မိုးနဲတွင် စိတ်မနှံ့သူမှ တူမီးဖြင့် ပတ်ခတ်၍ ဒဏ်ရာရသူနှင့် သေဆုံးမှုများ ရှိသော်လည်း ဖမ်းဆီးခြင်း မရှိသေးသဖြင့် ပြည်နယ်လွှတ်တော်သို့ အရေးကြီးအဆိုတင်သွင်းရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲတွင် စိတ်မနှံ့သူမှ တူမီးဖြင့် ပတ်ခတ်၍ ဒဏ်ရာရသူနှင့် သေဆုံးမှုများ ရှိသော်လည်း ဖမ်းဆီးခြင်း မရှိသေးသဖြင့် ပြည်နယ်လွှတ်တော်သို့ အရေးကြီးအဆိုတင်သွင်းရန် စီစဉ်နေ



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဇွန်လ ၂ ရက်၊ ည ၈ နာရီခွဲခန့်က စိတ်မနှံ့သူ တစ်ဦးမှ တူမီးဖြင့် ပစ်ခတ်သဖြင့်
လူ ၃ ဦးဒဏ်ရာရရှိခဲ့ရာ အဆိုပါဒဏ်ရာရသူများအနက်မှ ဒေါ်ပါရွှေသည် မေလ ၅ ရက်က တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံတွင် ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသော်လည်း ၄င်းပြစ်မှုကျူးလွန်သည့် စိတ်မနှံ့သူအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖမ်းဆီးခြင်း မရှိသေးခြင်းနှင့် ပတ်သက်၍ မိုးနဲမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မကြာမီ ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်လွှတ်တော်သို့ အရေးကြီးအဆိုတင်သွင်းရန်အတွက် စီစဉ်နေကြောင်း သိရသည်။

( တူမီးဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသဖြင့် ဆေးကုသမှု ခံယူနေရသည့် စိုင်းထွန်းဦး)

“လူလည်း သေပြီ၊ ရဲတွေကလည်း မဖမ်းသေးဘူး၊ အဲဒီလူသတ်တရားခံရဲ့ အိမ်နောက်ဖက်မှာလည်း စာသင်ကျောင်းရှိနေတယ်၊ တူမီးသေနတ်က တစ်ချက်ပစ်ပြီးရင် နောက်တစ်ခါ ပြန်ပစ်ဖို့ ယမ်းထည့်တာ ၁၅ မိနစ်လောက် ကြာပါတယ်၊ ပြီးတော့ ခြေထောက်ပိုင်း ပစ်ဖမ်းလို့ ရတယ်လို့ ထင်ပါတယ်၊ အရူးကို မဖမ်းမိသေးတာ လူထုက စိုးရိမ်နေကြတယ်၊ လိုအပ်ရင် အခုပြည်နယ်လွှတ်တော်မှာ မေလ ၂ ရက်က ၅ ရက်အထိ လူသတ်တရားခံကို ၀င်ဖမ်းခြင်း မရှိသေးတာကို အရေးကြီးအဆို တင်သွင်းသွားမယ်“ဟု မိုးနဲမဲဆန္ဒနယ်များမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးစိုင်းမွမ်းလိန်နှင့် ဦးစိုင်းမျိုးမြင့်တို့က ပြောသည်။

“တရားခံက စိတ်မနှံ့သူ ဆိုတော့ သူစိတ်ဖောက်နေခိုက် မဲမဲမြင်ရာ ပစ်တဲ့ သဘောရှိနေတယ်၊ သူ့နှစ်ထပ်အိမ်ကို မီးသတ်ပိုက်နဲ့ထိုး၊ ခဲတွေနဲ့ပစ်လုပ်နေပေမဲ့ ထွက်မလာဘူး၊ သူ့မိသားစုတွေကတော့ မရှိတော့ဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ချော့ပြီး စည်းရုံးကြည့်နေတယ်၊ တပ်ဖွဲ့ဝင်တွေလည်း မထိခိုက်အောင်၊ စိတ်ရောဂါသည်လည်း မနစ်နာအောင် အခြေအနေကို စောင့်ကြည့်ပြီး ထိန်းသိမ်းလုပ်ဆောင်နေပါတယ်“ ဟု မိုးနဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က  မေလ ၄ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောကြားထားပြီး ယနေ့တွင် အကြိမ်ကြိမ် ထပ်မံဆက်သွယ်ခဲ့သော်လည်း  ဖုန်းပြန်ဖြေခြင်း မရှိခဲ့ပေ။


မိုးနဲမြို့၊ ပေါ့မိုင်းရပ်ကွက်တွင် နေထိုင်သူ အိန္တချိန့် (၄၀နှစ်)သည် မေလ ၂ ရက် ည ၈ နာရီခွဲခန့်တွင်  အကြောင်း တစ်စုံတစ်ရာမျှမရှိဘဲ တူမီးနှင့် ပစ်ခတ်ခဲ့သဖြင့် စိုင်းထွန်းဦးဆိုသူ၏ ကျောဘက်တွင် ၅ ချက်နှင့် ဒေါ်ပါရွှေ၏ ကျောဘက်တွင် ၈ ချက် ထိမှန်ခံခဲ့ရသည်။ ဒေါ်ပါရွှေသည် လွိုင်လင်ဆေးရုံမှ တောင်ကြီးစ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသနေရာမှ ရရှိသည့်ဒဏ်ရာများဖြင့် မေလ ၅ ရက် သေဆုံးသွားခဲ့ပြီး စိုင်းထွန်းဦးမှာ အေဘီသွေး ၃ ပုလင်း သွင်းထားရပြီး ရရှိသည့် ဒဏ်ရာများ မသက်သာသေးကြောင်း သိရသည်။ ထို့အတူ မေလ ၃ ရက်တွင်လည်း ယင်းတရားခံမှ ထပ်မံပစ်ခတ်မှုကြောင့် စိုင်းဆွမ်စိုင်းဆိုသူ၏ ပုခုံးကို ထိမှန်ခံခဲ့ရကြောင်း  သိရသည်။

Journal Download

Photo of three cats