောင်း၊ ရွှေညောင်မြို့အား ၁၃-၃-၂ဝဝ၇ ရက်စွဲပါ ကြော်ငြာစာဖြင့် ရပ်ကွက် ၁၁ ရပ်ကွက်ဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် ကျောက်တလုံးကြီးမြို့အား ၂ဝ-၂-၂ဝဝ၃ ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပြီး မြို့၏ အရှေ့တောင်ဘက်ရှိ လုံးဝန်းသော ကျောက်တုံးကြီးအား အစွဲပြု၍ ကျောက်တလုံးကြီးဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
.
ကလောမြို့
(တောင်ကြီးခရိုင်၊ ကလောမြို့နယ်)
.
ကလောမြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ၊  ၂ဝ မိနစ် ၊  ၄၂ စက္ကန့်မှ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ၊  ၂၆ မိနစ်၊ ၂၃ စက္ကန့်အတွင်း တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်းမှာ ၅၈၂ ဒသမ ၁၃ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ ၄၃၁၅ ပေ ဖြစ်ပါသည်။
          ကလောမြို့ကို ပလောင်လူမျိုးများ စတင်တည်ထောင် ခဲ့ပြီး ကလောမြို့မှာ ကလောက်ဟူသည့် ပလောင်စကားမှ ဆင်းသက်လာသည့်အမည် ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီ စော်ဘွားများ အုပ်ချုပ် ခဲ့ပြီးနောက် နယ်ပိုင်ဝန်ထောက်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့ပြီး အောင်ပန်းမြို့တွင် မြို့ပိုင်ရုံး စိုက်ခဲ့ပါသည်။ ၂၇-၄-၁၉၅၉ ရက်နေ့တွင် စော်ဘွားများ အာဏာစွန့်လွှတ်ပြီးနောက် ၁ဝ-၆-၁၉၆၆ ရက်နေ့တွင် ကလောမြို့၌ မြို့ပိုင်ရုံး စတင် ဖွင့်လှစ်ကာ မြို့နယ်ခွဲများ ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ကလောမြို့နယ်၏ မြို့နယ်ခွဲများအဖြစ် အောင်ပန်း၊ ဟဲဟိုးတို့ ဖြစ်ခဲ့ပါသည်။ ကလော မြို့နယ်သည် ပဒေသရာဇ်ခေတ်၊ ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီ ဗြိတိသျှ အစိုးရခေတ်၊ လွတ်လပ်ရေးရပြီး ၂၇-၄-၁၉၅၉ ရက်နေ့မတိုင်မီ စော်ဘွားခေတ် ဒုတိယကမ္ဘာစစ် မဖြစ် ပွားမီ ကာလအတွင်း မြန်မာပြည်အား ဗြိတိသျှအစိုးရ အုပ်ချုပ်ခဲ့စဉ်က ရှမ်းပြည်နယ်အား ဗြိတိသျှ လက်အောက်ခံ ရှမ်းစော်ဘွားများက အုပ်ချုပ်ခဲ့ပါသည်။ ကလောမြို့သည် တောင်ကြီးခရိုင်ဝန်၏ နယ်ခြား ခရိုင်လက်အောက်တွင် ပါဝင်ပြီး နယ်ခြားဝန်ထောက်ရုံးစိုက်ရာမြို့ ဖြစ်ခဲ့ပါသည်။
          ရှေးယခင် ကလောမြို့သည် အောင်ပန်းမြို့နယ်၏ လက်အောက်တွင် ရှိခဲ့ပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ် ဦးစီးအဖွဲ့က အောင်ပန်းမြို့နယ်အစား ကလောမြို့နယ်အဖြစ် ပြန်လည်ဖွဲ့စည်းရန်နှင့် စော်ဘွားများ အုပ်ချုပ်ခဲ့သည့် ၈ နယ်တွင် ပါဝင်သော ကျေးရွာအုပ်စုများနှင့် ကျေး ရွာများ၊ မြို့နယ်အ နေအထားနှင့် ကိုက်ညီအောင် ဖွဲ့စည်း ရန် ပြင်ဆင်ရေးဆွဲရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန် ရေးအစိုးရ၊ ပြည်ထဲရေးဌာနသို့ တင်ပြအတည်ပြုချက်ဖြင့် ၁-၁ဝ-၁၉၆၅ ရက်နေ့တွင် ကလောမြို့နယ် ဖြစ်လာခဲ့ပါ သည်။ ၁ဝ-၆-၁၉၆၆ ရက်နေ့၌ အောင်ပန်းမြို့တွင် ရုံးစိုက်ရာမှ ကလောမြို့သို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့ပါသည်။ ကလော မြို့တွင် မြို့ပိုင်တစ်ဦးနှင့် အောင်ပန်း၊ ဟဲဟိုးမြို့နယ်ခွဲများတွင် လက်ထောက်မြို့ပိုင်တစ်ဦးစီ ခန့်ထား၍ အုပ်ချုပ်ခဲ့ပါသည်။
          ကလောမြို့နယ် နယ်ပိုင်ဝန်ထောက်သည် ကလောမြို့တွင် ရုံးစိုက်ပြီး ကလောမြို့နယ်၊ ပင်းတယ မြို့နယ်၊ ရွာငံ မြို့နယ်၊ ရပ်စောက်မြို့နယ်တို့ကို အုပ်ချုပ်ခဲ့သည်။ ကလောမြို့နှင့် အောင်ပန်းမြို့ကို ပြည်ထဲရေး နှင့် သာသ နာရေးဝန်ကြီးဌာန၏ ၃ဝ-၈-၁၉၇၃ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။
.
ညောင်ရွှေမြို့
(တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်)
.
ညောင်ရွှေမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၈ မိနစ်နှင့် ၂ဝ ဒီဂရီ ၄၅ မိနစ်အကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၆ မိနစ်နှင့် ၉၇ ဒီဂရီ ၅၅ မိနစ်အကြားတွင် တည်ရှိပါသည်။  ညောင်ရွှေမြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၅၆၁ ဒသမ ၄၂ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၉၅ဝ ပေတွင် တည်ရှိပါသည်။
          သာကီဝင်မင်းမျိုး ဘိရာဇာ၏ အနွယ်ဖြစ်သော စော်ဘွားကြီးသည် ယခုလက်ရှိမြို့တည်ရာအရပ်၏ မြောက်ဘက် ဗောရိဿ္လ်ဘုရားအနီးတွင် ကောသမ္ဘီမြို့အမည်ဖြင့် မြို့တည်ထောင် အုပ်ချုပ်နေစဉ် ပုဂံအလောင်းစည်သူမင်းကြီး လက်ထက် ကောဇာသက္ကရာဇ် ၄၇၅ ခုနှစ်တွင် တရုတ်တို့ ဝင်ရောက်ဖျက်ဆီးခြင်းကြောင့် ကောသမ္ဘီမြို့၏ တောင်ဘက်သို့ ရွှေ့ပြောင်းပြီး ယခုမိုင်းသောက်အင်းရွာနှင့် သလဲဦးအင်း ရွာတို့အကြား ပေပင်အင်းရွာ၏ အနောက်ဘက် အင်းရေ ပြင် ရမ္မာဝတီအမည်ဖြင့် တည်ထောင်ခဲ့ပါသည်။ ၄င်း ရမ္မာ ဝတီမြို့ကြီးသည်လည်း အနောက်ဘက်ဒေသရှိ ဟဲဟိုး သီခေါင်နယ်ဘက်မှ တောင်ပြိုခြင်း ကြောင့် ယခုပုန်းအင်းရွာဟုခေါ်သော ဟဲဟိုးချိုင့်ဝှမ်းဒေသရှိ အင်းရေများ ညောင်ရွှေအင်းသို့ စီးဝင်ခဲ့သဖြင့် ရမ္မာဝတီမြို့ကြီးသည် ရေဘေးကြောင့် ပျက်စီးခဲ့ရပါသည်။ ထို့ကြောင့် အရှေ့မြောက်ဒေသရှိ မန်ကျီးစင် ပန်းဖယ်အရပ်သို့ ပြောင်းရွှေ့၍ မြို့ပြတည် ထောင်ကာ စိုးစံခဲ့ပါသည်။
          ယင်းမြို့စော်ဘွားမင်း အဆက်ဆက် စိုးစံခဲ့ရာ ဆီဆိုင်ဘွားအမည်ရှိသော စော်ဘွားသည် ရွှေညောင်ပင် ပေါက် ရာအရပ်တွင် မြို့တည်ထောင်၍ စိုးစံလျှင် မြို့သက်ရှည်ကာ သာသနာထွန်းတောက်လိမ့်မည်ဟု အိပ်မက်အရ မြို့သစ် တည်ထောင်ရန် ဆန္ဒပြင်းပြခဲ့သဖြင့် ပညာရှိမူးမတ်များကို မြို့နေရာ ရှာဖွေရန် စေလွှတ်ခဲ့ရာ မန်ကျီးစင် ပန်းဖယ်မြို့မှ ပြောင်းရွှေ့ခဲ့ပြီး ဣဿရိယကုန်းမြေ၏ အနောက်ဘက် (ယခု ဟော်ဟောင်းကွင်းဟု ခေါ်ဆိုသော လွတ်လပ်ရေး ကျောက်တိုင် စိုက်ထူထားရာ)အရပ်၌ ကောဇာသက္ကရာဇ် ၇၂၁ ခုနှစ်တွင် အရှေ့သို့လားသော် တောင်တန်းကြီးအထိ၊ မြောက်သို့လားသော် တာယောလမ်း(စခန်းကြီး) အထိ မြို့ တွင်းနယ်မြေအဖြစ် သတ်မှတ်ပြီး မြို့သစ်တည်ထောင်ကာ အုပ်ချုပ်ခဲ့လေသည်။ မြို့တော်သစ်၏ မင်္ဂလာရှိသော အ ရှေ့အရပ်တွင် ဣဿရိယကုန်းပေါ်၌ ရွှေအဆင်းရှိသော ဗောဓိညောင်ပင် ပေါက် ရောက်သည်ကို အစွဲပြု၍ ညောင်ရွှေမြို့ဟု သမုတ်ခဲ့ရာ ယနေ့တိုင် ခေါ်ဝေါ်လျက်ရှိပါသည်။
.
ရပ်စောက်မြို့
(တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်)
.
ရပ်စောက်မြို့နယ်သည် တောင်ကြီးခရိုင်တွင် တည်ရှိပါသည်။ ရပ်စောက်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၁ဝ မိနစ်နှင့် ၂၂ ဒီဂရီ ၁၅ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၅ မိနစ်နှင့် ၉၄ ဒီဂရီ ၂ဝ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၂၈ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၃ မိုင် ရှည်လျားပါသည်။ ဧရိယာစတုရန်းမိုင် ၂ဝ၃၃ ဒသမ ၁၂ မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့် ၃ဝ၅ဝ ပေ အထက်တွင် ရှိပါသည်။
          ကောလိမင်းသည် ပညာရှိ သုခမိန်တို့နှင့် ညှိနှိုင်းပြီး နဂါးကျစ်ကုန်းရွာ အရှေ့တောင်ဘက်အရပ်တွင် ရဿဝတီ အမည် ကို သက္ကရာဇ် ညှိနှိုင်းပြီး ၁၄၂ ခု၊ တန်ပေါင်းလဆန်း သောကြာနေ့တွင် သမုတ်ခေါ်ဝေါ်ပါသည်။ အရှေ့သို့ လားသော် လီမာယ် မြစ်၊ တောင်သို့ လားသော် ဘီလူးချောင်း၊ အနောက်သို့ လားသော် ငွေခွန်မြေ၊ မြောက်သို့ လားသော် မြစ်ငယ်လီတို့ဖြင့် အပိုင်းအ ခြား ရှိပါသည်။
          သက္ကရာဇ် ၂၂၈ ခုနှစ်တွင် ပတလိပုတ်ပြည်ကို အစိုးရတော်မူသော သီရိဓမ္မာသောကမင်းသည် စေတီ ၈၄ဝဝဝ၊ ရေကန် ၂ဝဝဝဝ တည်ထား ပြုစုလိုသောကြောင့် ဇမ္ဗူဒီပကျွန်းအတွင်း မြို့ထိပ်အရပ်တွင် ရှစ်သောင်းစေတီတော်ကို သမုတ်ခေါ်ဝေါ်၍ တည်ထားခဲ့ပါသည်။ ပေါက်ကန် နရစည်သူမင်းလက်ထက် ရှမ်းပြည်တစ်လွှား ကြွရောက်သွားတော်မူသည့်ကာလ၌ မိုးနဲသို့ အရောက်တွင် မြို့ကိုစောင့်သော ဒေဝသုဓနဝိဒူအမည်ရှိသော နတ်တို့က ပိန္နဲလုံးပတ် ၇ ထွာရှိ အလုံးရေ ၅ လုံးကို ယူဆောင် တော်မူပြီး စေတီမွေတော်မြတ်တစ်ဆူကို တည်ထားခဲ့ပြီး နတ်ပိန္နဲကိုလည်း သားတော်ခေါ်ပြီးလျှင် ပိန္နဲမျိုးစေ့ကို အဓိဌာန်ကာ ရပ်တော်မူလျက် ခြေမတော်နှင့် နင်း၍ စိုက်တော်မူခဲ့သည့်အရပ်ကို အစွဲပြုပြီး ရဿဝတီဟု ခေါ်ဝေါ်သမုတ်ပြီး ကာလကြာမြင့် သော် ရပ်စောက်မြို့ဟု ခေါ်တွင်လေသည်။
.
ဖယ်ခုံမြို့
(တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်)
.
ဖယ်ခုံမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီနှင့် ၂ဝ ဒီဂရီကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီနှင့် ၉၇ ဒီဂရီကြား တွင်တည်ရှိပြီး အကျယ်အဝန်းမှာ ၈ဝ၇ ဒသမ ၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ၂၆ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၃ဝ မိုင် ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်အထက်  ပေ ၂၉၅ဝ တွင် တည်ရှိပါသည်။
          ဖယ်ခုံမြို့နယ်အဓိပ္ပါယ်နှင့် ပတ်သက်၍ အချို့က ရှမ်းဘာသာဖြင့် ဖိုင်ခွန်၊ အချို့က ဖိုက်ခွန်၊ ကယား ဘာသာစကားဖြင့် အချို့က တကူမော်လဲ၊ အချို့က သာခွန်၊ ကယန်းဘာသာစကားဖြင့် ပါးသူအောက်ဟု အမျိုးမျိုး သတ်မှတ်ခဲ့ကြသည်။ ဖိုင်ခွန်ဆိုသည်မှာ ဆည်များကိုပိတ်၍ အုပ်ချုပ်သော မင်းစော်ဘွား၊ တကူမော်လဲဆိုသည်မှာ သဖန်းပင်ရွာ၊ ပါးသူအောက် ဆိုသည်မှာ မင်မျိုးမင်းနွယ်များ နေထိုင်သည့် မြို့နယ်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။ ရှေးယခင်က ဖယ်ခုံမြို့တွင် ကယားလူမျိုး၊ ရှမ်းလူမျိုး၊ ကယန်းလူမျိုးများနေထိုင်ကြရာ ရှမ်းစော်ဘွားများ လက်ထက်၊ ယခုညောင်ပင်သာနှင့် ယခင်ဈေးပိုင်း ဖြစ်ခဲ့ဖူးသည့် ဘီလူးချောင်း ကမ်းစပ်နေရာများက ပါလီပလက်ဟုခေါ်ကာ ဘီလူးချောင်းရေကို ပိတ်ပြီး လယ်ယာစိုက်ပျိုးရေးရေရှိရန် ဆည်ပြုလုပ်ခဲ့သည်ကို အစွဲပြု၍ ဖိုင်ခွန်ဟုခေါ်ခဲ့ကြောင်း အမျိုးမျိုး ပြောဆိုခဲ့ပါသည်။
          ယခုကာလရွေ့လျား၍ ဖယ်ခုံဟူ၍ ဖြစ်လာခဲ့ပါသည်။ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၁-၇-၁၉၇၂  ရက်စွဲပါ စာအမှတ်၊၁ဝ၃/၂၈/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် မြို့ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ၏ ၇-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၅/၄/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြေညာစာဖြင့် ကျေးရွာအုပ်စုများ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
.
ဟိုပုံးမြို့
(ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်)
.
ဟိုပုံးမြို့နယ်သည် တောင်ကြီးမြို့မှ ၁၂ မိုင်အကွာ အဝေးတွင် တည်ရှိပါသည်။ ဟိုပုံးမြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၃၁ မိနစ် ၁၃ စက္ကန့်နှင့် ၂၁ ဒီဂရီ ၂၇ မိနစ် ၁၁ စက္ကန့်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ဝ၃ မိနစ် ဝ၄ စက္ကန့်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၂၁ မိုင်ရှိပြီး တောင်မှ မြောက် သို့ ၅၇ မိုင် ရှည်လျားပါသည်။ အကျယ်အဝန်းမှာ ၁၂၂ဝ ဒသမ ၅၆ စတုရန်းမိုင်ရှိကာ ဟိုပုံးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၄၁ ပေတွင် တည် ရှိပါသည်။ အမြင့်ဆုံး တောင်မှာ မဲနယ်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၈၆ဝဝ ပေ ဖြစ်ကာ မြို့နယ်၏ အနိမ့်ဆုံးအရပ်ဒေသမှာ ပုံးအင်း ဒေသ ဖြစ်သော ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဝမ်ခွမ်ကျေးရွာ ဖြစ်ပါသည်။
          မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်၊ ခရာစ်နှစ် ၁၉၄၆ ခုနှစ် တွင် စောခွန်လောမြို့စားအဖြစ် အုပ်ချုပ်နေစဉ်မှစ၍ မြို့ စားမှ စော်ဘွားဟူ၍ ခေါ်တွင်စေခဲ့သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှ ပဒေသရာဇ်စော်ဘွားတို့ အာဏာ စွန့်လွှတ်ပြီးနောက် ဟိုပုံးမြို့သည် မြို့နယ်အဖြစ်သို့ ရောက် ရှိခဲ့သည်။ ဟိုပုံးမြို့နယ်အား မြို့အဖြစ် တရားဝင် အသိအ မှတ်ပြုခဲ့သည်မှာ မြန်မာ နိုင်ငံပြန်တမ်း အမိန့်ကြော်ငြာစာ ၂ဝ၈ အရ ၁-၇-၁၉၇၂ ရက်နေ့တွင် ဖြစ်သည်။
          ဟိုပုံးဟူသောအမည်သည် မြို့တည်ရှိရာမြေကို အစွဲ ပြု၍ ခေါ်ထားခြင်းဖြစ်သည်။ အင်းလေးကန်၏ အရှေ့ ဘက်ကမ်းရှိ တောင်တန်းနှင့် ပွန်ချောင်း အရှေ့ဘက်ရှိ လွယ်ပတ်(လွယ်မောင်) တောင်တန်းတို့အကြား အနိမ့်ဆုံး အပိုင်းဖြစ်သည့် နမ့်တ ဘက်ချောင်းကြီးကို အမှီပြု၍ စိမ့်စမ်း ရေများပြီး လယ်ယာလုပ်ခင်း ကောင်းမွန်သော လျှိုကြီး ရှိရာ ထိုလျှိုမြောင်းကြီးကို ရှမ်းဘာ သာဖြင့်(ပုံင်း)ပုံးဟု ခေါ်ဝေါ်သည်။ ထိုလျှိုမြောင်းကြီး၏အနီး အထက်ပိုင်း၌ တည်ရှိသဖြင့် ရှမ်းဘာသာဖြင့် 'ဟို' ကို အစွဲပြုကာ ဟိုပုံးဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပါသည်။
.
ဆီဆိုင်
(ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်)
.
          ဆီဆိုင်မြို့နယ်သည်  မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ဝ၇ မိနစ် ဝဝ စက္ကန့်နှင့်  ၂ဝ ဒီဂရီ ဝ၉ မိနစ်၊ ဝဝ စက္ကန့်အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၃ မိနစ် ဝဝ စက္ကန့်နှင့် ၉၇ ဒီဂရီ ၁၄ မိနစ်၊ ဝဝ စက္ကန့် အကြားတွင် တည်ရှိပါသည်။  အရှေ့မှ အနောက်သို့ ၂၁ မိုင်နှင့် တောင်မှ မြောက်သို့ ၄၆ မိုင် ရှည်လျားပြီး အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင် ၇၉၁ မိုင် ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၂ဝ၁ ပေ အထက်တွင် တည်ရှိပါသည်။
          ဆီဆိုင်မြို့နယ်သည် ရှေးမြန်မာမင်းများ လက်ထက်ကပင် သုဝဏဘုမ္မိ ခေါ်တွင်ခဲ့သော သထုံမြို့မှ ပြောင်းရွှေ့ လာကြသော ပအိုဝ်းလူမျိုးများသည် အုပ်စု ၉ အုပ်စုခွဲ၍ ရှမ်းကုန်းမြေမြင့်သို့ တက်လာကြရာ တစ်အုပ်စုသည် ရှမ်း ပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာကာ အိုးအိမ်ထူထောင် နေထိုင်ကြရာမှ ဆီဆိုင်မြို့နယ် ယခုထမ့်ဆိုင်းရွာ နေရာတွင် စတင်ပြီး ခွန်စံဦးဆိုသူ ပအိုဝ်းအမျိုးသားအား ရပ်ရွာအကြီး အကဲခန့်အပ်ကာ အခြေချနေထိုင်ခဲ့ကြသည်။
          ခွန်စံဦး၏ညီ ခွန်မြအောင်သည် အစ်ကိုဖြစ်သူနှင့် မသင့်မြတ်ရာမှ ယခုလွယ်ပွတ်ရွာသို့ ခွဲထွက်လာပြီး ပြောင်း ရွှေ့နေထိုင်ခဲ့သည်။ သက္ကရာဇ် ၁ဝ၅၈ ခုနှစ်တွင် ခွန်မြအောင်၏သား ခွန်မောင်နိုင်သည် ယခု ကောင်းဝိုင်းရွာ တည်နေရာ၌ ရွှေ့ပြောင်းနေထိုင်ခဲ့ပါသည်။ ခွန်မောင်နိုင်၏သား ခွန်မောင်တာ လက်ထက်တွင် ယခုဆီဆိုင်မြို့တည် နေရာသို့ ခွဲထွက်လာပြီး သထုံပေးအမည်ဖြင့် ရွာတည်၍ နေထိုင်ခဲ့ကြောင်း သိရှိရပါသည်။
          ခွန်မောင်တာ၏သား ခွန်ပတ် လက်ထက်တွင် သထုံပေးအမည်မှ ဆီဆိုင်တန်အမည်ခံ၍ ကောဇာသက္ကရာဇ် ၁၁ဝ၃ ခုနှစ်မှ ၁၁၄၃ ခုနှစ်ထိ အုပ်ချုပ်ခဲ့ပြီး ၁၁၄၃ ခုနှစ်မှ စ၍ စော်ဘွားကြီး ခွန်လောက ဆက်လက်အုပ်ချုပ်ခဲ့ပြီး နောက် နယ်မြေအုပ်ချုပ်ရေးနှင့် အမျိုးသာသနာထွန်းကားရေးကို ဆောင်ရွက်ခဲ့ပါသည်။
          ယင်းကာလအချို့တွင် မြန်မာနိုင်ငံ၌ သက်ဦးဆံပိုင်ဘုရင်များ အုပ်စိုးစဉ်ကာလဖြစ်ရာ ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းလက်ထက်၌ သထုံပေးဆီဆိုင်တွင် ခွန်အိုးဆိုသူကား ငွေခွန်မှူးအဖြစ် ရာထူးခန့်အပ် အုပ်ချုပ်စေခဲ့ကြောင်း၊ သက္ကရာဇ် ၁၂၃၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်နေ့မှ စ၍ ၁၂၆၈ ခုနှစ်ထိ နှစ်ပေါင်း ၃ဝ ကျော် အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်က အုပ်ချုပ်သူ ငွေခွန်မှူးများကို စော်ဘွား စဝ်ဖာလုံဟုခေါ်ဝေါ်လာခဲ့ရာမှ စဝ်ခွန်အိုး ကွယ်လွန်သော် ဒုတိယမြောက်သား စဝ်ခွန် စိမ်းက သက္ကရာဇ် ၁၂၆၉ မှ ၁၂၈၆ ခုနှစ်ထိ ၁၇ နှစ်ကြာ ဆက်လက်အုပ်ချုပ်ခဲ့သည်။ စဝ်ခွန်စိမ်းသည် သက္ကရာဇန် ၁၉၁၄ မှ ၁၉၁၈ ခုနှစ်ထိ စစ်တပ်တွင် အမှုထမ်းဆောင်ခဲ့ရာ အစိုးရ၏ တီတီအမ်ဘွဲ့ကို ရရှိခဲ့ပါသည်။
          ၁၉၂၄ ခုနှစ်တွင် စဝ်ခွန်စိမ်း ကွယ်လွန်သော် သားဖြစ်သူ စဝ်ခွန်ကြည်က ဖခင်၏ အရိုက်အရာကို ၁၉၂၅ ခုနှစ်မှ ၁၉၃၈ ထိ ဆက်လက် အုပ်ချုပ်ခဲ့ပါသည်။ ဆီဆိုင်မြို့နယ် ဟု မပေါ်ပေါက်မီအချိန်က ဘန်းယဉ်၊ နောင်မွန်၊ ဆီဆိုင် ဟူ၍ ၃ နယ်ခွဲပြီး ငွေခွန်မှူးအဆင့်အတန်းထားရှိကာ အုပ်ချုပ်ခဲ့သည်။ သက္ကရာဇ် ၁၉၄၃ ခုနှစ်တွင် အင်္ဂလိပ်အစိုးရ အုပ်ချုပ်နေစဉ် ယခုဆီဆိုင်မြို့ တည်ရှိသည့် စေတီတည်ဆောက်ပြီးနောက် တစ်ဖြည်းဖြည်း စည်ကားလာပြီး မြို့အဖြစ် တည်ရှိလာခဲ့ခြင်း ဖြစ်သည်။
          ယင်းမတိုင်မီ ကာလ၌ ညောင်ရွှေစော်ဘွား အုပ်ချုပ်သည့် လက်အောက်ခံနယ်မြေအဆင့်သာရှိသည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ စော်ဘွားများ အာဏာစွန့်ပြီးနောက် ဆီဆိုင်မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး တိုက်နယ် ၁၃ ခုထား၍ အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။
          ဆီဆိုင်မြို့နယ်အား ပြည်ထဲရေးနှင့်သာသနာရေးဝန် ကြီးဌာန၏ ၇-၇-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၆ ခုကို စုစည်း၍ ဆီဆိုင်မြို့အဖြစ်လည်းကောင်း၊ ကျေးရွာ ၁၃ ခုကို ကျေးရွာအုပ်စုအဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ပါ သည်။
.
ပင်လောင်းမြို့
(ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်)
.
          ပင်လောင်းမြို့နယ်သည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်တွင် ပါဝင်ပြီး အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ်နှင့် ၉၆ ဒီဂရီ ၆၅ မိနစ် အကြား၊ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄ဝ မိနစ်နှင့် ၂ဝ ဒီဂရီ ၁၈ မိနစ်အကြားတွင် တည်ရှိပြီး တောင်နှင့် မြောက်အကျယ် ၃၂ မိုင်၊ အရှေ့နှင့် အနောက်အကျယ် ၄၈ မိုင် ရှိပြီး အကျယ်အဝန်းမှာ ၉၄၅ ဒသမ ၅၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၄၈ဝဝ ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လွယ်မောင်းတောင်ဖြစ်ပြီး အမြင့်ပေ ၆၁၂၄ ပေ ဖြစ်ပါ သည်။ အမြင့်ဆုံးအရပ်ဒေသမှာ လွယ်မောင်းကျေးရွာဖြစ်ပြီး အနိမ့်ဆုံးဒေသမှာ လယ်ပြင်ကြီးကျေးရွာဖြစ်၍ အမြင့် ၁ဝ၄၅ ပေဖြစ်ပါသည်။
          ပုဂံခေတ်နှင့် တောင်ငူခေတ်တွင် ယခုပင်လောင်းဟုခေါ်သည့် ဒေသသို့ ကျိုက်ထို၊ ကျိုက္ခမီနယ်သား ကရင်များ၊ သထုံနယ်သား ပအိုဝ်းများ၊ ကွန်ဟူ ရှမ်း အမျိုးအနွယ်များ အဆင့်ဆင့် ရောက်ရှိနေထိုင်ခဲ့ရာ ပထမဆုံး ရောက်ရှိလာကြသော ကျိုက္ခမီနယ်သား ကရင်များသည် ပင်လောင်းမြို့၏ တောင်ဘက်(၁၃)မိုင်အကွာ ဝမ့်ဖာ(ဘန့်ဘာ)ရွာကို တည်ထောင်ခဲ့ကြပါ သည်။ ခရစ်သက္ကရာဇ် (၁၇၆၃-၁၇၇၈)ခုနှစ်၊ တတိယ ကုန်းဘောင်မင်းဆက် ဆင်ဖြူမင်း လက်ထက်တွင် ဝမ့်ဖာရွာ၌ မုဆိုးမ၏ သမီးဖြစ်သူ မစီးထာ(ခ)နန်းမူ၏ ယာခင်းသို့ ဆင်ဖြူတစ်ကောင်ဝင်ရောက် စားသောက်သဖြင့် ရွာသားများမှ သွားရောက်၍ ဖမ်းဆီးရာ ဖမ်းမမိပဲ မစီးထာ ကိုယ်တိုင်သွားရောက် ဖမ်းဆီးမှ ဖမ်းမိသဖြင့် ဝမ့်ဖာရွာတွင် ဆင်ဖြူအား ထိန်းကျောင်း၍ အင်းဝ ဘုရင် ဆင်ဖြူရှင်မင်းထံ သွားရောက်ဆက်သခဲ့ပါသည်။ အင်းဝဘုရင်မှ မစီးထာအား ပင်လောင်းမြို့ ဖြစ်လာမည့်ဒေသကို အုပ်ချုပ်ရန်နှင့် အခွန်အတုတ် ကောက်ခံရေးကို နယ်နိမိတ်ပိုင်းခြားပြီး ချီးမြှင့်ခဲ့ပါသည်။
          ပိုင်းခြားချီးမြှင့်သည့် နယ်နိမိတ်မှာ ပင်လောင်းမြို့နယ် အပါအဝင် မြောက်ဘက် လက်ထိပ်တောင်၊ အရှေ့ဘက် အင်းလေးကန်၊ ဘီလူးချောင်း တောင်ဘက်တွင် ဝါးချောင်း၊ အနောက်ဘက်တွင် ပျဉ်းမနားမြို့တို့ ပါဝင်သည်။ လွယ်လုံ၊ ပင်လောင်း ဖြစ်လာရခြင်းမှာ ခွန်ခမ်းချုပ်သည် ပင်လောင်းစော်ဘွားအဖြစ် ၅၄ နှစ်ကြာအုပ်ချုပ်ပြီး၍ မြို့နယ်တွင် တောင်ကြီး ၁၂ တောင်  ရှိခြင်းကြောင့် ၄င်းတောင်များကို အစွဲပြုကာ ရှမ်းဘာသာဖြင့် လွိုင်လုံဟု ခေါ်ဆိုရာမှ လွိုင်လုံ၊ ပင်လောင်းဟု အမည်တွင်လာပါသည်။
          ပင်လောင်းမြို့အဖြစ် ခေါ်ဆိုရခြင်းမှာ စိမ့်တောကို ပအိုဝ်းနှင့်ကရင်ဘာသာဖြင့် ဒါးဗန်ခရောင်းဟု ခေါ်ဆို၍ ဒါးနှင့်ခကို ကျေပြီး၊ ဗန်းရောင်း ဖြစ်လာကြောင်း၊ ဗန်းရောင်းမှ ပင်လောင်း ဖြစ်လာသည်ဟူ၍ လည်းကောင်း၊ ဤဒေသတွင် မင်းကောင်း မင်းမြတ်များ ပေါ် ထွက်တတ်ခြင်းကြောင့် ရှမ်းဘာသာစကားဖြင့် ပန်လောင်း ဖြစ်လာသည်ဟူ၍ လည်းကောင်း၊ စန္ဒကူးပင်များ ပေါက်ရောက်လျက်ရှိသည်ကို အစွဲပြု၍ ကရင်ဘာသာဖြင့် စန္ဒကူးတောဟု အဓိပ္ပါယ်ရသည့် ဗန်းလောင်းဟူသော စကားမှ ပင်လောင်း ဖြစ်လာသည်ဟု အဆိုရှိပါသည်။
          ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၆ ခု ကို စုစည်း၍ ပင်လောင်းမြို့အဖြစ် လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၃၁ဝ ဖြင့် ပင်လောင်းမြို့နယ်ကို ကျေးရွာအုပ်စု ၂၅ အုပ်စုဖြင့် လည်းကောင်း သတ်မှတ်ထားပြီး၊ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅ အုပ်စုတို့ဖြင့် မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၅-၁-၂ဝ၁ဝ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ပင်လောင်းမြို့နယ်သည် ရပ်ကွက် ၁ဝ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ ကျေးရွာ ၄၄၆ ရွာဖြင့် ဖွဲ့စည်းထားပါသည်။
.
ပင်းတယမြို့
(ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်)
.
          ပင်းတယမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းတွင် တည်ရှိပါသည်။ ပင်းတယမြို့နယ် သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၄၁ မိနစ်နှင့် ၂၁ ဒီဂရီ ၁၃ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၉ ဒီဂရီ ၂၅ မိနစ်နှင့် ၉၆ ဒီဂရီ ၃၇ မိနစ်အကြားတွင် တည်ရှိပါသည်။  ဧရိယာအကျယ်အဝန်းမှာ ၂၅၄ ဒသမ ၈၉ မိုင်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မှာ ၃၈၈ဝ ပေရှိပါသည်။ အမြင့်ဆုံးတောင်မှာ အရှေ့မြင် အနောက်မြင်တောင်ဖြစ်၍ အမြင့်ပေမှာ ၇၇၅၂ ပေဖြစ်ပြီး မြို့နယ်၏ အနိမ့်ဆုံးအရပ်ဒေသမှာ မိုင်းလီကျေးရွာအုပ်စု၊ ဖောင်းပြားကျေးရွာ ဖြစ်ပါသည်။
          ပင်းတယမြို့နယ်အား မည်သည့်နှစ်တွင် တည်သည်ကို အထောက်အထား ရှာဖွေ၍ မတွေ့ရှိသေးပေ။ ပင်းတယမြို့ နယ်အတွင်းရှိ ပွေးလှကျေးရွာကိုမူ (ဥသြဧစီ-ပွေးလှတည်)ဆိုသည့် မှတ်တမ်းအရ ကောဇာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် တည်ခဲ့ရာ မန္တလေးမြို့ထက်ပင် ဝါအားဖြင့် ၁ဝ၈ နှစ်ကြီးကြောင်း တွေ့ရှိရသည်။ ခေတ်အဆက်ဆက် နှစ်အဆက်ဆက်တွင် ပင်းတယသည် ပွေးလှထက် သာလွန်သည်ချည်းဖြစ်ရာ ပင်းတယမြို့တည်နှစ်သည်လည်း ပွေးလှမြို့ တည်သည်ထက် စောဘွယ်ရာသာ ရှိပေသည်။ ပင်းတယမြို့အား မည်သည့်နှစ်တွင် တည်ခဲ့သည်ကို အထောက်အထား ရှာဖွေ၍ မရရှိသေး သည့်နည်းတူ မည်သည့်အတွက် ပင်းတယဟူ၍ ခေါ်ဝေါ်သမုတ် ခဲ့သည်ကိုလည်း ခိုင်လုံသည့် အထောက်အထား ရှာဖွေ၍ မတွေ့ရှိခဲ့ရသေးပေ။
          သက်ကြီးစကား သက်ငယ်ကြားဖြင့် အဆင့်ဆင့်‌ ပြောကြားလာခဲ့သည့် ပါးစပ်ရာဇဝင်မှာလည်း ပုံပြင်ဆန်လွန်းလှသည်။ ထိုသူတို့ ပြောစမှတ်ပြုကြသည်မှာ ပင်းတယမြို့နယ်ရှိ ပုန်းတလုတ်ရေကန်တွင် နတ်ကိန္နရီ ညီအမ ၇ ဖော်တို့ လာရောက် ရေကစားကြစဉ် လေကြီးမိုးကြီး ကျသဖြင့် ၄င်းတို့ဒေသ ငွေတောင်ပြည်သို့ မပြန်နိုင်ဘဲ ပင်းတယမြို့အနီးရှိ လိုဏ်ဂူ (ယခု ရွှေဥမင်ဂူ) အတွင်းတွင် လေမိုးအန္တရာယ်ကို ကာကွယ်နိုင်ရန် ခိုအောင်းနေခဲ့ကြရသည်။ ထိုစဉ် အလွန်ကြီးမားသော ပင့်ကူကြီး တစ်ကောင်က ကိန္နရီများကို အစာအလို့ငှာ ဖမ်းဆီးလိုသည့်အတွက် ဂူပေါက်ကို ၄င်း၏အမျှင်များဖြင့် ပိတ်ဆို့ယှက်သန်း ထားသဖြင့်  ကိန္နရီများက အကူအညီ ရစိမ့်ကြောင်းငှာ အော်ခေါ်တောင်းဆိုရာ သုဓနုကုမ္မာရ အမည်ရှိ မင်းသားတစ်ပါး လာရောက်၍ ပင့်ကူကြီးကိုမြားနှင့် ပစ်ခွင်းသတ်သည့်အတွက် ပင့်ကူသေခဲ့ကာ ယင်းပင့်ကူကို ရခြင်းကြောင့် (ပင့်ကူရ)၊ ထိုမှ တစ်ဖန် ကာလရွေ့လျား၍ ပင်းတယဖြစ်လာသည်ဟု ဆိုသည်။
          ဤပါးစပ်ရာဇဝင်မှာ ဒဏ္ဍာရီဆန်လွန်းလှသဖြင့် လက်ခံနိုင်ရန် ခက်ခဲလှသော်လည်း ပုန်းတလုတ်ရေကန်နှင့် ရွှေဥမင် လိုဏ်ဂူတို့ကိုမူ အထောက်အထားအဖြစ် တွေ့ရှိ နေရပေသည်။ ၁၉၅၉ ခုနှစ်တွင် စော်ဘွားများ အာဏာ စွန့်ပြီးနောက် ပင်းတယမြို့နယ်အား ရှမ်းပြည်နယ် မင်းကြီးလက်အောက်ခံ မြို့ပိုင်မှ အုပ်ချုပ်ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၁-၇-၁၉၇၂ ရက်စွဲပါ စာအမှတ် ၁၃ဝ/ ၂၈/စိတ်-၁ အမိန့်ကြော်ငြာစာအရ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်အား ရပ်ကွက် ၁၂ ရပ်ကွက် ပါဝင်သောမြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။
          ၁၉၇၈ ခုနှစ် နောက်ပိုင်းကာလတွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သီးခြားအုပ်ချုပ်ရေးမှူး ခန့်ထားခဲ့ပြီး တာဝန်ယူဆောင်ရွက်စေခဲ့ပါသည်။
.
ရွာငံမြို့
(ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်)
.
          ရွာငံမြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၂၂ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၇ မိနစ် အကြားတွင် တည်ရှိပါသည်။ မြို့နယ်၏ ဧရိယာအကျယ် အဝန်းမှာ ၁ဝ၂၅ ဒသမ ၉၆ စတုရန်းမိုင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၄ဝ၈၂ ပေ အထက်တွင် တည်ရှိပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ အရှေ့မြင် အနောက်မြင်တောင်ဖြစ်ပြီး အမြင့်ပေ ၇၇၅၂ ပေ ရှိပါသည်။ အမြင့်ဆုံးဒေသမှာ ၅၇၅၅ ပေ ရှိ ဒုထ္တတိုးရေကျေးရွာနှင့် အနိမ့်ဆုံးဒေသမှာ ၄၅၂ ပေမြင့်သော ဆည်ရွာကျေးရွာ ဖြစ်ပါသည်။
          ရွာငံမြို့နယ်သည် မြန်မာသက္ကရာဇ် ၅၃၅-၅၇၂၊ အေဒီ ၁၁၇၃-၁၁၂ဝ အထိ နန်းစံခဲ့သော ပုဂံဘုရင် နရသီဟပတေ့ စည်သူမင်း တိုင်းခန်းလှည့်လည်ရာမှ ယခု ဒေသသို့ရောက်ရှိစဉ် နောက်မှ လိုက်ပါလာသော မူးမတ်များကို ''ရပ်ငံ့'' စောင့်ဆိုင်း နေရသဖြင့် ''ရပ်ငံ့'' ရွာဟု မူလက ခေါ်တွင်ခဲ့ပါသည်။ နောင်ကာလ ရွေ့ လျားလာသောအခါ ရွာငံဟု လည်းကောင်း ခေါ်တွင် လာခဲ့ပါသည်။ မြန်မာမင်းများ အုပ်ချုပ်ပုံ စာတမ်းအရ ရှမ်းကမ္ဘောဇနယ်စာရင်းတွင် ဘော်နယ်၊ ရွာငံနယ် ဟူ၍ ဖော်ပြထား ပါသည်။ ဘော်နယ်ဆိုသည်မှာ ခဲသတ္တုနှင့် ငွေ သတ္တုရောရာ သတ္တုတစ်မျိုးကိုခေါ်ဆိုပြီး ယင်းသတ္တုထွက် ရှိရာ ဒေသကို ဘော်နယ်ဟု ခေါ်ပါသည်။
          ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၇-၇-၁၉၇၂ ရက်စွဲပါ အမိန့်ကြော် ငြာစာအမှတ် ၂၅၆ အရ ရွာငံမြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။
.
လွိုင်လင်မြို့
(လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်)
.
          လွိုင်လင်မြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်တွင် တည်ရှိပါသည်၊ မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၂၇ မိနစ်နှင့် ၂ဝ ဒီဂရီ ၂၉ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၂ မိနစ်နှင့် ၉၇ ဒီဂရီ ၃၈ မိနစ် အကြားတွင် တည်ရှိပါသည်။  အရှေ့မှ အနောက်သို့ ၁၉ မိုင်နှင့် တောင်မှမြောက်သို့ ၂၄ မိုင် ရှည်လျားပါသည်။ ဧရိယာစတုရန်းမိုင်မှာ ၅ဝ၁ ဒသမ ၆၁၁ မိုင်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက်  အမြင့်  ၄၄၄၇ ပေ အထက်တွင် တည်ရှိပါသည်။
          လွိုင်လင်မြို့နယ်သည် ၁၈၈၅ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်က အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ၁၉၈၈ ခုနှစ်တွင် လဲချား မိုင်းကိုင်၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ မိုးနဲ၊ မောက်မယ်နှင့် မိုင်းပန်မြို့များကို အုပ်ချုပ်လျှက်ရှိသော စော်ဘွားများအား အုပ်ချုပ်နိုင်ရန် ရည်ရွယ်၍ နားတစ်ကျေးရွာ ပတ်ဝန်းကျင် (ယခုလွိုင်လင်)ကို စည်ပင်သာယာနယ်နိမိတ်အဖြစ် သတ်မှတ်ပြီး လွိုင်လင်တောင်ချွန်းကို အစွဲပြု၍ လွိုင်လင် မြို့အဖြစ် ဖြစ်ပေါ်လာခဲ့ပါသည်။ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ မြူနီစပယ်မြို့အဖြစ် သတ်မှတ်အုပ်ချုပ်သည်။
          ပြည်မ-တောင်တန်း ပူးပေါင်းရေး စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ သမိုင်းဝင် ကျောက်တိုင် စိုက်ထူခဲ့သည်၊ ၁၉၄၇ ခုနှစ် တွင် လွိုင်လင်မြို့ကို လဲချားစွပ်ဖလုံက ခန့်အပ်သော မြို့စားအဖြစ် အုပ်ချုပ်သည်။ ၁၉၅၂ ခုနှစ်တွင် လွိုင် လင်ခရိုင် ဖွဲ့စည်းပြီး ခရိုင်ရုံးစိုက်ခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ ပေါ်ပေါက်ပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီဖြင့် အုပ်ချုပ်သည်၊ လွိုင်လင်မြို့ရှိ ထင်ရှားသော ပုဂ္ဂိုလ်များမှာ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ဦးခွန်ထီး တို့ ဖြစ်ပါသည်။
          ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၅-၇-၂ဝဝ၂ရက် စွဲပါ စာအမှတ်၊ ၁ဝဝ /၂၄-၁၂/ ဦး ၁ ဖြင့် လွိုင်လင် မြို့နယ်အတွင်းမှ ပင်လုံမြို့နယ်ခွဲကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ ပင်လုံမြို့အား ၁-၁ဝ-၂ဝဝ၂ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့သည်။
.
နမ့်စန်မြို့
(လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်)
.
          နမ့်စန်မြို့နယ်သည်  ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင် လင်ခရိုင်၊ ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၇ မိနစ်နှင့် ၉၈ ဒီဂရီ ၁၅ မိနစ်အကြား၊ မြောက်လတ္တီတွဒ် ၂၅ ဒီဂရီ ၂၅ မိနစ်မှ  ၂၁ ဒီဂရီ ၂ဝ မိနစ်ကြားတွင် တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်းမှာ ၃ ဒ ၇၁ မိုင်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်  အထက် ၃၁၆၆ ပေ အထက်တွင် ရှိပါသည်။ တောင်တန်းများမှာ လွယ်ပန်တောင်တန်း၊ အမြင့်ပေ ၄၃၃၁ ပေ၊ လွယ်မောင်း တောင်တန်း အမြင့်ပေ ၃၉၈၉ ပေတို့ ဖြစ်ပါသည်။
          နမ့်စန်မြို့နယ်သည် ယခင်က ရွာကြီးတစ်ရွာ ဖြစ်ခဲ့ပြီး   ၁၉၄၅ ခုနှစ်တွင် စစ်ဒဏ်ကြောင့် ပျက်စီး ခဲ့ပါသည်။ ၁၉၅ဝ ခုနှစ်တွင် ခရီးသွားကုန်သည်များ အခြေချရာမှ ရွာပြန်ပေါ်ခဲ့ပြီး ၁၉၅၈ ခုနှစ် အောက်တိုဘာလတွင် တပ်မတော်မှ စစ်မှုထမ်း ဟောင်းများ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်ရန်  ကျေးရွာ ၁ဝ ရွာ တည်ထောင်ပေးခဲ့ပြီး ပြည်သူ့လုပ်အားနေရာ ချထားရေး အဖွဲ့ အမှတ်(၂)ပလနမှ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့သဖြင့် ရွာများ စည်ကားလာပြီး ၁၉၅၉ ခုနှစ်  အိမ်စောင့်အစိုးရ လက်ထက်တွင် နမ့်စန်ရွာကြီးကို မြို့အဖြစ် သတ်မှတ်၍ ပတ်ဝန်းကျင်ရွာများကို  စုစည်းကာ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၂ဝ တို့ဖြင့်  ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၇-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃ / ၅၄ /စိတ် ၁ ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန် ဖွဲ့စည်းခဲ့ပါသည်။ ၁၂-၁-၂ဝ၁၁ ရက်နေ့တွင် ခိုလမ်မြို့နယ်ခွဲကို ခိုလမ်ကျေးရွာ အုပ်စု ၅ အုပ်စုအား မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၅ ခု၊ ကျေးရွာ ၃၈ ရွာတို့ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
.
မိုင်းရှူးမြို့
(လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်)
.
          မိုင်းရှူးမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃ဝ မိနစ် ၄ဝ စက္ကန့်နှင့်  ၂၂ ဒီဂရီ ၉ မိနစ် ၃ဝ စက္ကန့်အကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၈ ဒီဂရီ ဝ၈ မိနစ် ၄၅ စက္ကန့်နှင့်  ၉၈ ဒီဂရီ ၄၃ မိနစ် ၃၈ စက္ကန့် အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက် သို့ ၂၂ မိုင်နှင့် တောင်နှင့် မြောက်သို့ ၃၁ မိုင် ရှည်လျားကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၃ဝ၉ ပေ အထက်တွင် တည်ရှိပါသည်။
          မိုင်းရှူးမြို့တည်နေရာတွင် ရှေးနှစ်ပေါင်းများစွာက တာဖက်မြို့စားကြီးနှင့် မိဖုရား နန်းကဉ္ဇနီတို့က မြို့တည်ထောင် အုပ်ချုပ်ပြီး ယင်းတို့တွင် သမီးတော် တစ်ပါး ဖွားမြင်ခဲ့ရာ မဟူရာတောင်ကုန်းရှိရာ၌ ပဋိသန္ဓေ တည်သည်ကို အစွဲပြု၍ မဟူရာမင်းသမီး(နန်းကောက်ဟန့်) ဟု အမည်တွင်သည်။ ထိုမင်းသမီးသည် အလွန်ချောမော လှပသူ ဖြစ်သဖြင့် ကြင်ယာတော်ရွေးချယ်ရန် ခက်ခဲသောကြောင့် ဖခမည်းတော်မှ ဦးကြီးတော်ဖြစ်သူကို အထူး တာဝန်ပေး ရွေးချယ်စေခဲ့ပါသည်။ ဦးကြီးတော်မှ ဘုံ ၉ ဆင့် ဆောက်လုပ်ပြီး အပေါ်ဆုံး ဘုံအဆင့်တွင် မင်းသမီးကို ထားရှိကာ အောက်ဘုံတစ်ဆင့်  တစ်ဆင့်စီ၌ ပညာရှိတစ်ပါးနှင့် ခွေးတစ်ကောင်တို့ကို  ထားရှိပြီး ကြင်ယာလောင်းအဖြစ် လာရောက်ပြိုင်ပွဲဝင်သူများ အားလုံး ဘုံ(၉)ဆင့်သို့ ရောက်အောင်  တစ်ဆင့်ပြီး တစ်ဆင့် ဖြေဆိုစေရာ အောင်မြင်နိုင်သူ မရှိချေ။ ထိုသတင်းကို မိုင်းနောင်သူဌေးကြီး၏ သား ၅ ဦးးတို့မှ ကြားသိ၍ လာရောက်ပြိုင်ပွဲဝင်ရာ အစ်ကို ၄ ပါးမှာ မအောင်မြင်ဘဲ အငယ်ဆုံးညီ ခွန်ငို့မှာမူ လမ်းခရီး၌ ဆင်းရဲသားသူအို ယောင်ဆောင်ထားသော သိကြားမင်းအား ကူညီခဲ့ရာမှ သိကြားမင်း၏ ကျေးဇူး တုံ့ပြန်မှုကြောင့် ဘုံ ၉ ဆင့်သို့ ရောက်အောင် ဖြေဆိုတက်ရောက် နိုင်ခဲ့ပါသည်။ထိုအခါ သမီးတော် မဟူရာ မင်းသမီးမှာလည်း မင်းသား ခွန်ငို့အား မေတ္တာသက်ဝင်သဖြင့် နှစ်ဦးသဘောတူ မေတ္တာမျှ(နမ့်ဆူ) သည်ကို အစွဲပြု၍ မြို့ကိုလည်း နောင်တွင် မိုင်းဆူ(မိုင်းရှူး) ဟု ခေါ်တွင်ကြောင်း အစဉ်အ ဆက် ပြောဆိုကြသည်ကို အရပ်ပြော ဒဏ္ဍာရီစကားများအရ  သိရှိရပါသည်။
          ထိုအချက်အလက်များအတွက် သမိုင်းဝင်အထောက်အထားများ မတွေ့ရှိရပါ။ ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၇-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃ / ၅၄ / စိတ် - ၁ ဖြင့် မိုင်းရှူးမြို့နယ်အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းခဲ့ပါသည်။
.
လဲချားမြို့
(လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်)
.
          လဲချားမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၇ မိနစ်မှ ၂၁ ဒီဂရီ ၁၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၆ မိနစ်မှ ၉၇ ဒီဂရီ ၄၂ မိနစ်အကြားတွင် တည်ရှိပါသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၉၁၃ ဒသမ ၉၂ စတုရန်းမိုင်  ကျယ်ဝန်းပါ သည်။ အရှေ့မှ အနောက်သို့ ၃၁ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃ဝ မိုင် ရှည်လျားကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၁၁၆ ပေ အထက်တွင် တည်ရှိပါသည်။ မြို့နယ်တွင် အမြင့်ဆုံးတောင်မှာ လွိုင်ဖိုင်းတောင်ဖြစ်ပြီး အမြင့်ပေ  ၆ဝဝဝ ပေ ရှိပါ သည်။
          လဲချားမြို့နယ်သည် မောကိုးပြည်ထောင်တွင် ပါဝင်သော မိုးမိတ်စော်ဘွား၏ အဆက်အနွယ်များက ကောဇာသက္ကရာဇ် ၈၆ဝ ခုနှစ်တွင် နောင်အခါ လဲချားဟုခေါ်သော 'လိုင်းခ'မြို့အား ဟိုခိုက်၊ တိုက်ပန်၊ မတ်လန်း အရပ်၌ စတင်တည်ထောင်ခဲ့ပြီး သက္ကရာဇ် ၈၇၉ ခုနှစ်တွင် စဝ်စိတ်လောဝ်က နောင်ဆန်ခါ အရပ်သည် လည်းကောင်း၊ သက္ကရာဇ် ၉၄၆ ခုနှစ်တွင် ခွန်ဆန် မြတ်နိုးက နောက်ဆုံး ယခု မြို့တည်နေရာသို့ ပြောင်းရွှေ့တည်ထောင်ကာ ¤င်း လက်ထက်မှ စတင်၍ လိုင်းခဟု ခေါ်တွင်ခဲ့ သည်။ မှတ်တမ်းများအရ လဲချားမြို့ကို စော်ဘွား ၂၂ ဆက် အုပ်ချုပ်ခဲ့သည်ဟု တွေ့ရှိရသော်လည်း စော်ဘွားစောနေယနှင့် စောခမ်းလင်းတို့ အကြား၌ မဟာဒေဝီတစ်ပါးမှ  ၁၅ နှစ်ခန့် အုပ်ချုပ်ခဲ့ပြီး နောက်ဆုံးစော်ဘွား စဝ်နွံမတိုင်မီ ၄င်း၏အစ်ကို စဝ်စောမောင်က ၈ လခန့် အုပ်ချုပ်ခဲ့ကြောင်းနှင့် ၁၂၇ဝ ခုနှစ်က စဝ်နွံပညာသင်ကြားနေစဉ် မြို့ဝန်ကြီး ဦးလှမှလည်း ၄ နှစ်ခန့် ယာယီအုပ်ချုပ်ခဲ့ကြောင်း သိရှိရပါသည်။
          ရှမ်းဘာသာ လိုင်းခမှ မြန်မာဘာသာ လဲချားမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၇-၁၉၇၂ ရက်စွဲပါ အမိန့်စာအမှတ်၊ ၁ဝ၃ / ၂၄/စိတ်(၁)ဖြင့် လည်းကောင်း၊ ကျေးရွာအုပ်စုများကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၇- ၁၉၇၂ ရက်စွဲပါ အမိန့်စာအမှတ်၊ ၁ဝ၅ / ၄ / စိတ်(၁) ဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။
.
ကျေးသီးမြို့
(လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်)
.
          ကျေးသီးမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅၃ မိနစ်နှင့် ၂၂ ဒီဂရီ  ၅ဝ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၅ မိနစ်နှင့် ၉၈ ဒီဂရီ ၇၈ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၂၄ မိုင်နှင့် တောင်မှ မြောက်သို့ ၄ဝ မိုင် ရှည်လျားကာ ကျေးသီးမြို့နယ်၏ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ ၃၁၂၈ ပေ ဖြစ်ပါသည်။
          ကျေးသီးမြို့နယ်  နမ့်ဟင်ချောင်း  အရှေ့ဘက်တွင် ရွာ ၂ ရွာဖြစ်သော ဝမ်စံနှင့် ဝမ်ကန်(ယခုမြို့တည်နေရာ)နှင့်  အနောက်ဘက်တွင် ပန်းတင်ရွာ၊ နားခါရွာ ပူးပေါင်း၍ ရွာ ၄ ရွာ ထူထောင်ပြီး တစ်ရွာလျှင် သူကြီး တစ်ဦးကျစီ အုပ်ချုပ်ခဲ့ပါသည်။ သူကြီး ၄ ဦးး၏ ခေါင်းဆောင်လုပ်သူမှာ ဝမ်စံရွာတွင် နေထိုင်၍ ကာလကြာမြင့်လာသောအခါ သူကြီး  ၄ ဦးပိုင် ရွာ ၄ ရွာကို အုပ်ချုပ်သူအား အကြောင်းပြု၍  ရှမ်းဘာသာဖြင့်(ဝမ်စံကျယ်စီကော့) ဟု ခေါ်စမှတ်ပြုရာမှ ဝမ်စံကျယ်စီ ဖြစ်လာပြီးနောက် (မန်စံကျေးဆီး)မှ (ကျေးသီးမန်စံ)ဟု ရွေ့လျားခေါ်လာကြောင်း သိရှိရပါသည်။ သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် (ထမုန်ခွက်ရွာ) ဆိုသူမှ မြန်မာဘုရင်ကို ထူးချွန်စွာ စစ်ရေးကူညီပေးမှုကြောင့် မြန်မာဘုရင်မှ မြို့စားရာထူးပေးခဲ့ကြောင်း၊ ၄င်းနောက် ခြသေ့င်္ အလံကို ကေသ(ကေဆ)မှ ကေသီ(ကေဆီဟု ရွေ့လျားခေါ်ဝေါ်ရင်း မန်စံနှင့် ကေဆီပေါင်း၍ မန်စံကေဆီဟု ခေါ်ဆိုလာရာမှ မန်စံကျေးစီးမှ ကျေးသီးမန်စံ ခေါ်လာပြီးနောက် ကျေးသီးမြို့ဟု  ဖြစ်ပေါ်လာရခြင်း ဖြစ်ပါ သည်။ ကျေးသီးမြို့နယ်ကို ပြည်ထဲ ရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ (၂၇-၇-၁၉၇၂)ရက်စွဲပါစာအမှတ်၊ ၁ဝ၃ / ၄၅ / စိတ်(၁)ဖြင့်  ထုတ်ပြန်သည့် အမိန့်ကြော် ငြာစာဖြင့် ဖွဲ့စည်းခဲ့ပြီး မြို့နယ်ရုံးကို ၁၉၆၄ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။
.
မိုင်းကိုင်မြို့
(လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်)
.
          မိုင်းကိုင်မြို့နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင်ရှိ၍ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်တွင် တည်ရှိပါသည်။ မိုင်းကိုင် မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၂၅ မိနစ်နှင့် ၂၂ ဒီဂရီ ဝ၅ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ဝ၈ မိနစ်နှင့် ၉၇ ဒီဂရီ ၅၃ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၁၄၅၉ ဒသမ ၁၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာ ပြင်အထက် ပျမ်းမျှအမြင့် ၃၄၅၁ ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ဆင်တောင်ဖြစ်၍ ပင်လယ်ရေ မျက် နှာပြင်အထက် ၈၁၇၃ ပေ ဖြစ်ပါသည်။
          မိုင်းကိုင်မြို့ကို ရှေးယခင်က နမ့်နိမ့်၊ မန်ပန်း အစရှိသည့် ရွာများ စုပေါင်း၍ ကျေးရွာပေါင်း ၅၇ ရွာအထိ ဖြစ်လာ သောအခါ မိုင်းကိုင်ဟု ခေါ်ဝေါ်လာခဲ့သည်။ 'မိုင်း'မှာ မြို့ဟုအဓိပ္ပါယ်ရ၍ 'ကိုင်' ဆိုသည်မှာ ကြီးကျယ်ခန့်ညားသောမြို့ဟု အဓိပ္ပါယ်ရပါသည်။ ဂေါတမမြတ်စွာဘုရား ရှိစဉ်အခါ ကြိုးကြာငှက်ဖြစ်စဉ်ဘဝက  ဤနေရာ ဤဒေသတွင် ဘေးမသီရန်မခ ကျက်စားခဲ့သောအရပ်ဟု ဘာသာရေးအရ ယူဆခဲ့သော ဒေသလည်း ဖြစ်ပါသည်။ ၃၁၆ ခုနှစ်တွင် ရှမ်းစော်ဘွား ခွန်လုံတိုင်း လက်ထက်မှစ၍ စော်ဘွား ၁၅ ဆက်တိုင် အုပ်ချုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် စဝ်ခွန်နုံစော်ဘွား လက်ထက်တွင် စော်ဘွားအာဏာ စွန့်လွှတ်ကာ လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ၊ မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက် ပြည်သူ့ကောင်စီ အဆင့်ဆင့်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အုပ်ချူပ်ရေးအဆင့်ဆင့် ၏ အုပ်ချုပ်ရေး အဖွဲ့များက အုပ်ချုပ်ခဲ့သည်။
.
ကွန်ဟိန်းမြို့
(လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်)
.
          ကွန်ဟိန်းမြို့နယ်သည် အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၂၅ မိနစ်မှ ၉၈ ဒီဂရီ ၄၆ မိနစ်အကြားနှင့် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၇၅ မိနစ်နှင့် ၂၁ ဒီဂရီ ၃ဝ မိနစ်ကြားတွင် တည်ရှိပါသည်။ မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၁ဝ၆၁ ဒသမ ၂၃ စတုရန်းမိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်  အမြင့် ၁၆၁၅ ပေတွင် တည်ရှိပါသည်။
          ကွန်ဟိန်းဟူသော အမည်နာမကိုရယူ၍ ရွာအဖြစ် တည်ရှိခဲ့သည်မှာ နှစ်အတိအကျ ဖော်ပြနိုင်စွမ်း မရှိသော်လည်း၊ မြန်မာသက္ကရာဇ် ၁၁၇၈ ခုနှစ်မတိုင်မီ အချိန်ကာလခန့်က ဖြစ်မည်ဟု ခန့်မှန်းရပါသည်။ အစ ကနဦးတွင် ကွန်ဟိန်းဟူ၍ မခေါ်တွင်မီက ၄င်းနေရာ တွင် (ထိုစဉ်တံတားမရှိသေးပါ) နမ့်ပန်ချောင်းကို နွားလှည်းများ ဖြတ်ကူးရာ၌ ဖောင်ဖြင့်ဖြတ်ကူး ရသဖြင့် လှည်းစခန်းချသည့်နေရာ တစ်ခုသာဖြစ်ခဲ့ပါသည်။ ထိုမှ တစ်ဆင့် လှည်းများ အသွားအလာ များပြားလာသည့် အလျောက် စခန်းအဖြစ်မှ လူနေအိမ်များ စတင်ဆောက်လုပ်နေထိုင်ခဲ့ရာ၊ တစ်စတစ်စ လူနေအိမ်များ တိုးတက်လာခဲ့ပြီး၊ ရွာအ ဆင့်သို့ ရောက်ရှိလာလေသည်။ ထိုသို့ ရွာအဖြစ်ရောက်ရှိ လာသည့်အချိန်၌ ရွာအမည်ကို ကွန်ဟိန် ရှမ်းဘာသာဖြင့် (ကွန်- ဆိုသည်မှာ ကျွန်း၊ ဟိန်- ဆိုသည်မှာ တစ်ထောင်၊ ကွန်ဟိန် ဆိုခြင်းဖြင့် ဤရွာတည်ရာ ချောင်းအထက်နှင့် အောက်တွင် တည်ရှိသော ကျွန်းကြီး ကျွန်းငယ်ပေါင်းတစ်ထောင်) ကို အမှီပြုပြီး ကျွန်းတစ်ထောင်ရွာ (ဝါ) ရှမ်းအခေါ် ကွန်ဟိန်ဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကာလရွေ့လျားလာသည့်နှင့်အမျှ ကွန်ဟိန်မှ ကွန်ဟိန်း ဟူ၍ ခေါ်ဝေါ် သုံးစွဲခဲ့ကြပါသည်။
          ကွန်ဟိန်းမြို့နယ်ကို ရပ်ကွက် ၅ ခု၊ ကျေးရွာ အုပ်စု ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၁၉၃ ရွာဖြင့် ပြည်ထဲရေးနှင့်သာ သနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၇-၇-၁၉၇၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်း သတ်မှတ်ခဲ့ပါသည်။
.
လင်းခေးမြို့
(လင်းခေးခရိုင်၊ လင်းခေးမြို့နယ်)
.
          လင်းခေးမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၅ မိနစ်နှင့် ၂ဝ ဒီဂရီ ၃ဝ မိနစ်ကြား အရှေ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၅ မိနစ်နှင့် ၉၈ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိပြီး အရှေ့မှ အနောက်သို့ ၄ဝ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၆၂ မိုင် ရှည် လျားပါသည်။ အကျယ်အဝန်းမှာ ၉၇၆ ဒသမ ၉၂၃ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပျမ်းမျှအမြင့် ၉၉၆ ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လွိုင်စလေတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၆ဝ၃ဝ ပေ ဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံးအရပ်ဒေသမှာ ဝမ်စလောင်းကျေးရွာ ဖြစ်ပါသည်။
          လင်းခေးမြို့နယ်အား လင်းခေးဟုခေါ်ဆိုခဲ့သည်မှာ နှစ်ပေါင်းများစွာက ယခုလင်းခေး တည်ဆောက်သည့် နေရာတွင် ကျားဆိုးများ ပေါသဖြင့် ၄င်းကျားဆိုးများ၏ ရန်စွယ်မှ ကာကွယ်နိုင်ရန်အတွက် သစ်ပင်ကြီးများပေါ်တွင် နွယ်ကြိုးများဖြင့် လင့်စင်ထိုးပြီး နေထိုင်ကြ ရသည်ကို အစွဲပြုကာ ရှမ်းဘာသာဖြင့် လန်းဆိုသည်မှာ လင့်စင်ဖြစ်ပြီး ခေး(ခ်)မှာ နွယ်များဖြစ်၍ ရှမ်းဘာသာ လန်းခေး(ခ်)မှ မြန်မာအသံထွက်ဖြင့် လင်းခေးဟု ခေါ်ခဲ့ခြင်းဖြစ်ပါသည်။ လင်းခေးမြို့နယ်အား ပြည်ထဲရေးဝန်ကြီး ဌာန၏ ၂၇-၂-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃ / ၅၄ / ဘီစီ (၁) ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ မြို့နယ်အဖြစ် သတ် မှတ်ခဲ့ပါသည်။
.
မိုးနဲမြို့
(လင်းခေးခရိုင်၊ မိုးနဲမြို့နယ်)
.
          မိုးနဲမြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၂ဝ မိနစ်နှင့် ၂ဝ ဒီဂရီ ၅ဝ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၉ မိနစ်နှင့် ၉၈ ဒီဂရီ ၂၉ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၅၈ မိုင်နှင့် တောင်မှ မြောက်သို့ ၂၂ မိုင် ရှည် လျားပါသည်။ ဧရိယာစတုရန်းမိုင် ၁၂၄၅ ဒသမ ၄၃ မိုင် ကျယ်ဝန်းကာ ပင်လယ်ရေ မျက်နှာပြင်အထက်အမြင့် ၃၁၇၉ ပေ အထက်တွင် တည်ရှိ ပါသည်။
          ရှေးနှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်က ရမ္မဝတီပြည်တွင် ခွန်သီဟ (ကေသရာဇာ)ခြင်္သေ့မင်း အုပ်စိုးလျက်ရှိပြီး ဟံသာ နာဂရပြည် သီရိ သုဓမ္မာမင်းကြီး၏ သမီးတော် မြနန္ဒာနှင့် အကြောင်းပါခဲ့ရာ စတုရမ္မမင်းသားဖွားမြင်ခဲ့ပြီး ထိုမင်းသားအရွယ် ရောက်၍ မုဆိုးများ၏ တောင်းဆိုချက်အရ မုဆိုးရွာ၌ သွားရောက်အုပ်ချုပ်ခဲ့ပြီး ဂန္တာရဝတီတိုင်းပြည်သူဌေးကြီး၏ သမီး ၁၂ ယောက်နှင့် ထိမ်းမြှားလက်ထပ်ခဲ့ကာ အကြီးဆုံးမင်းသမီးအား မိဖုရားကြီးအဖြစ် တင်မြှောက်ခဲ့ပါသည်။ စတုရမ္မမင်း ဥယျာဉ်အား တာနောယက္ခ ဘီလူးမင်းမှ သမင်ဟန်ဆောင်ဖျက်ဆီး၍ သမင်နောက်လိုက်ခဲ့ရာ တောတွင်း၌ ဘီလူးမက လူဟန်ဆောင်၍ စားသောက်ဖွယ်ရာများဖြင့်ကျွေး မွေးဖွားခဲ့သည်။ ဘီလူးမအား ကတိစကားအတိုင်းပင် မိဖုရားတင်မြှောက်ခဲ့ရာ ညအခါ ဘီလူးမ သည် လူမိဖုရားများဆောင်သို့ တိတ်တဆိတ် ဝင်ရောက်ပြီး လူမိဖုရားများ၏ မျက်လုံးများကို ထိုးဖောက်ကန်းစေပြီးနောက် စုန်းမ များ ဖြစ်ကြောင်း ကုန်းချောသဖြင့် မင်းသမီး ၁၂ ဖော်သည် မြို့အနောက်ဘက်ဂူကြီး တစ်ခုတွင် သွားရောက်နေထိုင်ခဲ့ရပါသည်။ သားငယ် ၁၂ ပါး ဖွားမြင်ကြပြီး အစာရေစာ ငတ်ပြတ်ကြ၍ မိမိတို့ သားငယ်များကို တစ်လှည့်စီ သတ်ဖြတ်စားသောက်ခဲ့ရာ အငယ်ဆုံး မင်းသမီး၏ သားငယ်တစ်ပါးသာ ကျန်ခဲ့ပါသည်။ ၄င်းမင်းသမီး၏သားတော် အရွယ်ရောက်သော် ဘီလူးမကြီး၏ သမီးထံမှ ဝိဉာဉ်ကြိုးနှင့် ကြီးတော်များ၏ မျက်လုံးများအား ပြန်ယူပြီး တပ်ဆင်ပေးခဲ့၍ မျက်စိအလင်းပြန်ရခဲ့ပါသည်။ စတုရမ္မ မင်းကြီးထံ သွားရောက်၍ အကြောင်းစုံ တင်လျှောက်ကာ ယူဆောင်လာသော ဝိညာဉ်တို့ဖြင့် ဘီလူးမကြီးအား ဖမ်းချုပ်သေဆုံး စေခဲ့ပါသည်။ ဘီလူးမဝင်ရောက်မွှေနှောက် အာဏာလွှမ်းမိုးသဖြင့် ဘီးလူးမြို့ ရှမ်းဘာသာဖြင့် မိုင်းဖိုင်းဟု ခေါ်တွင်ရာမှ ကာလ ရွေ့လျား၍  မိုင်းနိုင်း 'မိုးနဲ'ဖြစ်လာခဲ့ပါသည်။
.
မောက်မယ်မြို့
(လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်)
.
          မောက်မယ်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၅ မိနစ်နှင့် ၂ဝ ဒီဂရီ ၃ဝ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃ဝ မိနစ်နှင့် ၉၇ ဒီဂရီ ၄၅ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၂၈ မိုင်ရှည်လျားပြီး တောင်မှမြောက်သို့ ၄၈ မိုင်ရှည်လျားပါသည်။ ဧရိယာ အကျယ်အဝန်းမှာ ၉၄၅ ဒသမ  ၆၈၆ စတုရန်းမိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၁၆၃ဝ ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လွိုင်လုံတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၅၆ဝ၃ ပေ ဖြစ်ပါသည်။
          မောက်မယ်မြို့နယ် ပုန်းလောရွာအရှေ့ဘက် ၂ ဖာလုံခန့်အကွာတွင် ဘုရင်မတစ်ပါး အုပ်ချုပ်ခဲ့ပါသည်။ ဟင်းနုနွယ်ဟင်းကို စားသုံးလိုသည့်အတွက် စားတော်ကဲက ဆင်ဖြူတော် ကျက်စားရာ ဟင်းနုနွယ်တောမှ ဟင်းနုနွယ် ရွက်များကို ခူးယူ၍ ပွဲတော်ဆက်သရာ ပွဲတော်တည်ပြီး မကြာမီ ပဋိသန္ဓေရှိလာကာ နေ့လစေ့၍ မင်းသမီးတစ်ပါး ဖွားမြင်လာခဲ့ပါသည်။ ဟင်းနုနွယ်ဟင်းစားပြီး ပဋိသန္ဓေတည်ခြင်းကို အစွဲပြု၍ မင်းသမီးလေး၏ အမည်ကို နန်းဖတ်ခုံဟု အမည်တွင်ခဲ့ပါသည်။ ယင်းမင်းသမီးလေးသည် ဖခင် ဆင်မင်းထံ သွားရောက်နေထိုင်စဉ် ဆင်မင်းမှာ မုဆိုးလိုက်၍ ထွက်ပြေးရာမှ မင်းသမီးလေးကို လွိုင်မွန်းတောင်ပေါ်ရှိ ရသေ့ကျောင်းဝန်းအတွင်း ချထားသဖြင့် ရသေ့ကြီးမှ ကောက်ယူ မွေးစားခဲ့ပါသည်။ ယင်းအချိန်တွင် ကယားပြည်နယ်မှ မင်းသားလေးတစ်ပါးသည် တောလည်လာရာမှ အဖော်များနှင့် ကွဲ၍ မပြန်နိုင်တော့ဘဲ ရသေ့ကြီးမှ မွေးစားခဲ့ပါသည်။ သားတော်၊ သမီးတော် ၂ ပါးအရွယ် ရောက်လာသော် ရသေ့ကြီးမှ ထိမ်းမြား လက်ထပ်ပေးပြီး ယခု တောင်မြို့ရပ်ကွက်တွင် မြို့သစ် တည်၍ အုပ်ချုပ်စေခဲ့ပါသည်။ မြို့၏ အမည်ကို ထိမ်းမြားလက်ထပ်စဉ်က ဘိသိက်မြောက်ပေးသော ခေါင်ရမ်းပန်း အနီကို ရှမ်းဘာသာဖြင့် 'မွဂ်မံ' ဟု ခေါ်ခြင်းအပေါ် အစွဲပြု၍ မောက်မယ်ဟုခေါ် တွင်ခဲ့သည်။ မောက်မယ်မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဌာန၏ ၂၇-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃/ ၅၄ /စိတ် ၁ ၏ ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။
.
မိုင်းပန်မြို့
(လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်)
.
          မိုင်းပန်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၅ မိနစ်နှင့် ၂ဝ ဒီဂရီ ၂၅ ကြား အရှေ့လောင်ဂျီတွဒ် ၉ဝ ဒီဂရီနှင့် ၉၈ ဒီဂရီကြားတွင် တည်ရှိကာ မြို့နယ် ဧရိယာစတုရန်းမိုင်မှာ ၉၅ဝ ဒသမ ၁၅၆ မိုင်ဖြစ်ပြီး ပင် လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၂၂၂၂ ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ နားမွန်ကျေးရွာအုပ်စုရှိ လွိုင်ကျိုဖတ်တူဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၅၈၈၃ ပေ ဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံးအရပ်ဒေသမှာ တာဆန်းကျေးရွာ ဖြစ်ပါသည်။
          မိုင်းပန်မြို့နယ်သည်လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဒေသတွင် အင်းကြီးတစ်ခုတည်ရှိပြီး အလယ်တွင် ကျွန်းမျော ကြီးတစ်ခု တည်ရှိပါသည်။ ¤င်းကျွန်းမျောသည် ရေလယ်တွင် ရွေ့လျားလည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။ ၄င်းကျွန်း မျောကြီး လည်ပတ်နေသည်ကို အစွဲပြု၍ ရှမ်းဘာသာဖြင့် မိုင်းပန်၊ မြန်မာဘာသာဖြင့် လည်နေသောမြို့ဟု အဓိပ္ပါယ် ရရှိပါသည်။ မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်က အလောင်းမင်းတရားကြီးသည် ထိုင်းနိုင်ငံသို့ စစ်ချီတက်ရာတွင် မိုင်းပန်ဒေသကို မိုင်းပန်မြို့ဟု သတ်မှတ်ခဲ့ပါသည်။ ယခင်က ကျွန်း မျောကြီးဟု ယူဆရသော နောင်လုံကျေးရွာအနီးရှိ နောင်လုံအင်းအတွင်း၌ ဗုဒ္ဓရုပ်ပွား တော်များ၊ မိုင်းပန်မြို့ သမိုင်းဝင် နန်းယီဆိုင်ကော်ပုံတူများ တည် ထားလျှက် မြို့သမိုင်းကို ထိန်းသိမ်းထားရှိပါသည်။ မိုင်းပန်မြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၇-၁၉၇၂ ရက်စွဲပါအမိန့်စာဖြင့် ဖွဲ့စည်းခဲ့ပါသည်။
.
လားရှိုးမြို့
(လားရှိုးခရိုင်၊ လားရှိုးမြို့နယ်)
.
          လားရှိုးမြို့နယ်သည် မြောက်လတ္တတွဒ် ၂၂ ဒီဂရီ ၃၆ မိနစ် ၅၃ စက္ကန့်နှင့် ၂၃ ဒီဂရီ ၄ မိနစ် ၂၇ စက္ကန့်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၁ မိနစ် ၁ဝ စက္ကန့် နှင့် ၉၈ ဒီဂရီ ၃၃ မိနစ် ၄၈ စက္ကန့်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၁၆၃၃ ဒသမ  ၄၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ၆၁ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၄ မိုင် ရှည်လျားကာ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၂၈ဝ၆ ပေ အထက်တွင် တည်ရှိပါသည်။
          လားရှိုးမြို့သည် ဒေသခံရှမ်းသက်ကြီးရွယ်အိုများ ထံမှ စုံစမ်းမေးမြန်းချက်အရ လားရှိုးမြို့တွင် လားရှိုးကြီးနှင့် လွယ်ရိုးဟူ၍ ‌ဒေသခံများက ခေါ်ဝေါ်ကြပါ သည်။ လားရှိုးမြို့၏ မူလနေရာသည် ယခု လားရှိုးကြီး ရပ်ကွက်တွင် တည်ရှိသော ရွာကလေး တစ်ရွာမျှသာ ဖြစ်ပြီး နမ့်ယော်ချောင်းထဲသို့ စီးဝင်သော လက်တက်တစ်ခု ဖြစ်သည့် (နမ့်သျှို)ချောင်းအနီးတွင် တည်ရှိပါသည်။ အဆိုပါချောင်းကို အစွဲပြု၍ လိုင်လျှိုရွာဟု ခေါ်ဆိုခဲ့ပါသည်။ နောင်တွင် အသံ‌ပြောင်းလဲလားပြီး လားရှိုးဟု ဖြစ်လာခဲ့ပါသည်။ ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်(ခေါ်) မြေဒူးမင်း လက်ထက်ဖြစ်ပွားသော တရုတ်- မြန်မာစစ်ပွဲ သက္ကရာဇ်-၁၇၆၇ တွင် လားရှိုးသည် စစ်တမ်းထောက်ရွာအဖြစ် စတင်တွေ့ရှိရခြင်းကြောင့် ယင်းနှစ်မတိုင်မီကပင် တည်ရှိခဲ့သည်ဟု ယူဆရပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၃၁-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃/ ၃၈ / စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လားရှိုးကို မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထို့အတူ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ ၃-၉-၁၉၇၇ ရက်စွဲပါ စာအမှတ်၊ ၃/ ၂၅၇/ အထ(၂) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လားရှိုးမြို့နယ်ကို ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၇၈ အုပ်စုနှင့် ကျေးရွာ ၅၃၈ ရွာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီး ဌာန၏ ၂၈-၃-၂ဝ၁၁  ရက်စွဲပါ စာအမိန့်ကြော်ငြာစာဖြင့် လားရှိုးမြို့နယ်ကို ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၇၅ အုပ်စု၊ ကျေးရွာ ၄၉ဝ ရွာဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။
.
သိန္နီမြို့
(လားရှိုးခရိုင်၊ သိန္နီမြို့နယ်)
.
          သိန္နီမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ဝ၆ မိနစ်နှင့် ၂၃ ဒီဂရီ  ၂၃ မိနစ်အကြား အရှေ့လောင်ဂျီတွဒ်  ၉၇ ဒီဂရီ ၃၉ မိနစ်နှင့် ၉၈ ဒီဂရီ ၃ဝ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၅၄ ဒ ၄ မိုင်နှင့် တောင်မှ မြောက်သို့ ၁၉ ဒသမ ၆ မိုင် ရှည်လျားပါသည်။ သိန္နီမြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ ၄၇၂ ဒ ၉ဝ မိုင် ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်  ၂၁ဝဝ ပေ အထက်တွင် တည်ရှိပါသည်။
          သိန္နီမြို့နယ်သည် မြန်မာသက္ကရာဇ် ၃၁၉ ခုနှစ် တွင် စပ်ရှိန်ဖ၏ သားတော် စပ်ဖဖိုင်ခမ်းမှ စတင် တည်ထောင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၄၃ ခုနှစ်တွင် ထပ်မံတည်ထားခဲ့ပါသည်။ မြို့၏ အမည်အရင်းမှာ ဝိန်းကျဲ ဖြစ်ပါသည်။ ရှေးယခင်က ဘုရားပွဲကျင်းပရာတွင် ငှက်ပျောသီး အဖီးတစ်သိန်း လှူဒါန်းရာမှ သျှင်ဝီဟု ခေါ်ဆိုခဲ့ပြီးနောက်တွင် သိန္နီဟု အမည်ရွေ့ လျားလာကြောင်း၊ စော်ဘွားသားစဉ်မြေးဆက် နှစ်ပေါင်း ၁ဝဝ တိုင် စိုးစံခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီ တက်ပြီးနောက် စော်ဘွားများ အာဏာစွန့်ချိန်အထိ သိန္နီမြို့နယ်အား စော်ဘွားကြီး စပ်ဟုန်ဖမှ အုပ်ချုပ်ခဲ့ပါသည်။
.
တန့်ယန်းမြို့
(လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်)
.
          တန့်ယန်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂၉ မိနစ်နှင့် ၂၂ ဒီဂရီ ၅၈ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၄ဝ မိနစ်နှင့် ၉၉ ဒီဂရီ ၂ဝ မိနစ် အကြားတွင် တည်ရှိပါသည်။ တန့်ယန်းမြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၁၈၁၈ ဒသမ ၈၄ စတုရန်းမိုင် ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၁၁၆ ပေ တွင် တည်ရှိပါသည်။
          တန့်ယန်းမြို့နယ်သည် မြန်မာသက္ကရာဇ် ၁၃ဝ၄ ခုနှစ် မတိုင်မီက တန့်ယန်းဟု ခေါ်ဝေါ် သမုတ်ခြင်း မရှိသေးပါ။ ယခင်ကာလတွင် ကျေးရွာအုပ်စု အသင့်အတင့်သာရှိပြီး မြို့စား၊ နယ်စားများက ပဒေသရာဇ် စနစ်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ မြို့တည်နေရာဒေသသည် ချိုင့်ဝှမ်းဒေသတွင် တည်ရှိခြင်းကြောင့် ချိုင့်ဝှမ်းကို ရှမ်းဘာသာဖြင့် (ခုပ်ယမ်း) ၊ (တုန်ယမ်း) ၊ (တုန့်ယမ်း) စသည်ဖြင့် အဓိပ္ပါယ် သက်ရောက်ပြီး ကာလရွေ့လျားသောအခါ တန့်ယန်းဟု ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ တစ်ဖန် နှုတ်ဒဏ္ဍာရီများအရ ရှေးအခါက လူရိုင်းများသည် ဆင်ကြီးတစ်ကောင်ကို လိုက်လံရှာဖွေ သတ်ဖြတ်ပြီး ချက်ပြုတ်စား သောက်ခဲ့ရာမှ ဝမ်းဗိုက်နာခြင်း၊ ဝမ်းတွဲကျခြင်းများ ရှိခဲ့သောနေရာကို တောင့်ယန်းဟု သတ်မှတ်ခဲ့ကြောင်း၊ ၄င်းမှ တစ်ဆင့် ပြောင်းလဲကာ တန့်ယန်းဟု ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုပါသည်။ ၁၃ဝ၄ ခုနှစ်မတိုင်မီ က တန့်ယန်း၏ နယ်နိမိတ် အကျယ်အဝန်း မှာ ယခုလက်ရှိ တန့်ယန်းမြို့ ၁ဝ ရပ်ကွက်နှင့် ၆ မိုင် ပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု များသာ ဖြစ်ပါသည်။ ၄င်းကို စဝ်မိန်း(ခေါ်) မြို့စားငယ်များက အုပ်ချုပ်ခဲ့ကြပါသည်။ တန့်ယန်းမြို့သည် ယခင်က သိန္နီစော်ဘွားပိုင် ဖြစ်ပြီး မိုင်းရယ်မြို့နယ်၏  လက်အောက်ခံ မြို့စား အဆင့်ဆင့်ဖြင့် ၁၉၅၈ ခုနှစ်ထိ အုပ်ချုပ်ခဲ့သော မြို့ ဖြစ်ပါသည်။
.
မိုင်းရယ်မြို့
(လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်)
.
          မိုင်းရယ်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ နှင့် ၂၃ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီနှင့် ၉၈ ဒီဂရီအကြားတွင် တည်ရှိပြီး၊ အရှေ့မှ အနောက်သို့ ၄၄ မိုင်နှင့် တောင်မှ မြောက်သို့ ၄၈ မိုင် ရှည်လျားပါသည်။မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ ၈၃၃ ဒသမ ၁၉ မိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၂၉ဝ၂ ပေ အထက်တွင် တည်ရှိပါသည်။
          မိုင်းရယ်မြို့နယ်သည် တောင်သိန္နီစော်ဘွားများ အစဉ်အဆက် အုပ်ချုပ်ခဲ့သောမြို့ ဖြစ်ပါသည်။ မိုင်းရယ် မြို့နယ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ ၁ဝ-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃၊ ၃/ စိတ် (၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လည်း ကောင်း၊ ကျေးရွာအုပ်စုများကို ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဌာန၏ ၁၄-၆-၁၉၇၂ ရက်စွဲပါစာအမှတ်၊ ၁ဝ၅/ ၂/ စိတ်(၁)ဖြင့်လည်းကောင်း ဖွဲ့စည်းအတည်ပြုခဲ့ပါသည်။
.
ကွမ်းလုံမြို့
(လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်)
.
          ကွမ်းလုံမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၂၅ မိနစ်နှင့် ၂၈ စက္ကန့်ကြား၊  အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၃၆ မိနစ်နှင့် ၂၅ စက္ကန့်ကြားတွင် တည်ရှိပါသည်။ မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၃၇၉ ဒသမ ၃၉ စတုရန်း မိုင်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၁၄၁၃ ပေ အမြင့်တွင် ရှိပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံး တောင်မှာ တာရွှေထန်တောင်(ကွမ်းလုံ)ဖြစ်ပြီး အမြင့်ပေ ၇၁၇၁ ပေ ရှိပါသည်။ မြို့နယ်၏ အမြင့်ဆုံး အရပ်ဒေသမှာ ပြိန်းရဲကျေးရွာအုပ်စုရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (တယ်လီဖုန်း) စခန်းဖြစ်ပြီး အနိမ့်ဆုံးအရပ်ဒေသမှာ ကွမ်းလုံမြို့ ဖြစ်ပါသည်။
          ကွမ်းလုံမြို့နယ်ကို ပဒေသရာဇ်အချိန်က စော်ဘွားများ အုပ်ချုပ်ခဲ့ကြပါသည်။  ကွမ်းလုံမြို့နယ်၏ မူရင်းဇစ်မြစ်မှာ ကွမ်းလုံဟူ၍ ဖြစ်ပြီး ကျွန်းကြီးဟု အဓိပ္ပါယ်ရပါသည်။ သံလွင်မြစ်နှင့် နမ့်တိန်ချောင်းတို့ ပေါင်းဆုံရာတွင် ဖြစ်ပေါ်လာသော ကျွန်းကြီးကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၆၂ ခုနှစ်တွင် ကွမ်းလုံမြို့နယ်၌ နယ်ခြားခရိုင်ဝန်ရုံး စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လက်အောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။
.
မူဆယ်မြို့
(မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်)
.
          မူဆယ်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၃၅ မိနစ်နှင့် ၂၄ ဒီဂရီ ဝ၈ မိနစ်ကြား အရှေ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၅ မိနစ်နှင့် ၉၈ ဒီဂရီ ၃၇ မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၅၈ဝ ဒသမ ၅၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ၅၂ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၂၆ မိုင် ရှည်လျားပါသည်။ မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၅၈ဝ ဒ ၅၇ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၂၇ဝဝ ပေ အထက်တွင် တည်ရှိပါသည်။
          ကောဇာသက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် မူဆယ်မြို့တည် နေရာသည် ဆူးနှင့် ချုံပုတ်များ ကျိုးတိုးကျဲတဲဖြင့် ပေါက်နေသည့်  တောင်ကုန်းတောင်စွယ်လေးသာ ဖြစ်ပါသည်။ မူဆယ်မြို့၏ တောင်ဘက်၌ နမ့်လိုင်၊ မန့်ဟန် ရွာသူရွာသားများနှင့် အရှေ့ဘက်ရှိ နမ့်ခုမ်၊ နမ့်ပန်းကျေးရွာများမှ မိုင်းမော(ရွှေလီ)ဈေးသို့ သွားရာတွင် အနားယူ အပန်းဖြေစခန်းကလေး တစ်ခုသာ ဖြစ်ပါသည်။ ထိုနေရာသည် လေကောင်းလေသန့် ရရှိပြီး သာယာတင့်မောဖွယ် နေရာဖြစ်၍ မူဆယ်မြို့၏ အနောက်ဘက်ရှိ ကောင်းဟို ခမ်းမြို့မှ ခွန်ပန်ခမ်းဟု အမည်ရှိသော စော်ဘွားနွယ်ဝင် တစ်ဦးသည် မုံးကိုး၊ မိုင်းမော၊ ဟတ်ဟင် ဈေးစွန်တစ်ဝိုက်ရှိ ရင်းနှီး သောသူများအား စည်းရုံး၍ ကျေးရွာတစ်ခုကို စတင် တည်ထောင်ခဲ့ကြောင်း သိရှိရ ပါသည်။ စတင်တည်ထောင်သည့်နေရာမှာ ယခုအခါ တောင်ရပ်ကွက် အန္တရာယ်ကင်း ပရိတ်စင်၏ အနီးတစ်ဝိုက်တွင် ဖြစ်ကြောင်း သိရှိရပါသည်။ ရွာတည် ချိန်တွင် အိမ်ခြေ ၈ အိမ်သာရှိကြောင်း သိရပါသည်။ ယင်းနေရာမှ တဖြည်းဖြည်းနှင့် လူနေအိမ်ခြေများ တိုးတက်များပြားလာသည့်အလျောက် ခွန်ပန်ခမ်းကို မြို့စားအဖြစ် တင်မြှောက်လျက် ယင်းကျေးရွာကို မူစယ်ဟု မှည့်ခေါ်ကြပါသည်။ မူစယ်၏အဓိပ္ပါယ်မှာ 'မူ' ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပြီး မြန်မာလို အဓိပ္ပါယ်မှာ စည်ကားသော စုစည်းသော 'စယ်' ဆိုသည်မှာ မြို့၊ 'မူစယ်' စည်ကားသောမြို့ ဟူ၍ ဖြစ်ပါ သည်။ နောင်တွင် ကာလရွေ့လျားလာသောအခါ 'မူစယ်'မှ 'မူဆယ်' ဟု ခေါ်တွင်ခဲ့ကြောင်း သိရှိရပါသည်။
.
နမ့်ခမ်းမြို့
(မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်)
.
          နမ့်ခမ်းမြို့နယ်သည် မြောက်လတ္တီတွဒ်၂၃ ဒီဂရီ ၄၉ မိနစ်နှင့် ၂၄ ဒီဂရီ ၂၅ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄ဝ မိနစ်နှင့် ၉၈ ဒီဂရီကြား တည်ရှိပြီး မြို့နယ်၏ အကျယ်အဝန်းမှာ ၄၆၆ ဒသမ ၈၅ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာ သွင်ပြင်အထက် ပျမ်းမျှအားဖြင့် ၂၄၈၉ ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ပန်မောင်းတောင်ဖြစ်ပြီး ၇၇၄၁ ပေ ဖြစ်ကာ အနိမ့်ဆုံးအရပ်ဒေသမှာ ဟင်လုံရွာဖြစ်ပြီး ၂၄၅ဝ ပေ ဖြစ်ပါသည်။
          နမ့်ခမ်းမြို့နယ်၏ သမိုင်းမှာ နမ့်ခမ်းဖေါင်ချောင်းထဲ၌  ကျောက်၊ သဲ၊ သဲမှုန့်၊ ရွှံ့နွံများနှင့်အတူ ရွှေမှုန်ကလေးများ ရောနှော၍ ပါလာသည့်အတွက် ချောင်းအမည်ကို  နမ့်ခမ်းဖောင်ချောင်း (ရွှေမှုန်ချောင်း)ဟု အမည်ပေး ကင်ပွန်းတပ် ခေါ်ကြ လေသည်။ ထိုချောင်းကမ်းနံဘေး တွင် ကောဇာသက္ကရာဇ် ၁၁ဝ၇ ခုနှစ်၌ ရွာကို စတင် တည်ကြသဖြင့် မန့်နမ့်ခမ်း (ရွှေရည်ရွာ) ဟု နာမည် တပ် ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။ သက္ကရာဇ် ၁၁၃၉ ခုနှစ်(စဥ့်ကူးမင်း) ထီးနန်းစိုးစံစဉ် နမ့်ခမ်းရွာကို ဦးပေါ်ဆီးမှ (ဟိန်) အဖြစ် ကွပ်ကဲအုပ်ချုပ်ကာ ရွာကိုလည်း  မြို့အဖြစ် သတ်မှတ်ပေးပြီး ရှမ်းအခေါ် (ဝိန်းနမ့်ခမ်း)ဟု ခေါ်ဝေါ် သမုတ်ခဲ့ပါ သည်။ သက္ကရာဇ် ၁၁၃၉ မှ စ၍ ၁၂၄၇ ခုနှစ် သီပေါမင်း ပါတော်မူသည်အထိ   နမ့်ခမ်းမြို့နယ်ကို  (ဟိန်)  စော်ဘွား အုပ်ချုပ်ခဲ့ပါ သည်။သက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဗြိတိသျှခေတ်၊ ကိုလိုနီခေတ်၊ လက်အောက်ရှိစဉ် သိန္နီစော်ဘွား လက်အောက်ခံမြို့စားအဖြစ် အုပ်ချုပ်ခဲ့ ပါသည်။ ၁၃ဝ၄ ခုနှစ်တွင် ဂျပန်တပ်များ ဝင်ရောက်လာပြီး နမ့်ခမ်းမြို့အား စစ်အုပ်ချုပ်ရေးစနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့ပါ သည်။ ကောဇာသက္ကရာဇ် ၁၃ဝ၆ ခုနှစ်မှစ၍ ၁၃ဝ၉ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်အထိ နမ့်ခမ်းမြို့အား မြို့စားအဆင့် ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ ခေတ်အဆက်ဆက် ပြောင်းလဲအုပ်ချုပ်ခဲ့ပါသည်။
          ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၁ဝ-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃ / ၃၈ / စိတ် ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ နမ့်ခမ်း မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။
.
ကွတ်ခိုင်မြို့
(မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်)
.
          ကွတ်ခိုင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၅ ဒီဂရီ ၁၄ မိနစ်နှင့် ၂၄ ဒီဂရီ ၂၅ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ  ၃၅ မိနစ်နှင့် ၉၈ ဒီဂရီ ၃၉ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၅၉ မိုင်နှင့် တောင်မှ မြောက်သို့ ၅၂ မိုင် ရှည်လျားပါသည်။ ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ ၂၇၅၉ ဒသမ ဝဝ၃ မိုင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၄၄၂၉ ပေတွင် တည်ရှိပါသည်။
          ကွတ်ခိုင်မြို့နယ် ဒေသအတွင်း ချောင်း၊ မြောင်းများသည် မြောက်ဘက်မှ တောင်ဖက်သို့ အကွေ့အကောက်များစွာဖြင့် စီးဆင်း၍ ရှမ်းဘာသာဖြင့် ကွတ် နမ့်ခိုင်ဟု ခေါ်ကြောင်း၊ 'ကွတ်'မှာ ကွေ့ကောက်ခြင်း၊ 'နမ့်'မှာ ရေဖြစ်ပြီး 'ခိုင်'မှာ ရောင်းချခြင်း ဖြစ်၍၊ ရောင်းဝယ် ဖောက်ကားသူများ အသုံးပြုသည့် ကောက်ကွေ့သော ရေချောင်း ၊ 'ကွတ်နမ့်ခိုင်'မှ 'နမ့်'ကို ချန်လှပ်၍ 'ကွတ်ခိုင်'ဟု ခေါ်ဝေါ်ခဲ့ကြောင်း သိရပါသည်။ ၁၈၈၆ ခုနှစ်တွင် ဗန်းမော်ဒေသမှ ကချင်လူမျိုးများ ရောက်ရှိအခြေစိုက် နေထိုင်ရာ မှ လူနေအိမ်တိုးပွား၍ မြို့ဖြစ်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ကွတ်ခိုင် မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဌာန၏ ၁၅-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃ / ၃၈ / စိတ် ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။
.
ကျောက်မဲမြို့
(ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်)
.
          ကျောက်မဲမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂၈ မိနစ် ၃ဝ စက္ကန့်နှင့် ၂၃ ဒီဂရီ ဝဝ မိနစ်၊ ဝဝ စက္ကန့်အကြား အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂ဝ မိနစ်၊ ၃ဝ စက္ကန့်နှင့် ၉၇ ဒီဂရီ ၂၁ မိနစ်၊ ၁၅ စက္ကန့်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၄၈ မိုင်နှင့် တောင်မှ မြောက်သို့ ၃၃ မိုင်ရှည်လျားပါသည်။ ကျောက်မဲမြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ ၁၆၆၂ ဒသမ ၄ မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၂၅ဝ၆ ပေတွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ရွှေနတ် တောင်ဖြစ်၍ အနိမ့်ဆုံးအရပ်ဒေသမှာ နမ့်ဟူးတောင်းကျေးရွာ ဖြစ်ပါသည်။
          ခရစ်သက္ကရာဇ် ၁၉ဝ၂ ခုနှစ် မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်နေ့တွင် ယခင်ကျွဲကုန်းကျေးရွာနှင့် ကျောက်မဲကြီးကျေးရွာကြား မီးရထားဘူတာနှင့် အနီးဆုံးနေရာတွင် သီပေါစော်ဘွား ဆာစောချယ်၊ လားရှိုးအရေးပိုင် မစ္စတာ ဘွန်တန်၊ ကျွဲကုန်းနယ်ပိုင် ဦးခွန်ထွန်း၊ ကျောက်မဲနယ်ပိုင်ကြီး ဦးဆံတို့မှ ပန္နက်ရိုက်၍ မြို့တည်ပေးခဲ့ပြီး ထိုအချိန်က နမ့်တုံမြို့ သစ်ဟုသာ ခေါ်ဝေါ်ခဲ့၏။ နောက်ပိုင်းတွင် ဈေးနေရာတွင် တွေ့ရှိရသော မာဟင်လန် (ခေါ်) ကျောက်တုံးမဲများကို အစွဲပြု၍ မြန်မာဘာသာဖြင့် ကျောက်မဲဟုခေါ်ကြောင်း သိရပါသည်။ ရှမ်းဘာသာဖြင့် ကျောက်မဲဟု ခေါ်ခြင်းမှာ ရှေးအခါက နွားဝန်တင် များ ရပ်နားရာ ကြားစခန်းတစ်ခု ရှိခဲ့ဖူးသည်။ ယင်းနေရာ ကုံးနှီးများလျော့ရဲလာသဖြင့် ပြန်လည်ချည်နှောင်ရာတွင် နွားဝန်တင် များရုန်းကန် ခုန်ပေါက်၍ ပန်ကျောက်မဲ့ဟုခေါ်ရာမှ ကျောက်မဲဟု တွင်လာရခြင်း ဖြစ်ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ ၃၁-၈-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃/ ၃၉/ စိတ်(၁) ဖြင့် မြို့အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။
.
သီပေါမြို့
(ကျောက်မဲခရိုင်၊ သီပေါမြို့နယ်)
.
          သီပေါမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ဝ၃ မိနစ်နှင့် ၂၂ ဒီဂရီ ၂၁ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ဝဝ မိနစ်နှင့် ၉၈ ဒီဂရီ ဝ၃ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၂ဝ၄၅ ဒသမ ဝ၂ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ၆ဝ မိုင်ရှိပြီး တောင်မှမြောက်သို့ ၁၃၆ မိုင် ရှည်လျားကာ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၁၃၉၈ ပေ အထက်တွင် တည်ရှိပါသည်။
          သီပေါမြို့ကို ခရစ်သက္ကရာဇ် ၁၈၈၈ ခုနှစ်၊ မတ်လတွင် သီပေါစော်ဘွားကြီး စောဝ်ကြာထွန်း၏ သားတော် စောဝ်ကြာခိုင် (ခေါ်) စောဝ်ခွန်ဆိုင်က မန္တလေးမြို့ပုံစံနီးပါးအတိုင်း တည်ထောင်ခဲ့သည်။ မန္တလေးမြို့ တည်ဆောက်ခဲ့သည့်နည်းတူ မြို့ထောင့်  လေးထောင့်တွင် မြို့တည် ဆီအိုးကြီး ၄ လုံးကို မြှုပ်နှံကာ အရံအတားပြု၍ တည်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မြို့စတင် တည်ထောင်စဉ်က နမ့်ပေါ့ချောင်း၏ ပါးစပ်ဝတွင် တည်ခဲ့သဖြင့်  မူလအခေါ် ဆွတ်ပေါ့  (ရှမ်းဘာသာဖြင့် ပါးစပ်ဝ၌ တည် သောမြို့)မှသည် ဆီပေါ့ဟုခေါ်ခဲ့ပြီး မြန်မာစကားဖြင့် သီပေါဟူ၍ အဆင့်ဆင့် ရွေ့လျားခေါ်လာသော အမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် အိမ်စောင့်အစိုးရလက်ထက်တွင် မြို့ပိုင်က အုပ်ချုပ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ အစိုးရက တာဝန်ယူခဲ့သည့်ကာလဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၃၁-၈-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၅/ ၂/ စိတ်(၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။
.
နောင်ချိုမြို့
(ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်)
.
          နောင်ချိုမြို့နယ်သည်‌ မြောက်လတ္တီတီတွဒ် ၂၂ ဒီဂရီ ၂၃ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၉၇ မိနစ်အကြား တွင် တည်ရှိပါသည်။  အရှေ့မှ အနောက်သို့ ၂၇ မိုင် ၃ ဖာလုံနှင့် တောင်မှ မြောက်သို့ ၃၅ မိုင် ရှည်လျားပါသည်။ နောင်ချိုမြို့ နယ်၏ ဧရိယာစတုရန်း မိုင်မှာ ၁၂၆၅ ဒသမ ၆၁ ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် ၂၇၅ဝ ပေ အထက်တွင် တည်ရှိပါသည်။
          နောင်ချိုမြို့နယ်ကို ရှေးယခင်က အင်းစိမ်းစခန်းဟု ခေါ်ဆိုခဲ့ပါသည်။ နောင်ချိုဟူသော ဝေါဟာရမှာ ရှမ်းဘာသာစကား ဖြစ်ပြီး (နောင်-အင်း) (ချို-စိမ်း) ဟု အဓိပ္ပါယ်ရပါသည်။ ¤င်းအင်းမှာ ဟော်တော်ကျောင်းတိုက် အနောက်ဘက်တွင်ရှိပြီး သုံး ဆယ်၊ နမ့်လန်၊ သီပေါ စော်ဘွား ဆာစောချယ်မှ ဦးခွန်မုံအား သုံးဆယ်နယ်ကို စေလွှတ်အုပ်ချုပ်စေခဲ့သည်။ ၁၈၉၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှစ၍ ဂုတ်ထိပ်တံတား တည်ဆောက်စဉ် စစ်ကဲတော်မင်းမှ မဆက်ခံတော့ဘဲ အင်းစိမ်းစခန်းကို ပြောင်းရွှေ့နေထိုင် ခြင်းမှ အစပြု၍ နောင်ချိုမြို့ ဖြစ်ပေါ် လာပါသည်။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်နေ့တွင် လယ်ကောင်စီကို ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီး ဌာန၏ ၂၁-၆-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ နောင်ချိုမြို့နယ်ကို ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃၅ အုပ်စုဖြင့် ဖွဲ့စည်းခဲ့ပါသည်။
.
နမ္မတူမြို့
(ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်)
.
          နမ္မတူမြို့နယ်သည် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်တွင် တည်ရှိပါသည်။ နမ္မတူမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ  ၄၆ မိနစ် ဝ စက္ကန့်နှင့်  ၂၃ ဒီဂရီ ၈ မိနစ်၊ ဝ စက္ကန့်အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၅ မိနစ်၊ ဝ စက္ကန့်နှင့် ၉၇ ဒီဂရီ ၄၅ မိနစ်၊ ဝ စက္ကန့်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၃ဝ ဒသမ ၃  မိုင်နှင့် တောင်မှ မြောက်သို့ ၄၃ ဒသမ ၆ မိုင် ရှည်လျားပါသည်။ နမ္မတူမြို့နယ်၏ ဧရိယာ စတုရန်းမိုင်မှာ ၆၅၂ ဒသမ ၁၁၃ မိုင် ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၇၆ဝ ပေ အမြင့်၌ ရှိပါသည်။
          နမ္မတူမြို့နယ် ဖြစ်ပေါ်လာပုံမှာ နမ္မတူမြို့နယ်အစ သတ္တုတွင်းလုပ်ငန်းကဟု ဆိုနိုင်ပါသည်။ ၁၄၁၂ ခုနှစ်မှ စ၍ နမ္မတူ-ဘော်တွင်းသတ္တုတွင်းတွင် တရုတ်လူမျိုးများမှ သတ္တု တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ရာ သတ္တုတွင်း လုပ်ငန်းစခန်းအဖြစ်မှ တိုင်းရင်းသားလူမျိုးများ နေအိမ်ပေါ်ပေါက်လာပြီး တစ်စတစ်စဖြင့် ရွာငယ်များ၊ ရွာငယ်မှ ရွာကြီး၊ ရွာကြီးများမှ နမ္မတူမြို့ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ နမ္မတူမြစ်သည် အရှေ့မှ အနောက်သို့ စီးဆင်း၍ မြို့နယ်၏ မြောက် ဘက်ရပ်ကွက်ကို ပန်ဟိုက်ဟု သတ်မှတ်၍ သိန္နီစော်ဘွားများ အုပ်ချုပ်ခဲ့ပြီး တောင်ပိုင်းအား နမ္မတူရပ်ကွက်အဖြစ် သတ်မှတ်၍ တောင်ပိုင်းစော်ဘွားများက နှစ်ပိုင်းခွဲကာ ၁၉၁၁ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ အုပ်ချုပ်ခဲ့ပါသည်။ နမ္မတူမြို့နယ်သည် ယခင်ရပ် ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၃  အုပ်စု ရှိခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉-၈-၁၉၉၄ ရက်စွဲပါ အမိန့်အမှတ် ကြော်ငြာစာအရ နမ္မတူမြို့နယ်ကို နမ္မတူမြို့နယ်နှင့် မန်တုံမြို့နယ်အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။
.
မိုင်းငေါ့မြို့
(ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်)
.
          မိုင်းငေါ့မြို့သည် မြောက်လတ္တတီတွဒ်၂၂ ဒီဂရီ ၁၂ မိနစ် ၁၅ စက္ကန့်နှင့်   ၂၃ ဒီဂရီအကြား အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅ဝ မိနစ်၊၁ဝ စက္ကန့်နှင့် ၉၇ ဒီဂရီ ၁၂ မိနစ်၊ ၁၅ စက္ကန့် အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့  ၁၆ မိုင်နှင့် တောင်မှ မြောက်သို့ ၄၁ မိုင် ရှည်လျားပါသည်။ မိုင်းငေါ့မြို့၏ ဧရိယာစတုရန်းမိုင်မှာ ၃၁၁ ဒသမ ၅၆ မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ ၁၈ဝဝ ပေ ဖြစ်ပါသည်။
          မိုင်းငေါ့မြို့သည် ယခင်က နမ့်ဆန်တောင်ပိုင် စော်ဘွားများ အုပ်ချုပ်ခဲ့သောဒေသ ဖြစ်ပါသည်။ ၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် စော်ဘွားများ အာဏာစွန့်ပြီးနောက်ပိုင်း မြို့ပိုင်များ အုပ်ချုပ်ခဲ့ပါသည်။ ပထမဆုံး အုပ်ချုပ်ခဲ့သော မြို့ပိုင်မှာ စောဝ်ရန် ပြည် ဖြစ်ပါသည်။ ၁၉၇၂ ခုနှစ်တွင် နမ့်ဆန်မြို့နယ်မှ ကျောက်မဲခရိုင် အတွင်းသို့ ရောက်ရှိခဲ့ကြပြီး လက်ထောက်မြို့ ပိုင်များ အုပ်ချုပ်ခဲ့ပါသည်။ ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် မြို့ပိုင်မှာ ဦးစောအောင် ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ်တွင် ကျောက်မဲမြို့နယ်အတွင်း မိုင်းငေါ့ကျေးရွာအုပ်စုအဖြစ် ဖွဲ့စည်း ပါဝင်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၄-၁၁-၂ဝဝ၄ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မိုင်းငေါ့ ကျေးရွာအုပ်စုအဖြစ် လည်းကောင်း၊ ၁၆-၁၁-၂ဝ၁၂ ရက်နေ့စွဲပါ စာအမှတ်၊ ၂ဝဝ / ၂၂ - ၂၆၃ / ဦး ၁ အမိန့်ကြော်ငြာစာဖြင့် မိုင်းငေါ့မြို့နယ်ခွဲအဖြစ် လည်းကောင်း၊ ၁၅-၇-၂ဝ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂၇/၂ဝ၁၄ အရ မိုင်းငေါ့မြို့နယ်အဖြစ် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
.
မိုင်းလုံမြို့
(ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်)
.
          မိုင်းလုံမြို့သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၄၇ မိနစ်၊ ၄ဝ စက္ကန့်နှင့် ၂၂ ဒီဂရီ၊ ၂၈ မိနစ်၊ ၃ဝ စက္ကန့်အကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ၊ ၃၇ မိနစ်၊ ၂၆ စက္ကန့်နှင့် ၉၇ ဒီဂရီ၊ ၂၁ မိနစ် ၁၅ စက္ကန့်အကြား တွင် တည်ရှိပါသည်။ အရှေ့မှ အနောက် သို့ ၁၂ ဒသမ ၄ဝ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၃၄ ဒသမ ၃၂ မိုင် ရှည်လျားပါသည်။ မိုင်းလုံမြို့၏ အကျယ်အဝန်းဧရိယာ စတုရန်းမိုင်မှာ ၄၇၅ ဒသမ ၂၃ မိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် ပျမ်းမျှအမြင့် ၂၃ဝဝ ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးနေရာသည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၅၅ဝဝ ကျော်ဖြစ်ပြီး၊ အနိမ့်ဆုံး အရပ်ဒေသမှာ ပင်လယ်ရေ မျက်နှာပြင်အထက် ၂၁၂ဝ ပေ ဖြစ်ပါသည်။
          မိုင်းလုံမြို့သည် ယခင်က စော်ဘွားများအုပ်ချုပ်ခဲ့သော ဒေသဖြစ်ပါသည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် စော်ဘွားများ အာဏာစွန့်ပြီးနောက်ပိုင်း မြို့ပိုင်များ အုပ်ချုပ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ကျောက်မဲမြို့နယ်အတွင်း မိုင်းလုံ ကျေးရွာအုပ်စုအဖြစ် ဖွဲ့စည်း ပါဝင်ခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်   မိုင်းလုံကျေးရွာအုပ်စုကို မိုင်းလုံမြို့ နယ်ခွဲအဖြစ် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ ၁၅-၇-၂ဝ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂၇/၂ဝ၁၄ ဖြင့် မိုင်းလုံမြို့နယ် အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ ပါသည်။
.
မိုးမိတ်မြို့
(မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်)
.
          မိုးမိတ်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီနှင့် ၂၃ ဒီဂရီ ၃၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ၊  ၉ မိနစ်နှင့် ၉၇ ဒီဂရီ ၃၈ မိနစ်ကြားတွင် တည်ရှိပါသည်။  အရှေ့မှ အနောက်သို့ ၅၉ မိုင်နှင့် တောင်မှ မြောက်သို့ ၃၄ မိုင်ရှည် လျားပါသည်။ မိုးမိတ် မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ ၁ဝ၃၅ ဒသမ ဝဝ ဖြစ် ပြီး ပင်လယ်ရေမျက်နှာပြင်အထက်  ၆ဝဝ ပေ အမြင့်တွင် တည်ရှိပါသည်။
          မိုးမိတ်မြို့နယ်သည် မောကိုးပြည်ထောင်တွင် ပါဝင်ခဲ့ပြီး ရှေးစကားအရ ကျိုင်းဟုံအစ သာကီက၊ မိုးမိတ်အစ ကျိုင်းဟုံကဟု ပြောဆိုလေ့ရှိပါသည်။ သုဗုဟုမင်းသည် ရွှေလီမြစ်ဘေးရှိ ဗဟဲရွာ အထက်နားတွင် ကျိုင်းဟုံမြို့ကို စတင် တည်ထောင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂ဝ ၊ သာသနာသက္ကရာဇ် ၅ဝ အထိ အုပ်စိုးခဲ့ပါသည်။  ၄င်း၏  သားတော်နှင့် ညီတော်တို့ကို မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်း၊ မိုးဝန်း၊ ကောင်းခင်၊ ကောင်းတုံမြို့များအား အုပ်ချုပ်စေခဲ့ပါသည်။ သားတော် ဆေဟုံဖ (ခေါ်) သိုဟုံဘွားသည် ခရစ်သက္ကရာဇ် ၁၂၃၈ ခု၊ မြန်မာ သက္ကရာဇ် ၆ဝဝ ပြည့်တွင် မိုးမိတ်မြို့ကို စတင်တည် ထောင်ခဲ့ပါသည်။ ရှမ်းဘာသာ ဖြင့် မိန်းမိတ် (မိန်း-မြို့၊မိတ်-သန်လျက်/ဓါး)ဟုခေါ်ပြီး မြန်မာဘာသာဖြင့် သန်လျက်မြို့/ဓါးမြောင်မြို့ဟု အဓိပ္ပါယ် ရပါသည်။ မိုးမိတ် စော်ဘွား မင်းဆက် ၁၂၃ ဆက်မြောက် စဝ်ခွန်ခမ်းအူ လက်ထက်တွင် မြန်မာသက္ကရာဇ် ၁၂၄၆ ခုနှစ်၌ အင်္ဂလိပ်ကို စစ်ရှုံး၍ မင်းဆက်ပြတ်သွားပါသည်။ ၁၂၆၈ ခုနှစ်တွင် စော်ဘွားဆက် ဖြစ်သူ စပ်ခွန်မောင်သည် မိုးမိတ်မြို့၏ နောက်ဆုံး စော်ဘွားဆက် ဖြစ်ပါသည်။
          မိုးမိတ်မြို့နယ်သည် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၂၁ ရက် မြန်မာနိုင်ငံ ပြန်တမ်း အမှတ် ၁၇၉ ဖြင့် မြို့မြေအဖြစ် သတ်မှတ်ခံရပြီး မိုးမိတ်မြို့နယ်ကို ၁၉၇၂ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ပြန်တမ်းအမှတ် ၂၈ဝ ဖြင့် မြို့နယ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
.
မဘိမ်းမြို့
(မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်)
.
          မဘိမ်းမြို့နယ်သည် မြောက်လတ္တီတွဒ်၂၃ ဒီဂရီ ၁၅ မိနစ်နှင့် ၂၄ ဒီဂရီ ၃၆ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၂ မိနစ်နှင့် ၉၇ ဒီဂရီ ၁ဝ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၁၇၆၅ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ၅၆ မိုင်၊ တောင်မှ မြောက်သို့ ၆ဝ မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၈ဝ တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ပါဟုတ်တောင်ဖြစ်၍ အနိမ့်ဆုံးအရပ်ဒေသမှာ မဘိမ်း၊ ငါးအိုးကျေးရွာအုပ်စု၊ ဥယျာဉ်ပု၊ ပြချောင်းကျေးရွာ ဒေသများ ဖြစ်ပါသည်။
          ကျိုင်းမော(ကျိုင်းဟုံ) ရှေးဟောင်း မြို့တော်ကြီး ပျက်စီးပြီးနောက် မိုးလှိုင်းမြို့ (ယခုအခါ မဘိမ်းမြို့၊ တုံကွာကျေးရွာ အုပ်စုတွင် ရွာသိမ်၊ ရွာငယ်လေးအသွင်အဖြစ်သာ ရှိပါတော့သည်။) နှင့် မိုးမိတ်မြို့တို့ စည်ကားလာပြီး ၁၈၈၆-၁၈၈၇ ခုနှစ် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ချိန်အထိ မဘိမ်းဟူ၍ မြို့/ရွာ မရှိခဲ့သေးပါ။ သက္ကရာဇ် ၁၂၅၇ ခုနှစ်တွင် မိုးမိတ်စော်ဘွားကြီး စပ်ခင်မောင်မှ မိုးမိတ်-မိုးလှိုင်းမြို့ ၂ မြို့ကို ပူးတွဲအုပ်ချုပ်ပြီး ဘိုပြဿဒ်ကို ထမုန်အဖြစ် ခန့်ထား၏။ ဘိုးပြဿဒ်က မဘိမ်းရွာကို တည်ထောင်ခဲ့ရာ တောမီးလောင်ကာ ရွာပျက်ခဲ့ရပါသည်။ ၁၂၅၈ ခုနှစ်တွင် ယခုမဘိမ်းမြို့ တည်ရှိရာနေရာသို့ ပြောင်းရွှေ့ ရွာတည်ခဲ့ပါသည်။ အင်္ဂလိပ်နှင့် အမေရိကန်တို့ မဘိမ်းသို့ ဝင်ရောက်ပြီး ဗန်းမော်မြို့နယ်၊ မန်သာရွာရှိ ကရင်လူမျိုး ကျောင်းဆရာ ဦးစောဆုံကြီးကို မြို့ပိုင် အဖြစ် ၆ လခန့် အုပ်ချုပ် စေခဲ့ပါသည်။ ¤င်းနောက် မိုးမိတ်စော်ဘွားကြီး ဦးစပ်ခွန်ချိုမှ အမတ်ကြီး ဦးဘစီကို မြို့ပိုင် ခန့်ထားပြီး မိုးမိတ်မြို့နယ်၏ မြို့နယ်ခွဲအဖြစ် အုပ်ချုပ်စေခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၇-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃/ ၃၉/ စိတ်(၁) အမိန့် ကြော်ငြာစာအရ မြို့ပေါ် ၃ ရပ်ကွက်ဖြင့် မဘိမ်းကို မြို့အဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် မိုးမိတ်မြို့နယ် လက်အောက်ခံ မြို့နယ်ခွဲမှ မြို့ပိုင် ရုံးစိုက်ရာ မြို့နယ်ဖြစ်လာပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၁-၆-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၅/ ၂/ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့် ၁၄-၉-၁၉၉၇ ရက်စွဲပါ စာအမှတ်၊ ၁ဝ၅/ ၂/ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ (ပြင်ဆင်ချက်)အရ မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။
.
နမ့်ဆန်မြို့
(ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်)
.
          နမ့်ဆန်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၁၁ မိနစ် ၁၄ စက္ကန့်နှင့် ၂၃ ဒီဂရီ ၃၈ မိနစ် ၃၈ စက္ကန့်ကြား၊  အရှေ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၃ မိနစ်   ၉ဝ စက္ကန့်နှင့် ၉၇ ဒီဂရီ ၅ဝ မိနစ် ၄ဝ စက္ကန့် အကြားတွင် တည်ရှိပါသည်။ နမ့်ဆန်မြို့၏ ဧရိယာအကျယ်အဝန်းမှာ ၅၅၇ ဒသမ ၅၈ မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်  ပျမ်းမျှ ၅၃၃၂ ပေ အမြင့်တွင် တည်ရှိပါ သည်။ အမြင့်ဆုံးတောင်မှာ တောင်ကျော်တောင်ထိပ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၇၄၇ဝ ပေဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ လီလုကျေးရွာအုပ်စုဒေသ ဖြစ်ပါသည်။
          နမ့်ဆန်မြို့နယ်သည် ပလောင်လူမျိုး အများဆုံး နေထိုင်သောမြို့ ဖြစ်ပါသည်။ ပလောင်ခေါ် တအာင်း လူမျိုးများသည် မွန်ဂိုကုန်းပြင်မြင့်မှ ဆင်းသက်လာကြသော မွန်ခမာအုပ်စုနွယ်ဝင်များ ဖြစ်ပါသည်။ ပလောင်လူမျိုးများကို ပလောင်ဘာသာ စကားဖြင့် တအာင်းလူမျိုး (တအာင်း= မတ်စောက်သော တောင်ပေါ်တွင် နေထိုင်သောလူမျိုး)ဟူ၍ လည်းကောင်း၊ ရှမ်းဘာသာ ဖြင့် ကွမ်းလွယ်(ကွမ်း =လူ၊ လွယ်=တောင်၊ ကွမ်းလွယ်=တောင်ပေါ်တွင် နေသောလူမျိုး)ဟူ၍ လည်းကောင်း၊ တရုတ်ဘာ သာဖြင့် ပုံလုံ( ပုံ=လူ၊ လုံ=နဂါး၊ပုံလုံ=နဂါးလူမျိုး)ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြပြီး ပုံလုံမှ မြန်မာဘာသာဖြင့် ပလောင်ဟု ခေါ်ဝေါ်လာကြခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
          ပလောင်လူမျိုးတို့သည် ဘီစီ ၁ဝဝ၊ သာသနာတော်နှစ် ၄၅ဝ ခန့်တွင် မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်း ၃ သွယ်ဖြင့် ဝင်ရောက်လာခဲ့ကြပါသည်။ ယခု နမ့်ဆန်ဒေသသို့ ရောက်ရှိကြသော ပလောင်လူမျိုးတို့သည် နမ့်ဆန်မြို့ မတည်ထောင်မီ ယခု နမ့်ဆန်မြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ ယခု ဘုရားကြီးကျေးရွာ တည်ရှိရာအရပ်တွင် ဝိန်းတွန်စံ(ဝိန်း=မြို့၊ တွန်စံ=စကားဝါ ပင်) (ရွှေစကားမြို့)ကို ဦးစွာတည်ထောင်ခဲ့ပါသည်။
          ၁၂၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက် ၂၇-၉-၁၈၆၇၊ သောကြာနေ့တွင် နမ့်ဆန်မြို့ကို  စော်ဘွားကြီး ခွန်မိန်း မှ စတင်၍ တည်ထောင်ခဲ့ပါသည်။ စော်ဘွားကြီး ခွန်မိန်းက စတင်၍ စော်ဘွား ၇ ဆက် အုပ်ချုပ်ခဲ့ပြီး နောက်ဆုံးစော်ဘွားက စဝ်ခွန်ပန်းစိန် ဖြစ်ကြောင်း သိရှိရပါသည်။
          နမ့်ဆန်ဟူသော ဝေါဟာရမှာ ရှမ်းဘာသာစကား ဖြစ်ပြီး 'နမ့်' ဟူသည်မှာ 'ရေ' ဟူ၍ လည်းကောင်း၊ 'ဆန်' ဟူသည်မှာ 'တုန်လှုပ်' သည် ဟူ၍ လည်းကောင်း အဓိပ္ပါယ် ရရှိပြီး 'နမ့်ဆန်' ဆိုသည်မှာ 'ရေတုန်' ဟူ၍ အဓိပ္ပါယ်ရရှိပါသည်။ နမ့်ဆန်မြို့ စတင်တည်ထောင်သောနေ့တွင် ငလျင်လှုပ်သဖြင့် ရေများတုန်နေသည်ဟု လည်းကောင်း၊ နမ့်ဆန်မြို့တည်ရာဒေသသည် ရေများပင် ခိုက်ခိုက်တုန်နေသည်ဟူ၍လည်းကောင်း ပြောစမှတ် ရှိပါသည်။ နမ့်ဆန်မြို့ကို ပလောင်ဘာသာစကားဖြင့် အုန်းရဲလ် ဟုခေါ်ပြီး (အုမ်း=ရေ၊ ရဲလ်=တုန်သည်၊ အုမ်းရဲလ်=ရေတုန်မြို့)ဟူ၍ အဓိပ္ပါယ် ရရှိပါသည်။
          နမ့်ဆန်မြို့နယ်သည် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ ၁၃-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃/ ၃၉/ စိတ်(၁) ဖြင့် ထုတ်ပြန်သည့်  အမိန့်ကြော်ငြာစာအရ မြို့ပေါ် ၆ ရပ်ကွက်ကို လည်းကောင်း၊ ၅-၈-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၅/ ၂/ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ကျေးရွာအုပ်စု ၂၆ အုပ်စုဖြင့် လည်းကောင်းဖွဲ့စည်းခဲ့ပါသည်။
.
မန်တုံမြို့
(ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်)
.
          မန်တုံမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၄ဝ မိနစ်နှင့် ၂၂ ဒီဂရီ ၅၈ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၈ မိနစ်နှင့်  ၉၇ ဒီဂရီ ၄၅ မိနစ်ကြားတွင်  တည်ရှိပြီး အကျယ်အဝန်းမှာ ၉၇၅ ဒသမ ၇၅ စတု ရန်းမိုင် ကျယ်ဝန်းကာ အရှေ့မှ အ နောက်သို့ ၄၄ မိုင် ရှိကာ တောင်မှ မြောက်သို့ ၄ဝ မိုင် ရှည်လျားပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၄၁၂၆ ပေတွင် တည်ရှိပါသည်။အမြင့်ဆုံးတောင်မှာ နမ့်လန်းတောင်ဖြစ်၍ ပင်လယ်ရေ မျက်ပြင်အထက် ၆၈၈၈ ပေဖြစ်ပြီး မြို့နယ်၏အနိမ့်ဆုံး အရပ်ဒေသမှာ မုံးခကျေးရွာ ဖြစ်ပါသည်။
          မန်တုံမြို့သည် ယခင်က နမ္မတူမြို့နယ်၏ ကျေးရွာအုပ်စု တစ်ခုဖြစ်ခဲ့ပြီး နမ္မတူမြို့နယ်မှ ကျေးရွာအုပ်စု ၁၉ အုပ်စုနှင့် နမ့်ခမ်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၁ အုပ်စုတို့ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၄ ခုနှစ်  သြဂုတ်လ ၁၉ ရက်စွဲပါ စာအမှတ်၊ ၁/ ၂ဝ/ အထ(၂)ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ မန်တုံဟူသော အမည်သည်  ရှမ်းဘာသာစကားဖြစ်ပြီး 'မန်' ဆိုသည်မှာ နေရာ ဒေသဟူ၍ လည်းကောင်း၊ 'တုံ' ဆိုသည်မှာ မြေပြန့်ဟူ၍လည်းကောင်း အဓိပ္ပါယ်ရပါသည်။
.
လောက်ကိုင်မြို့
(ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်)
.
          လောက်ကိုင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၂၃ မိနစ်နှင့် ၂၄ ဒီဂရီ ၁ဝ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၂၅ မိနစ်နှင့် ၉၈ ဒီဂရီ ၅ဝ မိနစ် ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၃ဝ၅ ဒသမ ဝ၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ၁၃ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၂၃ မိုင် ရှည်လျားကာ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၃၁ဝဝ ပေတွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လီရင်ရှန်းတောင် ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၈၃၁၇ ပေ ဖြစ်၍ လောက်ကိုင်မြို့နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ ချင်းရွှေဟော်မြို့ ဖြစ်ပါသည်။
          ကိုးကန့်တိုင်းရင်းသားများသည် ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်ဦးဖျားဒေသတွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစုတစ်စု ဖြစ်ပါသည်။ ကိုးကန့်ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ ကိုးသည် ပြတ်သားမှုဖြစ်ပြီး ကန့်မှာ ရဲရင့်ခြင်းကို ဆိုလိုပါသည်။ ပေါင်းစပ်လိုက်ပါက ပြတ်သားရဲရင့်သောလူမျိုးဟု အဓိပ္ပါယ် ရပါသည်။ ကိုးကန့်ကို ရှမ်းဘာသာဖြင့် အဓိပ္ပါယ် ဖွင့်ဆိုပါက ကောက်ကန့် ဖြစ်ပါသည်။ ကောက်မှာ ကိုး ဖြစ်ပြီး၊ ကန့်မှာ အုပ်ချုပ်သူအကြီးအကဲ ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ သူကြီးကိုးဦး အုပ်ချုပ်သောနယ် ဖြစ်ပါသည်။ ကိုးကန့် ဒေသကို မာလီပါးဟု ခေါ်ကြပါသည်။ မာလီရှူးပင်များ ပေါက်ရောက် နေသော လွင်ပြင်ဟု အဓိပ္ပါယ် ရပါသည်။ ကိုးကန့်လူမျိုးအများစုသည် ရှေးတရုတ်အတွေးအခေါ် ပညာရှင်ကွန်ဖြူးရှပ်နှင့် လောင်ကြီး အတွေးအခေါ်များကို ကျင့်သုံးသူများ ဖြစ်ကြသည်။ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုသည် တရုတ်စာပေနှင့် ယဉ်ကျေးမှုကို အခြေခံထားကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ သို့သော် အချို့သော အစိတ်အပိုင်းတွင် တရုတ်ယဉ်ကျေးမှုနှင့် ကွဲလွဲမှုများ ရှိပါသည်။ ကိုးကန့်လူမျိုး စတည်လာသည်မှာ နှစ်ပေါင်း ၃ဝဝ ကျော် ရှိပြီဖြစ်ကြောင်း မြန်မာ့သမိုင်းတွင် လေ့လာ ‌တွေ့ရှိရပါသည်။ လက်ရှိ ကိုးကန့်တိုင်းရင်းသား များဖြစ်ကြသော ဟန်မိသားစု၊ ယန်မိသားစု၊ လော်မိသားစု၊ ဖုန်မိသားစုနှင့် ချင်မိသားစုများ၏ အမျိုးအနွယ်များ ဆက်လက် နေထိုင်လာကြကြောင်း တွေ့ရှိရပါသည်။
          ကိုးကန့်ဒေသသည် မြန်မာဘုရင်လက်ထက်၊ လက်အောက်ခံ ပဒေသရာဇ်စော်ဘွားများလက်ထက်နှင့် အင်္ဂလိပ် အစိုးရတို့မှ အုပ်ချုပ်စဉ် ကာလအတွင်း တိုက်ရိုက်အုပ်ချုပ်ခွင့်ကို ကိုးကန့်စော်ဘွားများအနေနှင့် ရရှိခဲ့ခြင်း မရှိခဲ့ပါ။ ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တို့က မြန်မာနိုင်ငံအား သိမ်းပိုက်စဉ် ကိုးကန့်ဒေသသည် သိန္နီစော်ဘွား လက်အောက်ခံဖြစ်ပြီး ၁၈၈၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပီကင်းမြို့တွင် ချုပ်ဆိုသည့် အင်္ဂလိပ်-တရုတ် သဘောတူစာချုပ်အရ  ဗြိတိသျှပိုင် မြန်မာပြည်နှင့်  တရုတ်ပြည်တို့ နယ်နိမိတ် သတ်မှတ်ရန် သဘောတူခဲ့ပြီး ၁၈၉၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် လန်ဒန်မြို့၌ နယ်နိမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း တရုတ်သည် ၁၈၉၄ ခုနှစ်၊ စာချုပ်ကို ဖောက်ဖျက်သည်ဟု အကြောင်းပြပြီး ၁၈၉၄ ခုနှစ်နယ်နိမိတ် စာချုပ်သစ်ကို ပြင်ဆင်၍ ၁၈၉၇ ခုနှစ်တွင် နယ်နိမိတ် စာချုပ်သစ်ကို တရုတ်နှင့် ထပ်မံချုပ်ဆိုရာမှ ကိုးကန့် ဒေသကို မြန်မာပိုင်နယ်မြေအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၈၉၉ ခုနှစ်အထိ တရုတ်-မြန်မာ နယ်နိမိတ်ဖြစ်ကြောင်း သတ်မှတ် ရေးအဖွဲ့သည် ၁၈၉၇ ခုနှစ် စာချုပ်အတိုင်း သတ်မှတ်ခဲ့ကြောင်း၊ ၁၉၆ဝ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နယ်နိမိတ် သတ်မှတ်ရေးစာချုပ်အရ ကိုးကန့် နယ်မြေသည် မြန်မာနိုင်ငံအတွင်း ယန်စစ်သူကြီးမျိုးရိုးမှ အစဉ်တစိုက် နယ်စဉ်၊ စော်ဘွားအုပ် ချုပ်သူများ အဖြစ် အုပ်ချုပ်ထားခဲ့ပြီး အင်္ဂလိပ်အစိုးရ လက်ထက်တွင် ကိုးကန့်ဒေသအား နယ်ခြားဒေသအုပ်ချုပ်ရေး စနစ်ဖြင့် စိတ်တိုင်းကျ အုပ်ချုပ်ခွင့်ပေးထားပြီး ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြား ဆက်သွယ်ရေးကိုသာ အင်္ဂလိပ်အစိုးရမှ ချုပ်ကိုင် ထားကြောင်း သိရှိရပါသည်။
          ကိုးကန့်ဒေသသည် ဘိန်းစိုက်ပျိုးရန်အတွက် ရေ၊ မြေ၊ ရာသီဥတုတို့ ကိုက်ညီမှုရှိသည့်အတွက် ၁၈၉၅ ခုနှစ်ခန့်မှ စတင်၍ ဘိန်းစိုက်ပျိုးစေခဲ့ရာမှ ဒေသခံများမှာ မူးယစ်ဆေးဝါး၏ ကျေးကျွန်ဘဝသို့ ရောက်ခဲ့ရပါသည်။ ကိုးကန့်ဒေသကို ကိုးကန့်စော်ဘွားများ အုပ်ချုပ်စဉ်ကာလတွင် လောက်ကိုင်မြို့မှ အိမ်‌ခြေ ၂ဝ ခန့်သာ ရှိသော ကျင်းယွီထန်ဟု အမည်ရသည့် ကိုးကန့် ရွာငယ်လေး တစ်ခုသာ ဖြစ်ပါသည်။ ကိုးကန့်စော်ဘွား ယန်ကျင့်ဆိုင်မှ လောက်ကိုင်တွင် ၅ ရက် တစ်ပတ်ဈေးနေ့ သတ်မှတ်ပေး ခဲ့သဖြင့် စည်ကားမှု စတင် ဖြစ်ပေါ်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ်တွင် ကိုးကန့်စော်ဘွား ယန်ကျင့်ဆိုင် အာဏာစွန့်လွှတ် ခဲ့ပြီး နောက်ပိုင်းတွင် ကိုးကန့်ဒေသကို ကိုးကန့် ကောင်စီအဖြစ် ဖွဲ့စည်းအုပ်ချုပ်ခဲ့ပြီး ယန်ကျင့်ရှိန်း (ဂျင်မီရန်း)မှ ဥက္ကဌ တာဝန် ယူခဲ့ပါသည်။ ယန်ကျင့်ရှိန် (ဂျင်မီရန်း)မှာ တောခိုသွားခဲ့သဖြင့် ၁၉၆ဝ ပြည့်နှစ်တွင် ကိုးကန့်ကောင်စီ ပျက်ပြားသွားခဲ့ရပါသည်။
          အိမ်စောင့်အစိုးရလက်ထက်တွင် ကိုးကန့်ဒေသကို နယ်ခြားဒေသအုပ်ချုပ်ရေးစနစ်ဖြင့် ဆက်လက်ဆောင် ရွက်ခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် ဦးလော်စစ်ဟန် ခေါင်းဆောင်သော ကိုးကန့်လူငယ်အဖွဲ့ကို ဖွဲ့စည်းပြီး ကိုးကန့်ကာ ကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၉ ခုနှစ်တွင် ကိုးကန့် ကာကွယ်ရေးခေါင်းဆောင် ဦးလော်စစ်ဟန်သည် စဉ်ကိုင်ရွာကို ဗကပရန်မှ ကင်းဝေး စေရန်အတွက် ပြောင်းရွှေ့စေခဲ့ရာ ကျေးရွာသားများက မပြောင်းရွှေ့ကြသဖြင့် ဦးလော်စစ်ဟန်၏ အမိန့်အရ ဒုတိယခေါင်းဆောင် ယန်ကျင်းယဲ့မှ မီးရှို့ကာ ဖျက်ဆီးခဲ့ ပါသည်။ ဗကပများ ဝင်ရောက်လာသောအခါ မီးလောင် ပြင်ဖြစ်နေသည့် စဥ့်ကိုင်ရွာကို စည်ကားအောင် ပြုလုပ်နိုင်ခြင်းမရှိသဖြင့် လောက်ကိုင်မြို့ကို ပြန်လည် စည်ကားအောင် ဆောင်ရွက်သော်လည်း ထူခြားစွာ တိုးတက်ပြောင်းလဲမှုများ မရှိခဲ့ပါ။ ဗကပများ၏ အုပ်ချုပ်မှုအောက် ပြည်တော်သာ စီမံကိန်းကာလ၌ တည်ဆောက်ပေးခဲ့သော လမ်း၊ တံတား၊ ဆေးပေး ခန်း၊ စာသင်ကျောင်းများပင် ပျက်စီးခဲ့ကြောင်း လောက် ကိုင်ဒေသကို ဗကပများ စိုးမိုးထားခဲ့စဉ် ပါတီအတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဦးဖုန်ကြားရှင် ဦးဆောင်သော ထုံမှုံကျွမ်း (ခေါ်) ကိုးကန့် တပ်ပေါင်းစု အဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဗကပများထံမှ ခွဲထွက်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်၊  မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး လက်နက်နှင့်ငြိမ်းချမ်းရေး ရယူခဲ့ပါသည်။
          နိုင်ငံတော်အစိုးရမှ သံလွင်မြစ်အရှေ့ခြမ်း၊ လောက်ကိုင်ဒေသကို အထူးဒေသ(၁) ကိုးကန့်ဒေသဟု သတ်မှတ်ပေးပြီး နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အထူးဒေသ(၁) ခေါင်း ဆောင် ဦးဖုန်ကြားရှင်နှင့် ဦးဖုန် ကြာဖူးတို့ ဦးစီး၍ လုပ်ဆောင်ခဲ့ချိန်တွင် ကိုးကန့်အုပ်ချုပ်ရေး အဖွဲ့အတွင်း၌ ဦးဖုန်ကြားရှင်အဖွဲ့နှင့် ဦးယန်မိုးလျှံ အဖွဲ့တို့ အချင်းချင်း သဘောထားကွဲလွဲမှု ပြဿနာများ ရှိပြီး ၂၉-၁၁-၁၉၉၂ ရက်နေ့မှ ၈-၂-၁၉၉၃ ရက်နေ့အထိ ကိုးကန့်ဒေသတွင် တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် ဦးယန်မိုးလျှံ ဦးဆောင်သော အဖွဲ့မှ အနိုင်ရရှိခဲ့ပြီး ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့ပါသည်။ ဦးယန်မိုး လျှံသည် ဦးဖုန်ကြားရှင်အဖွဲ့ကို တိုက်ခိုက်ရာတွင် အထူးဒေသ(၂)ရှိ 'ဝ'တပ်ဖွဲ့၏ အကူအညီဖြင့် တိုက် ခိုက်အနိုင် ရရှိခဲ့ရာ ၄င်းတို့အုပ်ချုပ်စဉ် ကာလတွင် အထူးဒေသ(၁)၏ ဖွဲ့စည်းပုံ၌ အထူးဒေသ(၂)မှ 'ဝ' ခေါင်းဆောင်အချို့ကို ကိုးကန့်တပ်ဖွဲ့တွင် ပါဝင် ဖွဲ့စည်းခဲ့ရာမှ သံလွင်အရှေ့ခြမ်း ကိုးကန့်နယ်မြေတွင် 'ဝ' တပ်ဖွဲ့ဝင်များ ရောက်ရှိနေထိုင်ခဲ့ပါသည်။
          ဦးယန်မိုးလျှံ အဖွဲ့မှ  အုပ်ချုပ်နေစဉ် အထူးဒေသ(၁)တွင် ပါဝင်သော မုံးကိုးဒေသရှိ ကချင်ဒေသခံများမှ ကျေနပ်မှုမရှိ သဖြင့် မုံဆာလနှင့် လီညီမင်းတို့ ဦး ဆောင်သည့်အဖွဲ့မှ ၁-၈-၁၉၉၅ ရက်နေ့တွင် ကိုးကန့် အုပ်ချုပ်မှုအောက်မှ ခွဲထွက်ခဲ့ကြ ကြောင်း ဦးယန်မိုးလျှံ အဖွဲ့မှ ကိုးကန့်ဒေသမှ ခွဲထွက်သွားသည့် မုံဆာလနှင့် လီညီမင်းတို့ အဖွဲ့အား တိုက်ခိုက်မှု ပြုလုပ်နေစဉ် အခွင့်ကောင်းယူပြီး ယခင်က ဦးယန်မိုးလျှံအဖွဲ့ကို ရှုံးနိမ့်ခဲ့သူ ဦးဖုန်ကြားရှင် အဖွဲ့သည် 'ဝ'တပ်ဖွဲ့၏ အကူအညီကို ရယူကာ ကိုးကန့်ဒေသကို ပြန်လည်အုပ်ချုပ်နိုင်ရန် ဦးယန်မိုးလျှံအဖွဲ့ကို ပြန်တိုက်ခိုက်ခဲ့သည်။ ကိုးကန့်ဒေသအတွင်း ဦးဖုန်ကြားရှင်နှင့် ဦးယန်မိုးလျှံတို့ ဒုတိယအကြိမ် ပြဿနာများ ဖြစ်ပွားပြီး နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရမှ ကြားဝင်စေ့စပ် ဆောင်ရွက်ပေး ခဲ့သဖြင့် ၂၃-၁၁-၁၉၉၅ ရက်နေ့တွင် ဦးယန်မိုးလျှံအဖွဲ့သည် ¤င်းတို့ ပိုင်ဆိုင်သော လက်နက်ခဲယမ်းများကို နိုင်ငံတော်အစိုးရထံ လွှဲပြောင်းအပ်နှံပြီး အလင်းဝင်ရောက်ခဲ့ပါသည်။ ဒေသခံ ပြည်သူများမှာလည်း ၄င်းတို့အချင်းချင်း အာဏာလု တိုက်ပွဲများကြောင့် တစ်ဖက်တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့ပါသည်။
          နိုင်ငံတော်အစိုးရက ၂၉-၉-၁၉၉၅ ရက်နေ့တွင် ခရိုင်နှင့် မြို့နယ်များကို ဖွဲ့စည်းပေးခဲ့ပြီးချိန်တွင် နယ်မြေဒေသ လိုအပ်ချက်အရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ဆက်လက်ညွှန်ကြားချက်အရ တပ်မတော်မှ ကိုယ်စားလှယ် ၅ ဦး၊ ဦးဖုန်ကြားရှင်အဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး၊ ဒေသခံ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၅ ဦး ပါဝင်သော ခရိုင်/မြို့နယ်စည်းရုံးရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်း ပေးခဲ့သည်။ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးတို့ကို တာဝန်ပေးအပ် ဆောင်ရွက်ပေးစေခဲ့ပါသည်။ ၇-၁၁-၂ဝဝ၁ ရက်နေ့တွင် ခရိုင်/မြို့နယ်စည်းရုံးရေးနှင့်အုပ်ချုပ်ရေးအဖွဲ့များကို ခရိုင်/မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဟု ပြောင်းလဲခေါ်ဝေါ် ဖွဲ့စည်း၍ အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။
          အိမ်နီးချင်းတရုတ်နိုင်ငံ၏ သတင်းအရ ၈-၈-၂ဝဝ၉ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဦးဖုန်ကြားရှင်၏ လက်နက်စက်ရုံကို ဝင်ရောက် သိမ်းဆည်း၍ စက်ရုံနှင့်ပတ်သက်သော ဖုန်ကြားရှင်၊ ဖုန်ကြာဖူး၊ ဖုန်တာရွှင်နှင့် ဖုန်တာလီတို့ ၄ ဦးအား ဥပဒေနှင့်အညီ လာရောက် ဖြေရှင်းရန် ခေါ်ယူသော်လည်း လာရောက်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း၊ ရန်လုံကျိုင်း တရုတ်- မြန်မာနှစ်နိုင်ငံနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်ခြင်းတို့ကြောင့် ၂၇-၈-၂ဝဝ၉ ရက်နေ့မှ ၂၉-၈-၂ဝဝ၉  ရက်နေ့အထိ ဦးဖုန်ကြားရှင်နှင့် တပ်ဖွဲ့ဝင်များအား တပ်မတော်မှ ရှင်းလင်းဖယ်ရှားခဲ့ပြီး ၄င်းတို့၏ ဌာနချုပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါသည်။ နိုင်ငံတော်နှင့် ပူးပေါင်းခဲ့သည့် ဦးပယ်စောက်ချိန်သည် ကိုးကန့်ယာယီဦးစီးကော်မတီကို ဖွဲ့စည်း၍ ဒေသတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း များကို ပြန်လည်ဆောင်ရွက်ပြီး ကိုးကန့်ဒေသကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါသည်။  ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
.
ကုန်းကြမ်းမြို့
(ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်)
.
          ကုန်းကြမ်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၂၃ မိနစ်နှင့် ၂၄ ဒီဂရီ ၁ဝ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၂၄ မိနစ်နှင့် ၉၈ ဒီဂရီ ၅ဝ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၂၂၂ ဒသမ ၃၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ၂ဝ မိုင်ရှိသည်။ တောင်မှ မြောက်သို့ ၃၄ ဒသမ ၄ မိုင် ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ အမြင့်ပေ ၅၁၈၉ တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လီရင်ရှန်းတောင် ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၈၃၁၇ ပေ အမြင့် ဖြစ်ကာ မြို့နယ်၏ အနိမ့်ဆုံးအရပ်ဒေသမှာ ရှောက်ကိုင်ကျေးရွာ ဖြစ်ပါသည်။
          ကုန်းကြမ်းမြို့နယ်သည် ကိုးကန့်တိုင်းရင်းသားများ အများစု နေထိုင်ကြသဖြင့် ကိုးကန့်ဒေသဟု ခေါ်ဆိုကြပြီး မြန်မာ ဘုရင်များလက်ထက်က လည်းကောင်း၊  နယ်ချဲ့ အင်္ဂလိပ်လက်ထက်က လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာတိုက်ရိုက် သက် ရောက်ခဲ့ခြင်းမရှိသော နယ်မြေဖြစ်ကာ ၁၈၈၆ ခုနှစ်ကာလများတွင် ဟိန်းခေါ် ကိုးကန့်စော်ဘွားက မြန်မာမင်းလက်အောက်ခံ သိန္နီ စော်ဘွားထံသို့ လက်ဆောင်များ ဆက်၍ နေထိုင်ကြသောဒေသ ဖြစ်ပါသည်။
          ကိုးကန့်စော်ဘွားများ အုပ်ချုပ်စဉ်ကာလတွင် ကုန်းကြမ်းဒေသသည် အိမ်ခြေ ၂ဝ ခန့်သာရှိပြီး ကုန်းကြမ်းဟု အမည် ခေါ်တွင် လာခဲ့ပါသည်။ နယ်ချဲ့အင်္ဂလိပ် အစိုးရလက်ထက်တွင် ကိုးကန့်ဒေသကို နယ်ခြားဒေသ အုပ်ချုပ်ရေးအဖြစ်သာ ထားရှိခဲ့သော  ဒေသဖြစ်ပါသည်။
          'ကုန်း' ဟူသည်မှာ ကုတင်ဖြစ်ပြီး 'ကြမ်း' ဟူသည်မှာ ရွေ့လျားခြင်းဟု အဓိပ္ပါယ်ရ၍ ရွေ့လျားသော ကုတင်မြို့ဟု ဆိုလိုပါသည်။
.
ကျိုင်းတုံမြို့
(ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်)
.
          ကျိုင်းတုံမြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၁၅ မိနစ်နှင့် ၂၁ ဒီဂရီ ၃၅ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၉ ဒီဂရီ ၁၆ မိနစ်နှင့် ၁ဝဝ ဒီဂရီ ၄၅ မိနစ် အကြားတွင် တည်ရှိပြီး အရှေ့မှ အနောက်သို့ ၆၂ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၆၃ မိုင် ရှည်လျားပါသည်။ ကျိုင်းတုံမြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၁၄၆ဝ ဒသမ ၉ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့် ၂၇၁ဝ ပေတွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ကတ် ထိုက်ကျေးရွာအုပ်စုအတွင်းရှိ လွယ်ဖီးတောင် ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၇၅ဝဝ ကျော်ဖြစ်၍ အမြင့်ဆုံး အရပ်ဒေသမှာ လွယ်မွေကျေးရွာအုပ်စုဖြစ်ပြီး အနိမ့်ဆုံး အရပ်ဒေသမှာ ဝပ်ဆောင်းကျေးရွာအုပ်စု ဖြစ်ပါ သည်။
          ကဿပမြတ်စွာဘုရား လက်ထက်တွင် ခဏ္ဍာဝဇီရကို စိုးစံတော်မူသော ဘုရင်မင်းမြတ် နတ်ရွာစံတော်မူပြီးနောက် ဆက်ခံစိုးစံမည့် အနွယ်တော်မရှိဘဲ ဖြစ်နေစဉ် ဂေါပါလ အမည်ရှိသော နွားကျောင်းသားသည် ကျီးတို့၏ ကျေးဇူးကြောင့် ခဏ္ဍာဝဇီရပြည်သို့ ရောက်ရှိပြီး ဘုရင် ဖြစ်လာခဲ့သည်။ ဂေါပါလမင်း အုပ်စိုးစဉ် တိုင်းပြည်ကို ရေလွှမ်းမိုးပြီး ရေအိုင်ကြီး ဖြစ်သွားရာ ဓမ္မိလရေအိုင်ဟု အမည်တွင်ခဲ့လေသည်။ ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် ၄၉ ပါးသော ရဟန္တာများ ခြံရံလျက် ဒေသစာရီလှည့်လည်ခဲ့ရာ ဓမ္မိလရေအိုင် အလယ်တွင်ရှိသော တောင်ကုန်းလေးတစ်ခုပေါ်၌ တောင်ဝှေးတော်ကို စိုက်ထားပြီးနောက် မြတ်စွာဘုရားက ငါကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် မြောက်အရပ်မှ ဈာန်ဖြင့် ကြွလာသော တန်ခိုးကြီး ရသေ့ ၄ ပါးအနက် တုံကရသေ့က ဓမ္မိလရေအိုင်ကြီးကို ရေခမ်း ခြောက်သွားအောင် ပြုလုပ်ပြီးလျှင် မကြာမီ ငါဘုရား၏ သာသနာတော်ထွန်းကားရာ ဒေသတစ်ခုဖြစ်လတ္တံ့ ဟု ဗျာဒိတ်တော် မိန့်ခဲ့လေ၏။ ဂေါတမမြတ်စွာဘုရားရှင်၏ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ် ၅ဝ ကြာသော် မြတ်စွာ ဘုရားရှင်၏ ဗျာဒိတ်တော်ရှိသည့်အတိုင်း ရသေ့ ၄ ပါးမှ ဈာန်ဖြင့် ကြွလာပြီး ဆန္ဒသိကတုံက ရသေ့မှ ရေအိုင်ကြီးအား ခမ်းခြောက်အောင် ပြုလုပ်ခဲ့လေသည်။ 'ကျိုင်းတုံ' ကို ယခင်က 'ဇိန်းတုံ' ဟု ခေါ်ခဲ့သည်။ 'ဇိန်း' ဆိုသည်မှာ တရုတ်ဘာသာမှ လာသဖြင့် 'မြို့' ဟု အဓိပ္ပါယ်ရပါသည်။ 'တုံ'မှာ ဓမ္မိလရေအိုင်ကြီးကို ရေခမ်း ခြောက်အောင် ပြုလုပ်သော တုံကရသေ့ကို အစွဲပြုခေါ်ဆိုခြင်း ဖြစ်သည်။  ထို့ကြောင့် ကျိုင်းတုံကို 'ဇိန်းတုံ'ဟု ကျိုင်းတုံသူ၊ ကျိုင်း တုံသားများက ယခုတိုင် ခေါ်ဝေါ်ရေးသားနေကြခြင်း ဖြစ်ပါသည်။
.
မိုင်းခတ်မြို့
(ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်)
.
          မိုင်းခတ်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃ဝ မိနစ်နှင့် ၂၂ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒီဂရီမှ ၄၅ မိနစ်အကြားတွင် တည်ရှိပါသည်။  အရှေ့မှ အနောက်သို့ ၄၁ မိုင်နှင့် တောင်မှ မြောက်သို့ ၃၂ ဒသမ ၄ မိုင် ရှည်းလျားပါသည်။ မိုင်းခတ်မြို့နယ်၏ဧရိယာ စတုရန်းမိုင်မှာ ၉၇၃ ဒသမ ၃၃ မိုင် ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၂၇ဝဝ ပေတွင် တည်ရှိပါသည်။
          မိုင်းခတ်မြို့နယ်သည် ယခင်တော်လှန်ရေးကောင်စီ မတိုင်မီ ၁၉၆၂ ခုနှစ်အထိ မြို့အဖြစ် ရပ်တည်ခဲ့ခြင်းမရှိဘဲ မိုင်းယန်းမြို့နယ်မှ နယ်ခြားဝန်ထောက်၏ လက်အောက်တွင်သာ တည်ရှိခဲ့ပါသည်။ ၁၉၇ဝ ခုနှစ်မှစ၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ မိုင်းခတ်မြို့နယ်စည်းရုံးရေးကော်မတီကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းအချိန်မှစ၍ ဌာနဆိုင်ရာ အသီးသီး ရုံးဖွင့်လှစ်ခဲ့ပြီးနောက် အခြားမြို့နယ်များမှ ကုန်သည်လူထုများ ရောက်ရှိနေထိုင်လာကြပါသည်။ ပြည်ထဲရေးနှင့်သာ သနာရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ်၊ သြဂုတ်လ ၄ ရက် နေ့စွဲပါ စာအမှတ်၊ ၁ဝ၃ / ၅၇ စိတ် (၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် မိုင်းခတ်မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနရုံး၏ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့စွဲပါ စာအမှတ်၊ ၁ဝ၅ /၄ စိတ် (၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၁၆ ခု သတ်မှတ်ခဲ့ပါ သည်။
.
မိုင်းယန်းမြို့
(ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်)
.
          မိုင်းယန်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ နှင့် ၂၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒီဂရီနှင့် ၁ဝဝ ဒီဂရီ အကြားတွင် တည်ရှိပါသည်။  မိုင်းယန်းမြို့နယ်၏ ဧရိယာမှာ ၁ဝ၄၉ ဒသမ ၆၇ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်  ၃၂ဝဝ ပေ တွင် တည်ရှိ ပါသည်။
          မိုင်းယန်းမြို့သည် သက္ကရာဇ် ၆၂၃ ခုနှစ်တွင် ကျိုင်းတုံမြို့ကို စတင် တည်ထောင်သည့် ကျိုင်းတုံစော်ဘွားကြီးလက် ထက်က မြို့ပျက်တစ်ခုဖြစ်ပြီး ကျိုင်းတုံစော် ဘွားကြီး၏ လက်အောက်ခံ နယ်မြေဒေသတစ်ခု ဖြစ်ခဲ့ပါသည်။ သက္ကရာဇ် ၆၃၃ ခုနှစ်တွင် မိုင်းယောင်းမြို့နယ်၊ မိုင်းကာမှ ရှမ်းအမျိုးအနွယ် ညီအစ်ကို ၆ ယောက်သည် နေထိုင်စားသောက်လုပ်ကိုင်ရန် နေရာမရှိသဖြင့် ကျိုင်း တုံစော်ဘွားထံ လာရောက်ခိုလှုံရာ ကျိုင်းတုံစော်ဘွားက မိုင်းယန်းမြို့သို့ သွားရောက် ရွာတည် နေထိုင်ရန် စေလွှတ်ခဲ့၏။ ၄င်းညီအစ်ကို ၆ ယောက်သည် ကျိုင်းတုံမှ ပြည်သူများနှင့်အတူ အကိုကြီးသည် ဝမ်သာရွာကိုတည်ပြီး ဝမ်မိုင်းရွာအဖြစ် တစ်ဖွဲ့၊ ယမ်းတောင်ရွာအဖြစ် တစ်ဖွဲ့၊ ဝက်ဝံရွာအဖြစ် တစ်ဖွဲ့၊ ဝမ်ပုံလဲရွာအဖြစ် တစ်ဖွဲ့၊ ဒုတိယညီမှာ မိုင်းတိရွာအဖြစ် တစ်ဖွဲ့ တည်ထောင်ခဲ့သည်။ အစ်ကိုကြီးက ညီအစ်ကိုများ ညီညီညွတ်ညွတ် စည်း စည်းလုံးလုံးဖြင့် နေထိုင်သွားကြရန်နှင့် ဒုတိယညီအား မိုင်းတိရွာကို ခိုင်မာတောင့်တင်းအောင် ပြုလုပ်ရန် ပြောဆိုသဖြင့် အဆိုပါရွာကို မိုင်းဆီရွာဟု ခေါ်တွင်ခဲ့ ပါသည်။ ၂ နှစ်ခန့် ကြာသောအခါ ပါစက် ၊ ယမ်းတောင့်၊ နောင်ခုတ်၊ ပန်ကန်း၊ ပန်လင်ထက်မှ 'ဝ' လူမျိုးများ ဆင်းလာပြီး လမ်းတွင် ခေါင်းဖြတ်ကြရာ ရပ်ရွာများ အေးချမ်းခြင်းမရှိဘဲ ဆူပူအုံကြွလာသည်။ ကျိုင်းတုံစော်ဘွား ကြီးသည် မိုင်းယန်း ပြည်သူများကို ခေါ်ယူ၍ သူကြီးချုပ် ၊ တိုက်သူကြီး ၊ ကျေးရွာသူကြီးနှင့် စစ်ဖက် တာဝန်ခံရန် ခွဲ/ထောက် အဆင့်ရှိသူ တစ်ဦးအား တာဝန်ပေးဖွဲ့စည်းခဲ့ပါသည်။
          သို့ဖြစ်ပါ၍ မိုင်းယန်းကျေးရွာများအပြင် တောင်ပေါ် ဒေသမှ လွယ်လများ နေထိုင်သည့် ၁၁ အုပ်စုနှင့် ၁၅ အုပ်စုကို မိုင်းယန်း သို့ခေါ်၍ ၁၁ အုပ်စုကို ယန်းခက်အုပ်စုဟု နာဆိုင်းတွင် စုရပ်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ မိုင်းယန်း၊ မိုင်းလွေသည် မြို့အင်္ဂါရပ်နှင့် ပြည့်စုံလာသဖြင့် မိုင်းယန်းတွင် မြို့စားတစ်ဦး ထားရှိအုပ်ချုပ် ခဲ့ပါသည်။ မိုင်းယန်းမြို့ကို (မိုင်း=မြို့)(ယန်း= နားခိုရာ တစ်ထောက်နားရာ)ဟူသော သမိုင်းရာဇဝင်အရ ညီအစ်ကို ၃ ဦး ကျွဲ၊ မြင်းစီးလာရာမှ တစ်ထောက်နားခိုရာ ဦးတည် အရပ် ဖြစ်ခြင်းကြောင့်  မိုင်းယန်းဟု အဓိပ္ပါယ် ဖွင့်ဆိုကြောင်း သိရပါသည်။
          ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၂၇-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၅/ ၄ / စိတ် (၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅ အုပ်စု၊ ကျေးရွာ ၃၃၄ ရွာဖြင့် မိုင်းယန်းမြို့နယ်ကို ဖွဲ့စည်းခဲ့ ပါသည်။
.
မိုင်းပျဉ်းမြို့
(ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်)
.
          မိုင်းပျဉ်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ နှင့် ၂၉ ဒီဂရီအကြား၊ အရှေ့လောင်တီတွဒ် ၉၂ ဒီဂရီနှင့် ၁ဝ၁ ဒီဂရီအကြားတွင် တည်ရှိပါသည်။ မြို့ နယ်၏ ဧရိယာ အကျယ်အဝန်းမှာ ၂၃၃၁ မိုင် ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၁၈ ပေအမြင့်တွင် တည်ရှိပါသည်။ မြို့နယ်တွင် အမြင့်ဆုံးတောင်မှာ လွယ်ဆီးတောင်ဖြစ်ပြီး အမြင့်ပေ ၇၃၂၉ ပေ ရှိပါသည်။
          မြို့အနီး စီးဆင်းနေသော နမ့်ပင်းချောင်းသည် တောင်မှမြောက်သို့ ပြောင်းပြန်စီးဆင်းနေခြင်းကို အကြောင်းပြု၍ မိုင်းပင်းဟု ခေါ်ဆိုလာခဲ့ရာမှ ကာလရွေ့လျားလာပြီး မိုင်းပျဉ်းဟု အမည်တွင်လာခဲ့ကြောင်း သိရှိရသည်။
          မိုင်းပျဉ်းမြို့ကို ရှမ်းညီနောင် ၄ ဦးဖြစ်ကြသော အိုက်ဆူ၊ အိုက်ရီ၊ အိုက်စံနှင့် အိုက်ဆိုက်တို့ ဦးစီးသော အိမ်ထောင်စုများက ကောဇာသက္ကရာဇ် ၁ဝ၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်ဟု ဆိုပါသည်။
.
မိုင်းဆတ်မြို့
(မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်)
.
          မိုင်းဆတ်မြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီနှင့် ၂ဝ ဒီဂရီ ၂၁ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၉ ဒီဂရီနှင့် ၉၉ ဒီဂရီ ၃၅ မိနစ်အကြားတွင် တည်ရှိပါသည်။  အရှေ့မှ အနောက်သို့ ၄၅ မိုင်နှင့် တောင်မှ မြောက်သို့ ၆၅ မိုင် ရှည်လျားပါသည်။ မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ ၁၉၁ဝ ဒသမ ၆၉ မိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်  အမြင့် ၁၈၇၅ ပေ တွင် တည်ရှိပါ သည်။
          'မိုင်း' ဆိုသည်မှာ ရှမ်းဘာသာစကားအရ ရွာကလေးများကို စုစည်းထားသောရွာစုဟု အဓိပ္ပါယ်ရပြီး ဆတ် ဆိုသည်မှာ ဖျာဟု အဓိပ္ပါယ်ရပါသည်။ သို့ဖြစ် ၍ မိုင်းဆတ်ဆိုသည်မှာ ဖျာကဲ့သို့ ညီညာပြန့်ပြူးသည့် မြေပြန့်လွင်ပြင်ရှိ ရွာစုဟု အဓိပ္ပါယ်ရပါသည်။ မိုင်းဆတ်မြို့သည် ယခင်က မိုးနဲစော်ဘွား လက်အောက် ဖြစ်ခဲ့ရာမှ နောက်ပိုင်းတွင် ကျိုင်းတုံစော်ဘွား လက်အောက်သို့ ကျရောက်ခဲ့ပြီး မြို့ကို မြို့စားများက အစဉ်အဆက် အုပ်ချုပ်လာခဲ့ရာ နောက်ဆုံး မြို့စားအမည်မှာ စဝ်ကော် ဖြစ်ပါသည်။ ၁၇-၄-၁၉၅၉ ရက်နေ့တွင် စော်ဘွားများ အာဏာစွန့်ပြီးနောက် နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်များက အုပ်ချုပ်ခဲ့ ပါသည်။ မိုင်းဆတ်မြို့နယ်ကို ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၄-၈-၁၉၇၂ ရက်စွဲပါ စာအမှတ်၊၁ဝ၃/ ၅၇/စိတ်(၁)ဖြင့် ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂ဝ အုပ်စု၊ ကျေးရွာ ၂၁ဝ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
.
မိုင်းတုံမြို့
(မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်)
.
          မိုင်းတုံမြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၁၇ မိနစ် ၅၁ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၅၃ မိနစ် ၅၄ စက္ကန့်အကြားတွင် တည်ရှိပါသည်။  အရှေ့မှ အနောက်သို့ ၄၅ မိုင်နှင့် တောင်မှ မြောက်သို့ ၃၅ မိုင်ရှည်လျားပါသည်။ မိုင်းတုံမြို့နယ်၏ ဧရိယာ စတုရန်းမိုင်မှာ ၂၅၂၂ ဒသမ ၂၈၅ မိုင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၆၄၈ တွင် တည်ရှိပါ သည်။
          မိုင်းတုံမြို့နယ်သည် မိုင်းတွန်မြို့အဖြစ် ကျိုင်းတောင်း စော်ဘွားကြီး၏ သား ပေါ်မိုင်းထောက်နှင့် ညီအစ်ကို ၃ ဦးတို့မှ သစ္စာရေ သောက်ကာ ခရာစ်နှစ် ၁၇၄၈ ခုနှစ်တွင် တည်ထားပါသည်။ မိုင်းမှာ တိုင်းပြည်ဟု အဓိပ္ပါယ်ရပြီး တွန်မှာ သောက်ခြင်းဖြစ်သဖြင့် သစ္စာရေသောက်၍ တည်သောမြို့ ဖြစ်ပါသည်။ ၁၉၅၃-၁၉၅၄ ခုနှစ်တွင် မိုင်းတွန် အစား မိုင်းတုံမြို့ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
.
တာချီလိတ်မြို့
(တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်)
.
          တာချီလိတ်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၁၉ မိနစ်မှ ၂၁ ဒီဂရီ ၂ဝ မိနစ်အကြား အရှေ့ လောင်ဂျီကျု ၉၉ ဒီဂရီ ၃၄ မိနစ်မှ ၁ဝဝ ဒီဂရီ ၃၉ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၄ ဒသမ ၅ဝ မိုင်၊ တောင်မှ မြောက်သို့ ၂ ဒသမ ၃ဝ မိုင် ရှည်လျားပါသည်။ တာချီလိတ်မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ ၁၃၈၅ ဒသမ ဝဝ မိုင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၂၈၅ တွင် တည်ရှိကာ အမြင့်ဆုံးတောင်မှာ ငွေစေတီတောင် ဖြစ်ပြီး ပင်လယ်ရေမျက်နှာ ပြင်အထက် ၁၈၄၂ ပေတွင် တည်ရှိပါသည်။
          တာချီလိတ်ဟု နာမည်ခေါ်တွင်ရခြင်းမှာ မြန်မာ-ထိုင်းနယ်ခြားဖြစ်သော မယ်ဆိုင်ချောင်းအား ဖြတ်ကူးသည့် ရေဆိပ်တွင် မယ်ဇလီတစ်ပင် ရှိခဲ့သည်ကို အကြောင်းပြု၍ မယ်ဇလီပင်ရေဆိပ် (သို့) တာခီလိတ် (သို့) တာချီလိတ်ဟု ကာလရွေ့လျားလာ သည်နှင့်အမျှ အမည်တွင်ခဲ့ပါသည်။
          ရှေးလူကြီးများထံမှတစ်ဆင့် လေ့လာမှတ်သား ကြားသိချက်များအရ လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့် က တာချီလိတ်မြို့မအတွင်း၌ တလန်(သို့) တလွန် လူမျိုးများ နေထိုင်ကြကြောင်း၊ မြန်မာမင်းများက ယိုးဒယားကို တိုက်ခိုက်ရာ စစ်ချီရာလမ်းကြောင်းတွင် ကျရောက်နေသဖြင့် မြို့၊ ရွာများပျက်စီးကာ ယင်းလူမျိုးစု များသည်လည်း လောပြည်နှင့် ယိုးဒယားဘက်ကမ်းများသို့ ပြောင်းရွှေ့ထွက်ပြေးကြကြောင်း အဆိုရှိခဲ့ပါသည်။
          ဒုတိယကမ္ဘာစစ် မတိုင်မီကာလ၌ ဗြိတိသျှတို့ အုပ်ချုပ်စဉ် တာချီလိတ်မြို့နယ်မှာ ကျိုင်းတုံစော်ဘွားကြီး၏ သားဖြစ်သူ စစ်ကောင်းတိုင်း၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပါသည်။ ၁၉၂၇ ခုနှစ်တွင် တာချီလိတ်မြို့၌ အိမ်ခြေ ၄/၅ အိမ်ခန့်သာ ရှိသေးပြီး ဟောင်လိတ်တွင် မြို့စား ရုံးစိုက်ကြောင်း သိရှိရပါသည်။ ၁၉၆၃ ခုနှစ်တွင် မြို့နေလူအိမ်များ စည်ကားတိုးတက်လာပြီး မြို့စား ရုံးကို တာချီလိတ်မြို့သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရတက်ပြီး ၁၉၆၃ ခုနှစ်မှစ၍ တာချီလိတ်မြို့နယ်တွင် နယ်ခြားခရိုင်ဝန်ရုံး စိုက်၍ ခေတ်သစ်အုပ်ချုပ်ရေးကို အစပြုခဲ့ပါသည်။
.
မိုင်းဖြတ်မြို့
(တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်)
.
          မိုင်းဖြတ်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၄၅ မိနစ်နှင့် ၂၁ ဒီဂရီ ၁၅ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒီဂရီ ၃၅ မိနစ်နှင့် ၁ဝ၁ ဒီဂရီ ၁ဝ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၃၂ ဒသမ ၉၅ မိုင် ရှိပြီး တောင်မှ မြောက်သို့ ၂၆ ဒသမ ၁၃ မိုင် ရှည်လျားပါသည်။ မိုင်းဖြတ်မြို့နယ်၏ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင် ၇၉၆ ဒသမ ၈၃ မိုင်ဖြစ်ပြီး ပင်လယ် ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့် ၁၅ဝ၁ ပေတွင် တည်ရှိပါသည်။
          လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်ခန့်က ဒန္ဘိလလူမျိုးများ အခြေချနေထိုင်ပြီး လူမျိုးစု အကြီးအကဲဖြစ်သူ ကန့်အိုက်အွန် အုပ်ချုပ်ခဲ့ပါသည်။ ၃ နှစ်ခန့်အကြာ ပဒိုးဒီးယားတပ်များ တိုက်ခိုက်၍ ပျက်ဆီးခဲ့ပါသည်။ ယိုးဒယားတပ်မ ဗိုလ်တောက်ကုပေနှင့် အပေါင်းအပါများ နေထိုင်ရာမှ တစ်စတစ်စ လူနေများလာပြီး ကျေးရွာငယ်များ ခွဲထွက် နေထိုင်ခဲ့ပါသည်။ ၄င်းနောက် ၃၈ ယောက်မြောက် ကျိုင်းတုံစော်ဘွား စပ်တောင်ကျောက်အင်တလိုင်း လက်ထက်တွင် မိုင်းဖြတ်မြို့ကို အုပ်ချုပ်သူ တစ်ဦးခန့်အပ်ပြီး ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ် လမ်းမကြီးကို ဖောက်လုပ်ခဲ့ပါသည်။
          ၁၉၄၃ ခုနှစ် ဗြိတိသျှခေတ်တွင် ကျိုင်းတုံနယ် ပိုင်မှ ကြီးကြပ်ပြီး မြို့သမာဓိ ဦးမြင့်က အုပ်ချုပ်ခဲ့ပါ သည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ဂျပန်နှင့် ယိုးဒယားမှ အုပ်ချုပ်ခဲ့ပါသည်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၅ဝ ခုနှစ်အထိ ကျိုင်းတုံစော်ဘွားကြီး စိုင်းဝန်းဆောလ်မှ အုပ်ချုပ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ် နယ်ခြားဒေသ အုပ်ချုပ်ရေးပုံစံသစ်အရ မိုင်းဖြတ် မြို့နယ်ကို တာချီလိတ် ခရိုင်အောက်သို့ ထည့်သွင်း၍ နယ်ခြားမြို့ရုံး စိုက်ခဲ့ပါသည်။ ၁-၁ဝ-၁၉၆၅ ရက်နေ့တွင် နယ်ခြားဖျက်သိမ်းပြီးမှ ပြည်ထဲရေး ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးခဲ့ပါသည်။ မိုင်းဖြတ်မြို့နယ်အဖြစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၄-၈-၁၉၇၂ ရက်စွဲပါ စာအမှတ်၊၁ဝ၃/ ၅၇/ စိတ် (၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းခဲ့ပါသည်။
.
မိုင်းယောင်းမြို့
(တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်)
.
          မိုင်းယောင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၂၅ မိနစ်နှင့် ၂၁ ဒီဂရီ ၄၅ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၁ဝဝ ဒီဂရီ ဝ၅ မိနစ်နှင့် ၁ဝဝ ဒီဂရီ ၃၃ မိနစ်အကြားတွင် တည်ရှိပါသည်။ မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၁၅၃၄ ဒသမ ၇၆၇ မိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၁၈ဝဝ ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ     လွယ်ပန်နောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက်  ၆၆၈၉ ပေ ဖြစ်ကာ အနိမ့်ဆုံးဒေသမှာ  မိုင်းယောင်း ဖြစ်ပါသည်။
          မိုင်းယောင်းမြို့နယ်အား ပါဠိဘာသာအားဖြင့် မယိရင်္ဂ ရဌတုံဟု ခေါ်ဆိုခဲ့ကြောင်း သိရှိရပြီး မြို့တည်နေရာကို မင်္ဂလာဆင် ဝပ်သည့်နေရာတွင် တည်ထောင်ခဲ့ခြင်းဖြစ်၍  ဆင်မင်းမြို့၊ ရှမ်းဘာသာဖြင့် ဝင်းကျန့်မြို့ဟု ခေါ်ဆိုကြောင်း သိရှိရပါသည်။ မိုင်းယောင်းမြို့၏ အဓိပ္ပါယ်မှာ မိုင်းသည် မြို့ဖြစ်၍  ယောင်းသည်  တောင်ယာမီးရှို့၍  လေထဲတွင် လွင့်ပျံကျလာသော ပြာကို ခေါ်ဆိုကြောင်း သိရှိရပါသည်။  
          မိုင်းယောင်းမြို့ကို ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဌာန၏ ၄-၈-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃/ ၅၇/ စိတ် (၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။
.
ဟိုပန်မြို့
('ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်)
.
          ဟိုပန်မြို့နယ်သည်‌ မြောက်လဒ်တ္တီတွဒ် ၂၂ ဒီဂရီ ၅၆ မိနစ် ၃ဝ စက္ကန့်နှင့် ၂၃ ဒီဂရီ ၂၉ မိနစ်၊ ၄ဝစက္ကန့်အကြား အရှေ့လောင်ဂျီကျု ၉၈ ဒီဂရီ ၂၂ မိနစ်၊ ၉ စက္ကန့်နှင့် ၉၉ ဒီဂရီ ဝ မိနစ်၊  ၄ဝ စက္ကန့်အကြားတွင် တည်ရှိပါသည်။ မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ စတုရန်းမိုင် ၂၉၇ ဒသမ ၃ဝ မိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၁၃၃၉ ပေတွင် တည်ရှိပါသည်။
          ဟိုပန်မြို့နယ်သည် တရားဝင်မြို့နယ်တစ်ခု မသတ်မှတ်မီ ကာလအတွင်း ပန်ခွန်စော်ဘွားအုပ်ချုပ်သော (ပန်ခွန်)နယ်ဟု သတ်မှတ်ခေါ်ဝေါ်ပြီး စော်ဘွားစနစ်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ 'ဝ' နယ်မြေ အားလုံးကို (မြန်လွန် ထောက်လုံကျံ) စော်ဘွားကြီး ၉ ဦးဖြင့် အုပ်ချုပ်သော နယ်မြေဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခု ဟိုပန်မြို့နယ်သည် ယခင်မိုင်းတိုင်ခေါ် (မြန်မာ အခေါ်အဝေါ်အားဖြင့် လွင်ပြင်ဒေသကို ဟိုပန်ရွာ၊ ယခု မန်ကောင်းရပ်ကွက်ကို အစွဲပြု၍ ဟိုပန်မြို့ကို ဟိုပန်နယ်ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဟိုပန်ရွာကို ပန်ခွန်စော်ဘွားကြီးများ၏ အုပ်ချုပ်မှုအောက်ရှိ ဖာလင်အမတ်ချုပ်၏ ဆွေမျိုး စဝ်နော်ဖမှ အုပ်ချုပ်ခဲ့ပြီး ၁၉၁၃ ခုနှစ်၊ စော်ဘွားကြီး ကွယ်လွန်ပြီး ၄င်း၏ ဇနီး နန်းစဝ်နန်းပိန်မှ အုပ်ချုပ်ခဲ့သည်။ နန်းစဝ်နန်းပိန်သည် ၁၉၂၅ ခုနှစ်တွင် ကွယ်လွန်သွားသောအခါ ၄င်း၏ ဒုတိယမြောက်သား ဆပ်ခွန်ရိုး(ခ)စပ်ချုံမှ ဆက်လက် အုပ်ချုပ်ခဲ့ပါသည်။
          ဟိုပန်မြို့နယ်သည် အင်္ဂလိပ်အစိုးရ လက်ထက်တွင် နယ်ခြားခရိုင်ဝန်ရုံး စိုက်ခဲ့ပါသည်။ ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နယ်ခြားအုပ်ချုပ်ရေးဌာနကို ဖွဲ့စည်းခဲ့ပါသည်။ ၉-၄-၁၉၆ဝ ရက်မှ ၇-၁-၁၉၆၂ ရက်နေ့အထိ နယ်ခြားခရိုင်ဝန်ရုံး စိုက်ခဲ့၍ ထိုစဉ်က နယ်ခြားခရိုင်ဝန်ရုံးအဖြစ်သာ တာဝန်ထမ်းခဲ့သူမှာ ဗိုလ်မှူးသန်းလှိုင်ဖြစ်၏။ နယ်ခြားအုပ်ချုပ်ရေးကာလတွင် ဟိုပန်မြို့သည် နယ်ခြားဝန်ထောက်ရုံးစိုက်ရာ ဖြစ်ပြီး ၁-၁ဝ-၁၉၆၅ ရက်နေ့တွင် နယ်ခြားဒေသ အုပ်ချုပ်ရေးလက်အောက်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ ၇-၇-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၃ / ၃၆ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဟိုပန်မြို့နယ်ကို ဖွဲ့စည်းခဲ့ပါသည်။
.
မှတ်တမ်း ဖော်ပြနိုင်ခြင်း မရှိသော မြို့နယ်များ
.
          ဖော်ပြပါမြို့နယ်များမှာ ရှမ်းပြည်နယ်အတွင်း၌ တည်ရှိသော မြို့နယ်များဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်တမ်းဖော်ပြနိုင်ခြင်း မရှိသေးပါ။

          (က)    မိုင်းလားမြို့ (ကျိုင်းတုံခရိုင်) ။
          (ခ)     မိုင်းမောမြို့နယ် ('ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)။
          (ဂ)     ပန်ဝိုင်မြို့နယ် ('ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)။
          (ဃ)    နားဖန်းမြို့နယ် ('ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)။
          (င)     မက်မန်းမြို့နယ် ('ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)။
          (စ)     ပန်းဆန်းမြို့နယ် ('ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)။

Journal Download

Photo of three cats