တောင်ကိုရီးယား ဝန်ကြီးချုပ်ရာထူးအတွက် လီနက်ခ်ယွန်အား လွှတ်တော်က အတည်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကိုရီးယား ဝန်ကြီးချုပ်ရာထူးအတွက် လီနက်ခ်ယွန်အား လွှတ်တော်က အတည်ပြု

တောင်ကိုရီးယားအမျိုးသားလွှတ်တော်က ဝန်ကြီးချုပ် ရာထူးနေရာအတွက် သမ္မတမွန်ဂျေအင် ရွေးချယ်ထားသူ လီနက်ခ်ယွန်အား ထပ်ဆင့်ထောက်ခံ အတည်ပြုခဲ့ကြောင်း ယနေ့သတင်းများအရသိရသည်။
မေ ၃၁ ရက်တွင် လီနက်ခ်ယွန်အား ဝန်ကြီးချုပ်ရာထူးအတွက် ရွေးချယ် ထားမှုကို လွှတ်တော်အမတ်များ၏ ဆန္ဒမဲပေးခြင်းဖြင့် ဆုံးဖြတ်ခဲ့ရာ ထောက်ခံ သူဆန္ဒမဲအရေအတွက်များသည့်အတွက်  လီနက်ခ်ယွန်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်အတည်ပြုခဲ့ခြင်းဖြစ်သည်။
လီနက်ခ်ယွန်သည် ဂျီအိုလာစီရင်စုတောင်ပိုင်း၏ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သည်။ Dong-A IIbo သတင်းစာတွင် အလုပ်လုပ်ခဲ့ပြီး တိုကျိုမြို့၏ တာဝန်ခံသတင်းထောက်တစ်ဦးလည်း ဖြစ်ခဲ့သည့်အပြင် ဥပဒေပြုသူတစ်ဦး အဖြစ်လည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လီနက်ခ်ယွန်သည်  ဂျပန်နှင့်တောင်ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆောင်ရွက်ချက်များ အကောင်အထည် ဖော်ဆောင်မှုကို မြှင့်တင်ပေးသည့် ဥပဒေပြုအဖွဲ့တစ်ဖွဲ့၏ ဒုတိယအကြီးအကဲ ဖြစ်သည့် အတွင်းရေးမှူးချုပ် ရာထူးတာဝန်ကို ထမ်းရွက်လျက်ရှိသည်။

အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် ကိုရီးယားအမျိုးသားလွတ်မြောက် ရေးပါတီ၏ ဥပဒေပြုအမတ် ၁ဝဝ ကျော်က လီနက်ခ်ယွန်အား ဝန်ကြီးချုပ် ရာထူးခန့်အပ်ခြင်းကို ဆန့်ကျင်ခဲ့ကြသည်။ လီနက်ခ်ယွန်အနေဖြင့် အခွန်ရှောင်ခြင်း၊ စစ်မှုထမ်းခြင်းဥပဒေကို သူ့သားက ဖောက်ဖျက်တိမ်းရှောင်ခြင်းတို့ဖြင့် စွပ်စွဲဝေဖန်ခြင်းခံနေရသည်။
အစိုးရအဖွဲ့ဝင်များအား ရာထူးခန့်အပ်မှုတွင် လွှတ်တော်၏ ထောက်ခံ အတည်ပြုခြင်းက အဓိကမကျသော်လည်း အချို့သောရာထူးနေရာများကို လွှတ်တော်တွင် ဆန္ဒမဲခံယူပြီး ဆုံးဖြတ်လေ့ရှိကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးခန့်အပ်မှုနှင့်ပတ်သတ်ပြီး ကန်ကျောင်းဝှာသည် ရေပန်းအစားဆုံးသော ရွေးချယ်ခံထားရသူဖြစ်သည်။ သို့သော် သူ့သမီး၏ ကျောင်းအပ်နှံမှုအတွက် ဝင်ခွင့်ပုံစံလျှောက်လွှာတင်သွင်းရာတွင် မိမိကြိုက်နှစ် သက်သည့် အခြေခံပညာကျောင်းကို ရွေးချယ်တက်ရောက်နိုင်ရေးအတွက် နေရပ်လိပ်စာ မှားယွင်းစာရင်းသွင်းမိခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများမြင့်တက် လျက်ရှိသည်။

Ref - NXK

Journal Download

Photo of three cats