၀တၳဳမဟုတ္ပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၀တၳဳမဟုတ္ပါ



မြေခဲတောင် မောင်မောင်ဝင်း
.
ယခုရက်ပိုင်း ဘယ်လိုက ဘယ်လိုဖြစ်သွားသည်မသိ အားကိုးအားထားပြုနေရသော ကျွန် တော်၏ ညာဘက်လက်မောင်းသည် ကျန်းမာရေး မကောင်းဖြစ်နေပါလေ၏။ စာရေးဖို့ ပြုလုပ်တိုင်း နာကျင်မှုနှင့် ကိုက်ခဲမှုတို့ ဖြစ်ပေါ်ခံစားနေရလေရာ ဘယ်လိုမျှ စာရေးမရ ဖြစ်ရပါလေ၏။ 
.
.
သည်တော့ အခြေအနေပေးလျှင် ရွှေညောင်လူငယ်စာကြည့်တိုက်က မဂ္ဂဇင်းငှားလာပေးဖို့ သမီးကို မှာရသည်။ သမီးက ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်းနှင့် ကလျာမဂ္ဂဇင်း နှစ်အုပ်ငှားလာပေးသည်။
.
''လတ်တလော အသစ်တွေက ငှားထားသေးတယ် ဖေဖေရဲ့ နောက်တစ်ခါရမယ်ထင်တယ်။ ဒီနှစ်အုပ်က ဖေဖေ မဖတ်ရသေးဘူးမဟုတ်လား သမီးမငှားတာဘဲ ကြာပြီဥစ္စာ''
.
၂ဝ၁၇ ခုနှစ်ထုတ်များ မဟုတ်သဖြင့် သမီးကကျွန်တော့်ကို အားနာစွာ ပြောရှာသည်။
.
''ရပါတယ် သမီးရဲ့ ဖေဖေ မဖတ်ရသေးပါ ဘူး။ သတင်းစာမှ မဟုတ်တာဘဲ သမီးရာ။ လ ကျော်လည်းဖတ်လို့ ရပါတယ်။ အိုကေ ကြိုက်တယ် သမီး''
.
ငှားလာပေးသော သမီးကသည်တော့မှ ပြုံးသွားရှာသည်။ သမီးပြုံးတော့ ကျွန်တော်ကျေနပ်ရသည်လေ။
.
စာဖတ်ပြီဆိုလျှင် ကျွန်တော်၏ အကျင့်တစ်ခုက မှတ်စုစာအုပ်နှင့် ဘောလ်ပင်တို့ကို အနားမှာ ယူထားကာ စာပေပညာရှင်တို့၏ အဆိုအမိန့်များ နိုင်ငံခေါင်းဆောင်တို့၏ ပြောဆိုစကားသြဝါဒများ ကောင်းနိုးရာရာ စာပိုဒ်များ စသည်တို့ကို အထောက်အထားများဖြင့် ကူးယူမှတ်သားလေ့ရှိခြင်းပင်ဖြစ်သည်။
.
မူလ ရေးမှတ်စဉ်က တစ်အုပ်စ၊ နှစ်အုပ်စ ဖြစ်သော်လည်း ကြာသော် ဟိုထားသည်ထားဗလာ စာအုပ်မှတ်စုများက စွယ်စုံကျမ်းများပမာအတွဲလိုက်တွေ ဖြစ်ကုန်ကြပါတော့သည်။
.
ကွယ်လွန်သူ ကိုစိုးညွန့်(စိုးညွန့် တောင်ကြီး) ကတော့ ကျွန်တော်၏ မှတ်စုအတွဲထူကြီးကို
.
''ကောင်းတယ်ဗျာ နောင်ကျရင် ခင်ဗျားမှတ်စုတွေက ရတနာတန်းဝင်တွေ ဖြစ်သွားမှာသေချာတယ်''ဟု ထောပနာပြုဖူးလေသည်။
.
''တောင်၊ တောင်၊ ညောင်၊ ညောင်၊ ဟိုး'' ဟူသည့် ၅ ရက်ဈေးနေ့များကို ပြောပြမိရာက ကိုစိုးညွန့်လိုချင်သည် ဆိုသဖြင့် ကျွန်တော်ကိုယ်တိုင်ပင် ရှာဖွေကာ ကူးပေးလိုက်ရသေးသည်။
.
တခြားသူများအဖို့ ၅ ရက်ဈေးနေ့များကို မည်သို့မှတ်ကြသည် မသိရသော်လည်း ကျွန်တော်နှုတ်တိုက် ရနေသည့် အမှတ်သညာကတော့ ''တောင်၊ တောင်၊ ညောင်၊ ညောင်၊ ဟိုး''ဟူပဲဖြစ်ပါလေ၏။
.
ပထမ''တောင်''သည် တောင်ကြီးဖြစ်ကာ၊ ဒုတိယ''တောင်''မှာ တောင်နီဖြစ်ပါသည်။ ထို့အတူ ပထမ''ညောင်''မှာ ရွှေညောင်ဖြစ်ပြီး ဒုတိယ''ညောင်''မှာမူ ညောင်ရွှေဖြစ်ပါသည်။ နောက်ဆုံး ''ဟိုး''ကား ဟဲဟိုးဟူ၍ဖြစ်ပါ၏။
.
ထိုအမှတ်သညာကို လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ခန့်ကတည်းက ကျွန်တော် မှတ်မိနေခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့ လုပ်ငန်းဌာနသည် ရွှေညောင်ဝန်းကျင်၌ ရှိနေကြသည်ဖြစ်ရာ ပြက္ခဒိန်၌ ရွှေညောင်ဈေးနေ့ ရက်များကို အစဉ်အမြဲ မှတ်သားခဲ့ရခြင်းဖြင့် ''တောင်၊ တောင်၊ ညောင်၊ ညောင်၊ ဟိုး''ဆိုသည်ကို ထိုစဉ်ကတည်းကပင် ကဗျာတစ်ပုဒ်ပမာ မှတ်မိနေခဲ့ခြင်းဖြစ်ပါသည်။
.
သို့ရာတွင် တောင်ကြီး၊ တောင်နီ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုး ဈေးနေ့များဖြင့် ကြုံကြိုက်တိုက် ဆိုင်စွာ ရှိနေကြသော အခြားမြို့ရွာများကိုကား ထိုစဉ်က ကျွန်တော် မသိရှိခဲ့ပါပေ။ နောက်ပိုင်း စာနယ်ဇင်းတစ်ခုခုမှ ထိုဈေးနေ့များအတွဲကို တွေ့ရသဖြင့် မှတ်စု၌ ကူးယူထားလိုက်ရခြင်းသာ ဖြစ်ပါသည်။
.
ယခုသော် တောင်ကြီးဝန်းကျင်က ၅ ရက်ဈေးနေ့များကို ကမ္ဘောဇတိုင်းသတင်းဂျာနယ်တွင် အပတ်စဉ် ဖော်ပြပေးလျက် ရှိနေပါလေ၏။ ကျွန်တော့်မှတ်စု၌ မပါသေးသည့် မြို့ရွာဈေးနေ့များကို နောက်ဆက်တွဲဖြင့် ထပ်မံဖြည့်စွက်လျက် မှတ်တမ်းတင်ထားရပါ၏။
.
''သြော် ဟုတ်ကဲ့ အဘ ဟုတ်ပါတယ်''
          ''- - - - -''
          ''ရှင် - - ''
          ''သြော် ဟုတ်ပါတယ်၊ ကျွန်မ ဖုန်းနံပါတ် မှန်ပါတယ်။ ဘယ်က ဆက်တာပါလဲရှင်''
          ''- - - - ''
          ''ဟုတ်ကဲ့ ဟုတ်ကဲ့ ပြန်ဆက်လိုက်ပါ့မယ်''
          ''- - - - ''
          ''ကျွန်မအတွက် သတင်းကောင်း၊ ဟုတ်လား အဘ ဟုတ်ကဲ့ ကျွန်မ ပြန်ဆက်လိုက်ပါ့မယ်''
.
စာဖတ်လို့ ကောင်းနေဆဲ၊ ယခင်ရက်များက ကြားဖူးနားဝ မရှိခဲ့သော ဇနီးသည်ထံက ''အဘ'' ဆိုသော ပြောသံကြောင့် ကျွန်တော် စာဖတ်ခြင်းကို နားလိုက်ရပါ၏။
.
.
ပြီးတော့ ဇနီးသည်ကို ''ဘာလဲ''ဟူသော သဘောဖြင့် မေးဆတ်ကာ မေးလိုက်ရသည်။ ဇနီး သည်က အံ့သြဝမ်းသာမှု မျက်နှာထားဖြင့် ကျွန် တော်ကို ''အသာနေ''ဟူ၍ လက်ကာပြ၊ ဟန့်တားလေသည်။
          ''ဟယ်လို ဝ၉ - - - - ကပါလားရှင်''
          ''ဟယ်လို အဘပါလားရှင်''
          ''သြော် အေး ဟုတ်တယ် သမီး အဘပဲပြော သမီးက ဘယ်ကပါလိမ့်''
          ''ဟုတ်ကဲ့ရှင့် စောစောက အဘက ဖုန်းပြန် ဆက်ပါဆိုလို့ သမီးပြန်ဆက်တာပါရှင်''
          ''သြော် အေးအေး ဟုတ်ပြီ အဘက အလုပ် တွေကများတော့ မေ့သွားတယ် သမီးရေ၊ ဆော ရီးပဲ၊ သမီးဖုန်းကို အသံချဲ့ထားသလား ချဲ့ထားရင် တိုးလိုက်ပါ သမီး ကိစ္စက အရေးကြီးလို့''
          ''ရှင်''
          ''အခု အဘပြောမယ့် စကားက ဘေးလူတွေ ကြားလို့ မဖြစ်လို့ သမီးရဲ့''
          ''ဟုတ်ကဲ့ အဘ သမီးအသံချဲ့မထားပါဘူး'' 
.
ဇနီးသည်က ကျွန်တော့်ထံ လှမ်းကြည့်ရင်းက ပြောလိုက်ရာ ကျွန်တော်က ဇနီးထံ ပြေးကပ်ထိုင် ကာ နားထောင်နေလိုက်ပါ၏။
          ''ဒီလို သမီးရ အဘတို့တပ်မှာ ရန်ပုံငွေတွေ သိန်း ၃ဝဝဝ ကျော်ကျော် ပိုနေတာမှာ ပြည်သူတွေ အတွက် ကွန်ပျူတာနဲ့ ကံစမ်းမဲဖွင့်လိုက်တော့ စောစောက သမီးရဲ့ဖုန်းနံပါတ်က အမှတ်စဉ်-၅ အဖြစ်နဲ့ မဲပေါက်တယ်''
          ''ရှင် အဘ ဟုတ်ကဲ့ ဟုတ်ကဲ့''
          ''အဲဒီတော့ အခု ပထမနှစ်မှာ အဘတို့က ကံထူးသူ ၁ဝ ဦးကို အဲဒီ ပိုက်ဆံတွေခွဲဝေပေးမယ်လို့ ဆုံးဖြတ်ထားတာလေ သမီးရဲ့ နိုင်ငံတော်သမ္မတကြီး ကလည်း သဘောတူပြီး အဘကိုပဲ အဖွဲ့ခေါင်း ဆောင်အနေနဲ့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ခွဲဝေပေး ဖို့ ညွှန်ကြားထားတယ်ပေါ့ သမီးရယ်''
          ''ဟုတ်ကဲ့ အဲဒါ သမီးဘယ်လို ဆက်ဆောင်ရွက်ရပါ့မလဲ အဘ အမိန့်ရှိပါဦး''
          ''အေး ဟုတ်ပြီ သြော်နေဦးကွ၊ သမီးက ဘာလဲ၊ ဝန်ထမ်းလား၊ ဘယ်မှာနေတာလဲ၊ အဲဒါကို အရင်ပြောပါဦး''
          ''ဟုတ်ကဲ့ရှင့် သမီးက ဝန်ထမ်းဟောင်းတစ် ဦးပါ။ အခုလောလောဆယ် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ မုံတဝရပ်ကွက်မှာ နေကြပါတယ်''
          ''သြော် ဟုတ်လား၊ ဝန်ထမ်းဟောင်းဆိုတော့ သမီးက အဘထက် အသက်ကြီးမှာပေါ့။ အဘ က လက်ရှိ ဝန်ထမ်းပဲ ရှိသေးတာလေ။ အေးပေါ့လေ ဒါက တာဝန်အရပဲ ဘယ်တတ်နိုင်မှာလဲ၊ မိဘတွေကရော သမီးရဲ့ မိသားစုတွေကရော''
          ဇနီးသည်က သူ့မိဘအမည်များနှင့် သမီးအမည် အလုပ်အကိုင် စသည်တို့ကို အမှန်အတိုင်း ပြောနေပါလေတော့
          ''သမီးရဲ့ အမျိုးသားကလည်း ဝန်ထမ်းအငြိမ်းစားပါပဲ အဘ''
.
သည်တွင် ကျွန်တော်က မှတ်စုစာရွက်လွတ် ၌ ''သမီး အမျိုးသားက မှုခင်းသတင်းတွေ ရေးနေတဲ့ စာရေးဆရာဆိုပြီး ပြောလိုက်ပါ''ဟု ဇနီးသည်ကို ရေးပြလိုက်ရာ ဇနီးသည်က အသာနေဟူ၍ လက်ကာပြ ပြန်ပါ၏။
          ''ဝန်ထမ်းမိသားစု ဆိုပါတော့ ကောင်းတယ်၊ ကောင်းတယ်၊ ဒီကရမယ့် ပိုက်ဆံတွေနဲ့သမီးတို့ လုပ်ချင်တာတွေ လုပ်လို့ရတာပေါ့။ ခုကိစ္စကို သမီးတို့ဌာနမှာရော ကြားမိသေးလား၊အင်း ကြားမိ မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဘတို့ မှာက ပေးတာပေးရတာ၊ မဲနိုက်ပေးရတာမို့ အကုန်လုံးလည်း အသိပေးလို့ မရဖြစ်နေတာ သမီးရဲ့''
          ''ဟုတ်ကဲ့အဘ သမီးသဘောပေါက်ပါတယ်။ သမီး ဆက်လုပ်ရမယ့် ကိစ္စသာပြောပါအဘ''
          ''အေး အဲဒါ ခုပြောမယ်လေ။ ပြောဆို သမီးကို အဘနာမည်တောင် ပြောဖို့ မေ့နေတယ်။ အ ဘက ဗိုလ်မှူး ထ ထ အောင်ပါ။ ဖုန်းနံပါတ်ကတော့ သမီးရဲ့ဖုန်းထဲမှာ ပေါ်နေတဲ့အတိုင်းပေါ့ ဟုတ်ပြီလားသမီး''
.
ကြက်ခြေခတ်ထားသည်မှာ နာမည်ကို သဲသဲကွဲကွဲ မကြားလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ဇနီး သည်ကို နောက်ပိုင်းမေးကြည့်တော့ သူလည်း အောင်ရှေ့က နှစ်လုံးကို မသိလိုက်ဟု ပြောရှာပါသည်။
          ''အဲဒီတော့ သမီးရေ၊ သမီးရရှိမယ့် ငွေက သိန်း ၃ဝဝ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီ ပိုက်ဆံကို အဘတို့က ချက်ချင်းလွှဲပေးလို့ မရဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးဘက်က ပြန်လုပ်ပေးရမယ်။ စည်းကမ်းချက် ကတိကဝတ်တွေ ရှိနေသေးလို့ပဲ။ အဲဒါတွေက ဘာတွေလဲဆိုတော့ သမီးက နီးစပ်ရာဘဏ်မှာ ငွေ ၉ သိန်း အဘဆီ အရင်လွှဲပေးရမယ်''
          ''ရှင် ကိုးသိန်း ဟုတ်လားအဘ သမီးဆီမှာ  ကိုးသိန်းက ဘယ်လိုလုပ် ရှိမှာလဲ။ ဘဏ်မှာသွားထုတ်မှ ဖြစ်မှာအဘရဲ့''
          ''ဟုတ်ပါပြီ။ ထုတ်လိုက်ပေါ့။ လွယ်တယ်မ ဟုတ်လား''
          ''ဘဏ်က တောင်ကြီးမှာဆိုတော့ သမီးတို့ ဆီကနေ လိုင်းကားစီးပြီး သွားရမှာမို့ ၁ နာရီ ကျော်ကျော်ကြာတတ်ပါတယ်။ နောက်ပြီး ဘဏ်မှာ ငွေထုတ်ဖို့ စောင့်ရဦးမှာဆိုတော့ မမှီတော့ဘူးထင်တယ် အဘ''
          ''ဒါတော့ သမီးစဉ်းစားပေါ့ကွယ် အဘတို့ကတော့ သမ္မတရဲ့ လမ်းညွှန်မှုအရ မဲပေါက်တဲ့ သမီး အပါအဝင် ပြည်သူတွေဆီ မြန်မြန်ရောက်ဖို့ လုပ်ပေးနေရတာလေ''
          ''ဟုတ်ကဲ့ အဘ သမီးဆောင်ရွက်ကြည့်ပါဦးမယ်''
          ''အေးပါ အေးပါ သမီးက ဝန်ထမ်းဘဝက လာတာဆိုတော့ လုပ်ထုံးလုပ်နည်းတွေ နားလည် မှာပါ။ နောက်တစ်ခု သမီးကိုမှာချင်တာက သမီးဆီ ပိုက်ဆံတွေ ရောက်တဲ့အခါ နံပါတ်တစ်က ၁၁ သိန်းကို ပရဟိတလုပ်ငန်းတစ်ခုခုမှ လှူရမယ်။ လှူလိုက်တဲ့ အကြောင်းကိုလည်း အဘဆီ အကြောင်းကြားပေးရမယ်။ ၁၁ သိန်း လှူခိုင်းရတာ က သမီးရော၊ အဘတို့ တပ်ရော၊ အဘတို့ နိုင်ငံတော်ကြီးရော ဆယ့်တစ်မီး ငြိမ်းစေချင်လို့ပဲ။ ဟုတ်ပြီလား သမီး၊ ပြီးရင် အဲဒီ ပိုက်ဆံတွေဟာ ငွေမည်းမဟုတ်ဘဲ ငွေဖြူဖြစ်တယ်ဆိုတာကို အဘ က သမီးဆီ ထောက်ခံချက်ပို့ပေးလိုက်မယ်''
          ''ရှင် ဘယ်လို ငွေဖြူ ဟုတ်လား''
          ''ဒါက ဒီလိုပါ သမီးရဲ့၊ သမီးဆီကို သက်ဆိုင်ရာတွေက လာစစ်နေရင် အခက်တွေ့မှာစိုးလို့ အဘ က အဘတို့ဆီက မဲပေါက်တဲ့ ပိုက်ဆံဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာတွေသိအောင် သမီးသိမ်းထား ဖို့ ပြောတာပါ။ နောက်တစ်ခု သမီးကတိပေးရမှာက ဒီလို ဒီလို သမီးဆီ ပိုက်ဆံတွေ ရောက်လာတယ်ဆိုတာကို ဘယ်သူ့ကိုမျှ မပြောရဘူးဆိုတာပဲ ဟုတ်ပြီလား''
          ''ဟုတ်ကဲ့ရှင့် သမီး ကတိပေးပါတယ်''
          ''အေး ဟုတ်ပြီ နောက်ပြီး သမီး ဘာလုပ် ထားရမလဲဆိုတော့ သမီးမှတ်ပုံတင်ရယ်၊ အိမ် ထောင်စုစာရင်းရယ်၊ ဖုန်းပိုင်ဆိုင်သူ စာရွက်တွေကို မိတ္တူဆွဲထားပေးပါ။ နောက်ပြီး အဘဆီပို့တဲ့ ငွေလွှဲချလံကိုလည်း မိတ္တူဆွဲထားပေးပါ။ ဟုတ်ပြီလား၊ သြော် သမီးရေ ပို့ရမယ့် လိပ်စာကို ပြောဖို့ မေ့တော့မလို့ ကဲ သမီးမှတ်လိုက်ဦး သူက အဘရဲ့ တပည့်တစ်ယောက်ပဲ ဇော်ဇော်အောင် ၇/ပခန(နိုင်)ဝဝ၈ထထ ကမ္ဘာကြည်ဘဏ်ခွဲဆိုရပြီ ဟုတ်ပြီလား သမီး''
.
ဝဝ၈ နောက်က ဂဏန်းသုံးလုံးကို ကျွန်တော်က ချန်ထားခြင်းဖြစ်ပါသည်။ ၆ လုံးစလုံး ရယူလို သူများရှိက ပြောပေးရန် အသင့်ဖြစ်ပါသည်။
.
ကတုန်ကယင် ဖြစ်နေသော ဇနီးသည် ဖုန်းပြောနေစဉ်မှာပင် ကျွန်တော်က စာရွက်လွတ်မှာ ဘောလ်ပင်ဖြင့် မဟုတ်ဘူး ညာနေတာဟု ရေးပြလိုက်မိသေးသည်။
.
          ''ဟာ ကိုကလည်း မဖြစ်နိုင်ဘူးနော် ဗိုလ်မှူးရယ်၊ ပြီးတော့ ဖုန်းနံပါတ်တွေ၊ သူတပည့်ရဲ့ မှတ် ပုံတင်နံပါတ်တွေ အတိအကျ ပြောနေတဲ့ဥစ္စာ ပြီးတော့ သိန်း ၃ဝဝ ကြီးများတောင်မှ''
          ''မိန်းမရာ စာရေးဆရာ မိန်းမလုပ်နေပြီး အဲ သလောက်ကြီး မညံ့စမ်းပါနဲ့။ နိုင်ငံတော် ကာကွယ်နေတဲ့ တပ်မှာ ဘယ်လိုလုပ် ပိုက်ဆံတွေက ပိုနေ မှာတုန်း၊ မဖြစ်နိုင်တာ။ ပိုနေပါဦးတော့ ဒီငွေတွေကို ကိုယ်တို့ကို အလကားခွဲပေးပါ့မလား၊ ပေးစရာရှားလို့၊ နောက်ပြီးဘာလဲကွာ ငွေမည်း၊ ငွေဖြူကိစ္စက ဒါလုံးဝမဖြစ်နိုင်တာ နွယ် စဉ်းစားကြည့်စမ်း''
          ''အေးနော် မဲပေါက်လို့ပေးတာ ဘာဖြစ်လို့ ငွေမည်း ဖြစ်နေရမှာလဲ''
          ''မိန်းမရာ အဲဒီအဘဆိုတဲ့ အဘကို ပြန်ပြောရမယ့် စကားတစ်ခွန်း မင်းကျန်သွားတယ် အဲဒါ ဘာလဲသိလား''
          ''ဘာလဲ ကို ပြောစမ်းပါဦး''
          ''အဘရေ ဒါဖြင့်ရင်လည်း သမီးဆီကိုပို့မယ့် ငွေတွေထဲက ၉ သိန်းရယ်၊ လှူရမယ့် ၁၁ သိန်းရယ်ကို အဘနှုတ်ယူထားပြီး ကျန်ငွေတွေပဲ သမီးဆီ အမြန်ပို့ပေးလိုက်ပါဆိုပြီး ပြောလိုက်ရမှာကွ၊ မိန်းမရ ဟား ဟား ဟား''
.
အားလုံးသော ကိစ္စရပ်များ ပြောဆိုပြီး နာရီ ကိုကြည့်လိုက်တော့ ၁ နာရီကျော်သွားပြီး ပြက္ခဒိန် ကို လှမ်းကြည့်လိုက်ပြန်တော့ ယနေ့သည် ၃ဝ- ၆-၂ဝ၁၇ ၊ သောကြာနေ့ဖြစ်သည်။ မနက်ဖြန်ဆိုပါက မှတ်ပုံတင်မထားသော ဖုန်းနံပါတ်များကို မြန်မာ့ဆက်သွယ်ရေးဌာနက ပိတ်သိမ်း၊ဖျက်သိမ်းမည့်နေ့ ဖြစ်ရာ အဘ ဆက်သွယ်သည့် ဖုန်းသည် မှတ်ပုံတင် မထားသော ဖုန်းဖြစ်နေမည်လား၊ မပြောတတ်ပါပေ။
.
သို့ရာတွင်မူ ရိုးအီနေသော လိမ်ညာနည်းတွေ ထဲက တစ်ခုဖြစ်သည့် အဆိုပါကိစ္စအတွက် အောက်ပါ ဖုန်းနံပါတ်ဖြင့် စာဖတ်သူသင့်ထံ ဆက်သွယ်လာပါက မယုံကြည်မိကြစေရန် အလို့ငှာ ဖော်ပြပေးလိုက်ပါသည်။ ဝ၉-၄၂၃၃၈၅၃၁၈ ဖြစ်ပါ၏။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats