လားရှိုးစားသုံးသူရေးရာဌာနမှ ဖမ်းဆီးရမိသော စားသုံးရန်မသင့်သည့် တရားမ၀င် တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးစားသုံးသူရေးရာဌာနမှ ဖမ်းဆီးရမိသော စားသုံးရန်မသင့်သည့် တရားမ၀င် တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး



လင်းလင်း (လားရှိုး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တရားမ၀င်တင်သွင်းလာသည့် စားသုံးရန်မသင့်သော စားသုံးကုန်ပစ္စည်းများ မီးရှို့ဖျက်စီးခြင်းကို ဇွန်လ ၂ ရက် မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဌာန အနောက်ဘက်ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ယင်းမီးရှို့ဖျက်စီးခဲ့သော စားသောက်ကုန်ပစ္စည်းများမှာ တရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းလာသည့် ကြက်အသည်းအမြစ် ဖာ ၂၀၀၊ အချိုရည် ၂၃ ဖာ၊ ၀က်အူချောင်း ဖာ ၈၀ တို့ဖြစ်ပြီး ကာလတန်ဖိုး ကြက်အသည်းအမြစ် တစ်ဖာလျှင် ၉၀၀၀ ကျပ်နှုန်း၊ အချိုရည်တစ်ဖာလျှင် ၆၀၀၀ ကျပ်နှုန်း၊ ၀က်အူချောင်း တစ်ဖာလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ကာလတန်ဖိုး ကျပ်ငွေ ၂၅၇၈၀၀၀ ကျပ် မီးရှို့ ဖျက်ဆီးခဲ့ ခြင်းဖြစ်ပြီး လားရှိုးမြို့ရှိ ကုန်သည်စက်မှုအသင်းမှ အကြီးအကဲများနှင့် အသင်းဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ အဖွဲ့ ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်ကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ လားရှိုးမြို့ရှိ သတင်းမီဒီယာအသီးသီးမှ သတင်းထောက်များ၊ စားသုံးသူရေးရာဋ္ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းသန်းနှင့် တာဝန်ရှိသူ ၀န်ထမ်းများ တက်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
.

ယင်းတရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းသော စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများကို မီးရှိုးဖျက်ဆီးခဲ့ခြင်းနှင့်ပတ်သက်၍ လားရှိုးမြို့မဈေးကြီးအနီး နေထိုင်သူ ဦးမောင်လွင်မှ “ဒီစားသောက်ကုန် ပစ္စည်းတွေကို မီးရှိုးဖျက်ဆီးတာ ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော် အနေနဲ့ထောက်ခံတယ်။ ဒါ နည်းနည်းလေးပဲရှိသေးတယ်။ ပမာဏအရပြောရမယ် ဆိုရင် အပုံတစ်ရာပုံ တစ်ပုံလောက် တောင်အခုဖမ်းဆီးအရေးယူ ဖျက်ဆီးလိုက်တာဟာ ရှိမယ်မထင်ပါဘူး။ လက်ရှိလည်းပဲ အဲဒီဝက်အူချောင်းတွေကို ရောင်းနေတာ။ ခုဒီဈေးမှာလည်းရှိတယ်။ ညဈေးမှာ၊ ပန်းခြံတွေထဲမှာ လူစီကားတဲ့နေရာတွေမှာ ကင်ပြီးရောင်းနေကြတယ်။ ကြော်ပြီးရောင်း နေတယ်။  စားနေတဲ့သူတွေလည်းပဲ နေ့တိုင်းစားနေကြတယ်။ သူတို့ ဒီအစာတွေစားသုံးရန် မသင့်ဘူးဆိုတာ မသိကြလို့လည်း ဖြစ်နိုင်တာပေါ့။ ဒီတော့ ဒီအစားအစာတွေက စားသောက်ဖို့ အမှန်တကယ်မသင့်ဘူး။ စားသုံးမိရင် စားတဲ့သူတွေအတွက် အန္တရယ်ဖြစ်စေတယ် ဆိုရင်တော့ ဒီထက်မက ဖမ်းဆီးအရေးယူ ဆောင်ရွက်ဖို့အများကြီး လိုနေပါတယ်လို့ ကျွန်တော့အနေနဲ့ သုံးသပ်ပြောဆိုလိုပါတယ်”ဟု ၄င်း၏ အမြင်ကို ပြောကြားခဲ့သည်။
.
အဆိုပါ စားသောက်ကုန်ပစ္စည်းများကို အရောင်းအ၀ယ်ပြုလုပ်သူ တစ်ဦးဖြစ်ပြီး လက်ရှိဖမ်းဆီးခံရသူ တစ်ဦးမှ “ဒီပစ္စည်းတွေကို မရောင်းရဘူး။ ရောင်းရင်ဖမ်းမယ်ဆိုတာကို ကျွန်မတို့ မသိခဲ့ကြဘူးလေ။ ဘယ်သူကမှလည်း လာမပြောဘူး။ တကယ်လို့ ဒါတွေရောင်းရင် အခုလိုဖမ်းဆီးမယ်၊ ပစ္စည်းတွေကို သိမ်းဆည်းပြီး ဖျက်စီးမယ် ဆိုတာကိုအစကသိခဲ့ရင် ကျွန်မတို့ဘယ်ရောင်းမှာလဲ”ဟု ပြောကြားခဲ့သည်။
.
စားသုံးသူရေးရာဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းသန်းမှ “ကျွန်တော်တို့  စားသုံးရန်မသင့်တဲ့ တဘက်နိုင်ငံကနေ တရားမ၀င်တင်သွင်းလာတဲ့ အစားအသောက်တွေကို လက်တွေ့ အဖွဲ့စုံနဲ့ တရားဝင် ဖမ်းဆီးတယ်။ အခု အဲဒီ ဖမ်းဆီးရမိ ပစ္စည်းတွေကို မီးရှိုးဖျက်ဆီးပါတယ်။ ဒါဟာ စာရွက်စာတမ်းပေါ်မှာ လုပ်နေတာမဟုတ်ဘဲ တကယ့်လက်တွေ့ မြေပြင်မှာ ကွင်းဆင်းလုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ဒီစားသောက်ကုန်တွေကို ရောင်းဝယ်နေသူတွေဟာ တဖြည်းဖြည်းသိလာပြီး ဒီပစ္စည်းတွေကို ရောင်းဝယ်မှုမပြုကြတော့ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့ဟာ ဆက်တိုက်ခုလိုမျိုး ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေမှာဖြစ်လို့ သူတို့အနေနဲ့ ဘယ်လိုမှ ရှောင်လို့လွတ်မှာ မဟုတ်ပါဘူး။ အဲ့ဒီတော့ စီပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တရားဝင်လမ်းကြောင်းအပေါ်ကို ပြန်ရောက်လာနိုင် ကြမယ်လို့ ယူဆပါတယ်”…ဟု ဖမ်းဆီး မီးရှို့ဖျက်ဆီးခဲ့သော စားသုံးရန်မသင့်သည့် တရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ နှင့်ပတ်သက်ပြီး ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats