ဆဲဗင်းဇူလိုင် ဆိုတာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆဲဗင်းဇူလိုင် ဆိုတာ



ကျော်လင်းဦး (ရှမ်းပြည်)
.
၁၉၆၂ မတ်လ ၂ ရက်နေ့တွင် အဖက်ဖက်မှ ယိုယွင်းပျက်ပြားလာသော မြန်မာ့နိုင်ငံရေးအခြေအနေ တို့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တပ်မတော်မှ တိုင်းပြည်အာဏာကို လွှဲ ပြောင်းယူခဲ့သည်။ တပ်မတော်မှ ခေါင်းဆောင် ၁၇ ဦး ပါဝင်သည့် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော တော်လှန်ရေးကောင်စီ ၏ အုပ်ချုပ်မှုဖြင့် အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ အာဏာသိမ်းမှုကြီးတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏သား အသက် ၁၇ နှစ်အရွယ် မီမီသိုက်သည် ကျည်ဆန်ထိမှန်၍  သေဆုံးခဲ့သည်မှအပ ချောမောအောင်မြင်သည်ဟု ဆို နိုင်သည်။
.
.
''တော်လှန်ရေးကောင်စီကို တကသ၊ ဗကသ၊ ရကသ၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်မြို့တို့ ရှိ ကျောင်းသား သမဂ္ဂအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် တန်းမြင့်စာမေးပွဲ မေးခွန်းပေါက်ကြားသည့်ကိစ္စ ပေါ်ပေါက်ခဲ့ရာ ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ အရေးယူပုံကို ကျောင်းသားများက မကျေနပ်ကြချေ။ တော်လှန်ရေးကောင်စီသည် အာဏာသိမ်းပြီး များမကြာမီ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုတ်သိမ်းလိုက်သည်။ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းပြီး တပ်မတော်ခေါင်းဆောင်များနှင့် အစားထိုးပြင်ဆင် ဖွဲ့စည်းလိုက်သလို တက္ကသိုလ်ကျောင်း စည်းကမ်းသစ်များ တိုးမြှင့်ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ရာမှ စတင်ပြီးကျောင်းသား ဆန္ဒပြမှုများ စတင်လာတော့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းရာမှ ဆဲဗင်းဇူလိုင်ဟု လူသိများသည့် ကျောင်းသားလှုပ်ရှားမှုကြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။
.
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်၊ ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ လှည့်လည်စီတန်း ဆန္ဒပြနေမှုကို ရဲမှ သေနတ်နှင့်ပစ်ခတ်ပြီး လူစုခွဲခဲ့သည်။ ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ တက္ကသိုလ်နယ်မြေကို နေဝင်မီးငြိမ်း အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ထိုစဉ် စစ်အာဏာသိမ်းသော တော်လှန်ရေးကောင်စီကို လက်ခံသော ကျောင်းသားများရှိသလို ကန့်ကွက်ရှုတ်ချသော ကျောင်းသားများလည်း ရှိ၍ ကျောင်းသားထုကြား၊ ဗကသ ကျောင်းသားများကြား သဘောကွဲလွဲမှုများလည်း ရှိနေပါသည်။ သို့သော် မပြင်းထန်လှ၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လဆန်းမှစ၍ တက္ကသိုလ်အာဏာပိုင်များသည် ကျောင်းသားများ၏ အဆောင်စည်းကမ်းများကို တိုးမြှင့်တင်းကျပ်၍ ထုတ်ပြန်လိုက်သည်။ ထို့အတွက်ကြောင့် တကသ အမှုဆောင် ကျောင်းသားများ အစည်းအဝေးထိုင်၍ အစိုးရနှင့် တက္ကသိုလ်အာဏာပိုင်များကို ကန့်ကွက်သောအားဖြင့် ကျောင်းသားထု ဆန္ဒပြပွဲကို အချိန်အတိုဆုံးနှင့် စည်းကမ်းစနစ်အကျဆုံး ဆန္ဒပြပွဲဖြစ်စေရန် ကျောင်းသားများက စီစဉ်ထားကြသည်။ ထိုသို့ ဆုံးဖြတ်ထားသည့်အတိုင်း ဦးဆောင်သည့် ကျောင်းသားများသည် ဆန္ဒပြ၊ လှုံ့ဆော်၊ ပညာပေးသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အစီအစဉ်အတိုင်း ကျောင်းသားထုကြီးက စနစ်တကျပါဝင်ရန် ရည်ရွယ်ပြီး ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
.
ဇူလိုင်လ ၇ ရက်နေ့တွင် စီစဉ်ထားသည့်အတိုင်း နေ့လည် ၁ နာရီခန့်တွင် တကသအဆောက်အအုံပေါ်တွင် ကျောင်းသားများ ပြည့်လျှံနေသည်။ ထိုစဉ်က တကသ ဥက္ကဋ္ဌကို ဗဆွေလေးမှ မိန့်ခွန်းပြောကြားပြီး တကသ အဆောက်အအုံရှေ့မှစတင်ပြီး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးအထိ အဓိပတိလမ်းမကြီးတစ်လျှောက် လမ်းလျှောက်ဆန္ဒပြကြပါသည်။ ထိုသို့ ဆန္ဒပြရာတွင် ရှေ့ဆုံးမှ ကျောင်းသားများက ကျောင်းသားသမဂ္ဂအလံကို ဖြန့်ကိုင်၍ စနစ်တကျစည်တန်း လှည့်လှည်ဆန္ဒပြ ခဲ့ကြပါသည်။ ''ချုပ်ချယ်မှုတွေ အလိုမရှိ'' ''မတရား စည်းကမ်းတွေ ဖျက်သိမ်းကြ'' ''ကျောင်းသားထု ညီညွတ်ကြ''စသည့် ကြေးကြော်သံတွေကို ကြွေးကြော်ပြီး စီတန်းလှည့်လည်ကြသည်။
.
ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒပြပြီးနောက် လူစုခွဲ၍ မိမိတို့နေထိုင်ရာ အဆောင်အသီးသီးသို့လည်းကောင်း၊ စားသောက်ဆိုင်များသို့လည်းကောင်း၊ အနားယူအပန်းဖြေကြသည်။ ထိုသို့ အနားယူအပန်းဖြေနေချိန်အတွင်း တကသအဆောက်အအုံကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်း၍ ကျောင်းသားများကို စတင်ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ထိုသို့ တကသ အဆောက်အအုံကို ဝိုင်းထားစဉ် တကသ ကျောင်း သားများသည် သထုံကျောင်းဆောင်ဘက်သို့လည်းကောင်း၊ ပါမောက္ခချုပ် ခြံဝန်းထဲသို့လည်းကောင်း  ထွက်ပြေးရသည်။ တချို့လည်း တကသအဆောက် အအုံအတွင်း ကျန်ရှိနေသည်။ တကသအဆောက် အုံကို ဝိုင်းဖမ်းသော အချိန်တွင် တကသဥက္ကဋ္ဌ ကို ဗဆွေလေး အပါအဝင် ကျောင်းသားတချို့ကို ဖမ်းဆီးခဲ့သည်။ ကျောင်းသားများကိုဖမ်းပြီး အနောက်ပိုင်းခရိုင်ရာဇဝတ် တရာသူကြီးမှ ကမာရွတ်အဝိုင်း နယ်မြေကို ပုဒ်မ ၁၄၄ ထုတ်ပြန်၍ တက္ကသိုလ်နယ် မြေအတွင်း နေဝင်မီးငြိမ်းအမိန့်ထုတ်ပြန်ခဲ့သည်။
.
ကျောင်းသားများသည် မြန်မာ့သမိုင်းကြောင်း အရ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်ကာလတစ် လျှောက် ရှေ့တန်းမှ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ကျောင်းသားသမဂ္ဂများကို ဗဟိုပြုပြီး အာဏာရှင်များ၊ နယ်ချဲ့များကို တွန်းလှန်ခဲ့ကြသည်။ ထိုသမဂ္ဂများမှပင် ယနေ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လက်ျာ စသည့် မရေမတွက်နိုင်သည့် သားကောင်းရတနာများကို မွေးထုတ်ပေးခဲ့သည်။ ဗိုလ်အောင်ကျော်၊ အာဏာရှင် ကိုလှရွှေ၊ မြင်းခွာတစ်ချက်ပေါက်ရင် ဗမာပြည်ကြီး မီးဟုန်းဟုန်းတောက်စေရမယ်ဟု နယ်ချဲ့တို့ ကိုတုပြိုင်ခဲ့သော ဗဟိန်း၊ ဗဆွေလို ကျောင်းသား များ၊ ဦးဖေမောင်တင်၊ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးတင်ဧ၊ ဒဂုန်တာရာလို စာပေပညာရှင်များ စသူတို့လည်း သမဂ္ဂ၏အရိပ်အောက်တွင် နားခိုခဲ့ဖူးကြသည်။
.
ရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အအုံဆို သည်က နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး သမိုင်းမှတ်တိုင်ကြီးလည်းဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ထိုသမဂ္ဂ အဆောက် အအုံလုပ်ရန် သူဋ္ဌေးဦးညိုက ငွေကျပ်  ၁၇ဝဝဝ လှူဒါန်းခဲ့သည်။ (ထိုကာလက ရွှေတစ် ကျပ်သားမှ ငွေတစ်ရာ သာပေးရသည်)တိုင်းပြည်၏ သားကောင်းရတနာများကို ထိုအဆောက်အအုံက မွေးထုတ်ပေးခဲ့သည်။ သမိုင်းအစဉ်အလာကြီးခဲ့ သော ထိုအဆောက်အအုံကြီးသည် အာဏာရှင်တို့ ၏ ဖျောက်ဖျက်မှုကို ခံခဲ့ရသည်။
.
ဇူလိုင်လ ၇ ရက်နေ့တွင် တော်လှန်ရေးကောင် စီ၏ မမျှတသည့်လုပ်ဆောင်ချက်များကို ကန့်ကွက်ရန် ကျောင်းသားများ အစည်းအဝေးကို သမဂ္ဂအ ဆောက်အအုံထဲတွင် ကျင်းပခဲ့သည့် ထိုသမဂ္ဂအဆောက်အအုံ ကိုလည်း ''ဒီမိုကရက်တစ်တပ်ဦး''ဟု အမည်ပေးခဲ့သည်။ ဆန္ဒပြမှုများအတွင်း ကျောင်း သားခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ စစ်တပ်သည် တက္ကသိုလ်ဝင်းကြီးတစ်ခုလုံး ကို ဝိုင်းထားသည်။ ကျောင်းသားထုအတွင်း မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူစုခွဲခဲ့ကြသည်။ ထိုနေ့ညတွင် တော်လှန်ရေး ကောင်စီက မာရှယ်လော ထုတ်ပြန်ခဲ့သည်။ ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် သမိုင်း သမဂ္ဂ အဆောက်အအုံကြီးကို ဒိုင်းနမိုက်များဖြင့် ဖြိုချဖောက်ခွဲ ဖျက်ဆီးလိုက်သည်။ တော်လှန်ရေး ကောင်စီမှ ကျောင်းသားများသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရှိသည်။ ထိုအဆောက်အအုံသည် ကွန်မြူနစ်တို့ ပုန်းခိုရာဖြစ်နေသည်ဟု စွပ်စွဲအကြောင်းပြကာ ဖြိုချလိုက်ခြင်းဖြစ်သည်။
.
ကျောင်းသားများ၏ ဇူလိုင် ၇ ရက်နေ့ ဆန္ဒ ပြပွဲ နှိမ်နင်းခံရမှုတွင် ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသား ၁၅ ဦး သေဆုံး၍ ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ခဲ့သော်လည်း ကျောင်းသားများ စုဝေးနေသော ကျောင်းသား သမဂ္ဂအဆောက်အအုံ ၁၉၆၂ ခုနှစ်၊ ဇူလိုင်  ၈ ရက်နေ့ ဖြိုဖျက်ခံရစဉ် ထိုအဆောက်အအုံထဲတွင် ပိတ်မိနေသော ကျောင်းသားများ အများအပြားသေဆုံးခဲ့သည်ဟု ဆိုကြပါသည်။ 7 July အရေးအခင်းတွင် သေဆုံးသူ ၁ဝဝ ကျော်သည်ဟု ဆိုကြသည်။ သမဂ္ဂအဆောက်အအုံသည် အဓိပတိလမ်းကို မျက်နှာစာထားပြီး မန္တလေးအဆောင်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမကြီးသည် ကျောင်းသားလှုပ်ရှားမှုများတွင် အဓိကကျပြီး ထိုလမ်းအဆုံးတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ရှိခဲ့ဖူးသည်။ ယခု ဖျက်ဆီးခံလိုက်ရသော ထိုအဆောက် အအုံနေရာတွင် ဗိုလ်အောင်ကျော် အထိမ်းအမှတ် ကျောက်တိုင်သာ ကျန်တော့သည်။
.
ထိုနေ့မှစ၍ ရန်ကုန်တက္ကသိုလ်ကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်သည်။ ၁၉၆၂ ခုနှစ်၊ သြ ဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းပြန်လည်တက်ခွင့်ရမည့် ကျောင်းသားစာရင်းကို ထုတ်ပြန်ကြေညာ၍ သြဂုတ်လ ၂၇ ရက်နေ့တွင် တက္ကသိုလ်ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသားသမဂ္ဂများအတွက် ရုပ်ပိုင်းဆိုင်ရာအရ အရေးပါလှသည့် သမဂ္ဂအဆောက်အအုံမရှိတော့သော်လည်း ကျောင်းသားတို့၏ အမှန်တရားကို ချစ်မြတ်နိုးမှု၊လွတ် လပ်မှုကို တန်ဖိုးထားမှု သမိုင်းပေးတာဝန်ကို ကျေ ပွန်စွာ ထမ်းဆောင်လိုသည့် စေတနာတို့ကား လက် ဆင့်ကမ်းလာခဲ့သည်။ ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများ ၏ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းများကို အစွဲပြုနေပြီး ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းသည် အစိုးရကို ဆန့်ကျင်ရေးလှုပ်ရှားမှုများဟု ယူဆသည့် အမြင်များသည် တက္ကသိုလ်၏ အုပ်ချုပ်ရေး အာဏာပိုင်များ၊ အစိုးရအဖွဲ့များကြားတွင် ရှိနေဆဲ ဖြစ်သည်။ ဖိနှိပ်သော၊ မမျှတဟု ယူဆသော အစိုး ရအဆက်ဆက်ကို ဆန့်ကျင်သည့် ဖြစ်စဉ်များတွင် ကျောင်းသားများနှင့် သမဂ္ဂများက အဓိကနေရာမှ ပါဝင်ခဲ့ပါသည်။ ခေတ်အဆက်ဆက် အာဏာရှင် များကလည်း ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်မရစေရန် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ချုပ်သူများကို ပြင်းထန်တင်းကျပ်စွာ စေခိုင်းထားပါသည်။ တာဝန် ပျက်ကွက်သည်ဟု ယူဆခံရပါက ပြင်းထန်စွာ အ ရေးယူခြင်းခံရသည်။ ထိုအကြောင်းများက ကျောင်း သားအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများသည် အန္တရာယ်များ၊ စိုးရိမ်ထိတ်လန့်စရာများဟု မြင်နေ ခြင်းများ ရှိနေဆဲပင်၊ အရပ်ဘက်အာဏာပိုင်အဖွဲ့ အစည်းများ၏ စောင့်ကြည့်ခြင်း ခံနေရဆဲပင်။
.
ကျောင်းသားသမဂ္ဂဖြစ်စေ၊ အခြားမည်သည့် သမဂ္ဂဖြစ်စေ ဥပဒေနဲ့အညီ ဖွဲ့စည်းလုပ်ကိုင်နေပါ လျှင် မည်သည့်သံသယမှ မထားသင့်ပါ။ 7 July ဟု ခေါ်သည့် ထိုနေ့ရက်သမိုင်းကိုလည်း ထိတ်လန့် နေစရာ အကြောင်းမရှိပါ။ ယနေ့ရောက်ရှိနေသော ကာလသည် နူးညံ့သိမ်မွေ့လှသော အကူးအပြောင်း ကာလဖြစ်သည်။ အကူးအပြောင်းကာလတိုင်းသည် ပြဿနာဆိုတာရှိစမြဲဟု သဘောပေါက်ကာ တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်းဆွေးနွေးပြီး ကျော်လွှားသွားမည်ဆိုလျှင် လိုချင်သည်။ ပန်းတိုင်ကို မလွဲမသွေ ရောက်ရှိမည်ဟု ယုံကြည်မိပါသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats