သမ္မတဟောင်း ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်၏သား ဦးဟန်ယောင်ဝေ ပြည်ဝင်ခွင့် မရတော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သမ္မတဟောင်း ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်၏သား ဦးဟန်ယောင်ဝေ ပြည်ဝင်ခွင့် မရတော့



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း

        မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်ခဲ့သည့် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်၏သားဖြစ်သူ ဦးဟန်ယောင်ဝေမှာ ပြည်ဝင်ခွင့်မရတော့ကြောင်း ၄င်းနှင့် ဆွေမျိုးတော်စပ်သူများထံက သိရသည်။

                                 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဦးဟန်ယောင်ဝေကို တွေ့မြင်ရစဉ် (ဓါတ်ပုံ - အင်တာနက်)

“ဇွန်လ ၅ ရက်၊ ညနေက ညောင်ရွှေအိမ်မှာ ထမင်းလာစားရင်း ဦးလေးက သူ ဗီဇာပိတ်ခံရကြောင်း ပြောတယ်၊ အဝေးကပဲ နိုင်ငံအတွက် ပံ့ပိုးကူညီနိုင်တော့မယ်လို့ ဆိုတယ်၊ နောက်ဆုံးဖြစ်နိုင်တယ်ဆိုပြီး သူနေခဲ့တဲ့ အခုပြတိုက်လုပ်ထားတဲ့ ညောင်ရွှေဟော်ကြီးကို အမှတ်တရ သွားကြည့်ကြသေးတယ်၊ ဒါကတော့ သူအိပ်တာ၊ ဒီမှာဆော့တာ၊ ဒီမှာသူ့အကို ပစ်သတ်ခံရတာ ဆိုပြီး ပြောပြသေးတယ်“ဟု ညောင်ရွှေမြို့နေ ပင်လုံစာချုပ်ရေးထိုးရာတွင် ပါဝင်ခဲ့သူ သာမိုင်ခမ်းစော်ဘွားကြီး၏မြေး စ၀်သာဦးက ပြောသည်။

ဦးဟန်ယောင်ဝေ၏ ပြောကြားချက်အရ ၄င်းဦးဆောင်သည့် EURO-BURMA ORGANIZATION(EBO)အနေဖြင့် ယခု
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်မှုကို ပုဂ္ဂိုလ်အချို့အနေဖြင့် နားလည်မှုလွဲမှားနေသည်ဟု ယူဆနေသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံရှင်းပြနိုင်ရေး တွေ့ဆုံခွင့် တောင်းခံသွားမည်ဖြစ်ကြောင်း၊ ၄င်းအပြင် သူ၏ရုံးမှ ဦးဗစ်တာဗျက်လျှန်ကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးတော့ကြောင်း ဦးစ၀်သာဦးက ဆိုသည်။

EBO သည် NCA လက်မှတ်ရေထိုးထားသည့် အပစ်ရပ်အဖွဲ့ ၈ ဖွဲ့ကို အထောက်အပံ့ပေးလျှက်ရှိသည်ဟု ကြားသိရသော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမနှင့် ဒုတိယအစည်းအဝေးများသို့ တက်ရောက်ခွင့်ရသည်ကို မတွေ့မမြင်ခဲ့ရကြောင်း ၄င်းကပြောသည်။


၎င်း၏အစ်မတော်စပ်သူ တောင်ကြီးမြို့နေ ဒေါ်စ၀်ဟေမာသိုက်သို့ယင်းကိစ္စအားမေးမြန်းရာတွင် ဦးဟန်ယောင်ဝေသည်
ဇွန်လ ၇ ရက်က ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း၊ ရှမ်းသံတော်ဆင့်မှ ၄င်းသို့မေးမြန်းသဖြင့် သတင်းတက်လာသည်ဟု
ထင်ကြောင်း ထိုင်းနိုင်ငံတွင် တစ်ပတ်ကြာ နေထိုင်ပြီးနောက် ၄င်းနေထိုင်ရာ ကနေဒါနိုင်ငံသို့ ပြန်မည်ဟု သိရကြောင်း ဖြေကြားသည်။

အဆိုပါကိစ္စဖြင့် ဦးဟန်ယောင်ဝေ၏ မိတ်ဆွေတစ်ဦဖြစ်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းအောင်မြင့်ခိုင်သို့ ဆက်သွယ်မေးမြန်းရာတွင် Business ဗီဇာ အပိတ်ခံရခြင်းသာဖြစ်ပြီး အလည်အပတ်အနေဖြင့် ခွင့်ပြုထားသည်ဟု သိရကြောင်း ပြောကြားသည်။

ဦးဟန်ယောင်ဝေသို့ တိုက်ရိုက်မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း မရသဖြင့် အလည်အပတ်ဗီဇာကိစ္စအား အတည်ပြုနိုင်
ခြင်းမရှိခဲ့ပေ။ ဦးဟန်ယောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်၏ သားဖြစ်ပြီး၊ ၁၉၆၂ခုနှစ်က တပ်မတော်မှ အာဏာသိမ်းစဉ် အကိုဖြစ်သူ တစ်ဦး ပစ်သတ်ခံရပြီးနောက် မြန်မာနိုင်ငံမှ မိခင်ဖြစ်သူ စ၀်နန်းဟိန်းခမ်းနှင့်အတူ ပြည်ပသို့ထွက်ခွာလာခဲ့ပြီး ယခုအခါ ကနေဒါနိုင်ငံနိုင်ငံတွင် နေထိုင်နေသူဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် တစ်နှစ် တစ်ကြိမ် ဗီဇာဖြင့် လာရောက်လျှက် EBO ၏ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း ယခု ၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်မှစ၍ ပြည်ဝင်ခွင့်ပိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

Journal Download

Photo of three cats