ငြိမ်းချမ်းရေးအတွက် အစိုးရတစ်ရပ်တည်း ဆောင်ရွက်၍ မရဘဲ ပြည်သူအားလုံး ပူးပေါင်းပါဝင်ရန်လိုဟု ရှမ်းပြည်နယ်စီမံစီးပွားဝန်ကြီး ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ငြိမ်းချမ်းရေးအတွက် အစိုးရတစ်ရပ်တည်း ဆောင်ရွက်၍ မရဘဲ ပြည်သူအားလုံး ပူးပေါင်းပါဝင်ရန်လိုဟု ရှမ်းပြည်နယ်စီမံစီးပွားဝန်ကြီး ပြောကြား



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ အစိုးရအ ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားပါက အစိုးရတစ်ရပ်တည်းဖြင့် ဆောင်ရွက်၍ မရဘဲ ပြည်သူအားလုံး ပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
.
.
ပြည်နယ်ဝန်ကြီးသည် ဇူလိုင်လ ၁၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ မဟာရဋ္ဌာ ဘိသာမဂရစေတီတော် ဓမ္မာရုံ၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီး က မိမိအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ တာဝန်ပေးချက် အရ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူတို့၏ လိုအပ်ချက်၊ ပြည်သူတို့၏ အသံများကို သိရှိရန် ယခုကဲ့သို့ ကွင်းဆင်း၍ ပြည်သူများနှင့်အတူ လာ ရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိသည် ရှမ်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ကြောင်း၊ ပြည်သူတို့၏ သဘောထားဆန္ဒအမှန်များကို သိရှိနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ ပြောင်းလဲချိန်တန်ပြီဟူသော ဆောင်ပုဒ်အတိုင်း အခု ရေတွင်းတူး၊ အခုရေကြည်သောက်၍ မရကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက အစိုးရတစ်ရပ်တည်းဖြင့် ဆောင် ရွက်၍ မရကြောင်း၊ ပြည်သူအားလုံး  ပါဝင်မှသာလျှင် အောင်မြင်မည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်း ပါက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ လယ်ယာမြေပြဿနာများကိုလည်း ညှိနှိုင်းဖြေရှင်း ဆောင် ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်တွင် အရောင်အသွေးစုံ၊ လူမျိုးစုံနှင့် သဘာ ဝအလှတရားများရှိပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ကြရန်လိုကြောင်း၊ မိမိတို့ အစိုးရ၏ ရည်မှန်းချက်ပန်းတိုင်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားတိုင်းသည် တာဝန်နှင့် ရပိုင်ခွင့်ကို အခွင့်အရေးရှိကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း ဗျူရိုကရေစီ ယန္တရားမှ ဒီမိုကရေစီယန္တရားဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
.
ထို့နောက် လွိုင်လင်-ပင်လုံရှိ ပြည်သူများက သိမ်းဆည်းခံလယ်ယာ မြေကိစ္စများ၊ လမ်း/တံတား၊ ရေမီးနှင့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စများကို ပွင့်ပွင့်လင်းလင်းရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ၊ ဒေသခံပြည်သူများ၊ နိုင်ငံရေးပါတီများ စုစုပေါင်း ၃ဝဝ ဦးခန့်တက် ရောက်ကြကြောင်း သိရသည်။
.
အလားတူ ပြည်နယ်ဝန်ကြီးသည် ဇူလိုင် ၁ဝ ရက်တွင် လင်းခေးမြို့၌ လည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် မိုးနဲ၊ မိုင်းပန်၊ နမ့်စန်မြိုနယ်များ၌လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် လဲချားမြို့၌လည်းကောင်း ဒေသခံပြည်သူများ နှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats