တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရှမ်းမြောက်နမ့်ဆန်သို့ စစ်ဘေးရှောင်များ ရောက်ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရှမ်းမြောက်နမ့်ဆန်သို့ စစ်ဘေးရှောင်များ ရောက်ရှိလာ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေကာ အနီးပတ်ဝန်းကျင်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများသည် နမ့်ဆန်မြို့ပေါ်သို့  ယနေ့ ဇွန်လ ၂၇ ရက်၊ နံနက်က ရောက်ရှိလာကြကြောင်း သိရသည်။

စစ်ဘေးရှောင် ဒေသခံပြည်သူများကို တွေ့မြင့်ရစဉ် (ဓါတ်ပုံ - နယ်​စည်းမခြား၊ ဗြဟ္မစိုရ်​လူမှုအသင်း)
အထက်နမ်လွယ်ရွာမှ ဒေသခံပြည်သူ ၂၆ ဦးမှ နမ့်ဆန်မြို့ ဂိုဏ်းချုပ်ဘုန်းတော်ကြီးကျောင်းသို့ စတင်ရောက်ရှိလာခြင်းဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးသောဘိတကက မိန့်ကြားသည်။

" လွန်ခဲ့တဲ့ ၂ ရက်ကတည်းက တိုက်ပွဲဖြစ်တယ်၊ လက်နက်ကြီးကျည် (၂၂)လုံး ပစ်တာလို့ သိရတယ်၊ ကျည်တွေက ရွာထဲလည်း ကျတယ်၊ ဘုန်းကြီးကျောင်းဘေးလည်း ကျတယ်၊ အားလုံး အရမ်းကြောက်နေကြတယ်၊ ထွက်နိုင်တဲ့သူပဲ ထွက်ခဲ့ရတာ၊ မထွက်နိုင်သေးတဲ့ သူတွေနဲ့ အဆက်အသွယ် ပြတ်နေတယ်၊ ထွက်ပြေးနေရလို့ စီးပွားပျက်၊ ကလေးတွေ ပညာရေးပျက်၊ အားလုံး ပျက်စီးကုန်ပြီ" ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

အထက်မန်လွယ်ရွာမှာ ကျား(၁၇) ဦး၊ မ(၉)ဦး၊ စုစုပေါင်း (၂၆)ဦးဖြစ်ကာ လူကြီး(၁၆) ဦး၊ ကလေး(၁၀)ဦး ပါရှိကာ သီပေါနယ်စည်းမခြားလူမှုကူညီရေးကားနှင့် ရွာမှ ကား(၃)စီးဖြင့် ဇွန်လ ၂၇ ရက်နေ့ နံနက် ၄ နာရီက လမ်းကြောင်းရှောင်လာခဲ့ရကြောင်း အဆိုပါစစ်ဘေးရှောင် ရွာသူရွာသားများကို သွားရောက်ခေါ်ယူခဲ့သည့် တာဝန်ခံ ကိုမျိုးထံမှ သိရသည်။


မန်လန်းနှင့် ပန်တောင်းကြား တိုက်ပွဲများကြောင့် အောက်မန်ငိုင်း၊ အထက်မန်ငိုင်း၊ အောက်ပန်တောင်း၊ အထက်ပန်တောင်း၊ နမ့်လင်း၊ လုံတောက်၊ခင်ခေး၊ မန်လန်းစသည့် ရွာများမှ ရွာသူရွာသားများ ပိတ်မိနေကြပြီး နမ့်လင်းတွင် ၆၀ ခန့်၊
မန်လန်းတွင် ၃၀ ခန့်နှင့် လုံးတောက်တွင် ၁၀ ဦးခန့်ရှိသည်ဟု ခန့်မှန်းထားကြောင်း ကိုမျိုးက ပြောကြားသည်။

စစ်ဘေးရှောင် ဒေသခံပြည်သူများကို တွေ့မြင့်ရစဉ် (ဓါတ်ပုံ - နယ်​စည်းမခြား၊ ဗြဟ္မစိုရ်​လူမှုအသင်း)
တိုက်ပွဲအခြေအနေကို အတိအကျ မသိရသော်လည်း ကွတ်ခိုင်ဘက်တွင်မူ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေကြေထိခိုက်ဒဏ်ရာရမှုများရှိနေသဖြင့် ကွတ်ခိုင်ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်းမှ ဇွန် ၂၆ ရက်တွင် သွားရောက်ကူညီမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။     

Journal Download

Photo of three cats